ဒေါက်တာချစ် (၁၉၆၀ ပြည့်နှစ်ဘွဲ့ရ)

 

၁၉၂၄ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်- စိုက်ပျိုးရေးကောလိပ်နှင့် သုတေသနဗိမာန်ကို စိုက်ပျိုးရေးဌာနက မန္တလေးမြို့၌ စတင်ဖွင့်လှစ်ခဲ့သည်။ တက္ကသိုလ်ဝင်တန်း အောင်မြင်သူများကိုလက်ခံ၍ သင်တန်းကာလသုံးနှစ် တက်ရောက်ရပြီး ဒီပလိုမာဘွဲ့ကို အပ်နှင်းသည်။ ပထမဆုံး ကျောင်းအုပ်ကြီးမှာ မစ္စတာဂျေချာလ်တန် ဖြစ်သည်။  ပထမနှစ်တွင် ကျောင်းသူမပါဘဲ  ကျောင်းသားချည်း  ၂၄  ယောက်   တက်ရောက်သင်ကြားပြီး ၁၁ ယောက် ဒီပလိုမာဘွဲ့ရရှိခဲ့သည်။

၁၉၃၃ ခုနှစ်မှ ၁၉၃၇ ခုနှစ် - ကမ္ဘာ့စီးပွားရေးကပ်ဆိုးကြောင့် ကောလိပ်ကျောင်း ပိတ်လိုက်ရသည်။

၁၉၃၈ ခုနှစ် - ရန်ကုန်တက္ကသိုလ်၏ အပေါင်းပါကောလိပ်အဖြစ် ပြန်လည်ဖွင့်လှစ်သည်။   ဥပစာသိပ္ပံ အောင်ပြီးသူကို   လက်ခံသည်။ နှစ်နှစ်သင်တန်းဖြစ်၍ ဘီအက်စ်စီ (စိုက်ပျိုးရေး) ဘွဲ့ကို ချီးမြှင့်သည်။

၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ် -  ဒုတိယကမ္ဘာစစ်ဖြစ်၍ ကျောင်းပိတ်လိုက်ရသည်။

၁၉၄၅ ခုနှစ်မှ ၁၉၄၆ ခုနှစ် - စစ်ပြီးချိန်တွင် ကြားဖြတ်ကောလိပ်အဖြစ် မလှိုင်မြို့စိုက်ပျိုးရေးဥယျာဉ်၌ ဒုတိယနှစ် သင်တန်းသားများကို ဖွင့်လှစ်သင်ကြားပေးသည်။

၁၉၄၇ ခုနှစ် - ရန်ကုန်တက္ကသိုလ်၏ ဖွဲ့စည်းပုံအသစ်ဖြစ်သော (Unitary System) အရ စိုက်ပျိုးရေးကောလိပ်ကို  ရန်ကုန်တက္ကသိုလ် စိုက်ပျိုးရေး မဟာဌာနအဖြစ် မန္တလေးတွင် ပြန်လည်ဖွင့်လှစ်သည်။

၁၉၄၈ ခုနှစ်မှ ၁၉၄၉ ခုနှစ် - တက္ကသိုလ်ဝင်တန်းအောင်ပြီး ကောလိပ်၌နှစ်နှစ်တာ (Pure Science) သိပ္ပံဘာသာတွဲဖြင့် အောင်မြင်ပြီးမှ စိုက်ပျိုးရေးမဟာဌာန (Faculty)၌ နှစ်နှစ်သင်တန်းတက်၍ အောင်မြင်လျှင် စိုက်ပျိုးရေးဘွဲ့ (B.Sc Ag) ကို ပေးသည်။

၁၉၅၅ ခုနှစ်မှ ၁၉၅၆ ခုနှစ် - နှစ်နှစ်သင်တန်းမှ သုံးနှစ်သင်တန်းသို့ တိုးချဲ့သင်ကြားပြီး ဘီအက်စ်စီ (စိုက်ပျိုးရေးဘွဲ့) အပြင် ဘီအက်စ်စီ (ပိုးမွေးမြူရေးဘွဲ့) ကိုလည်း ချီးမြှင့်သည်။

၁၉၅၈ ခုနှစ် - မန္တလေးဥပစာကောလိပ်သည် သီးခြားတက္ကသိုလ်ဖြစ်လာ၍ စိုက်ပျိုးရေးမဟာဌာနသည်  မန္တလေးတက္ကသိုလ် လက်အောက်ခံဖြစ်လာသည်။

၁၉၆၄ ခုနှစ် အောက်တိုဘာ ၁ ရက် - စနစ်သစ်မူဝါဒနှင့်သီးခြားစိုက်ပျိုးရေးတက္ကသိုလ်အဖြစ် ရောက်ရှိလာသည်။ ဆယ်တန်း အောင်မြင်သူကို လက်ခံ၍ ငါးနှစ်သင်တန်းဖြစ်သည်။ (B.Ag) ဘွဲ့ကို ပေးသည်။

၁၉၇၃ ခုနှစ်မှ ၁၉၇၄ ခုနှစ် - ရေဆင်းသို့ စတင်ပြောင်းရွှေ့သည်။ ပထမနှစ်၊ ဒုတိယနှစ် သင်တန်းကို စတင်ဖွင့်လှစ်သည်။

၁၉၇၄ ခုနှစ်မှ ၁၉၇၅ ခုနှစ် - မန္တလေးစိုက်ပျိုးရေးတက္ကသိုလ်၌ နောက်ဆုံးနှစ်နှင့် စတုတ္ထနှစ်ရှိနေပြီး ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင် ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်တို့ရှိနေသည်။

၁၉၇၆ ခုနှစ်မှ ၁၉၇၇ ခုနှစ် - ဒေသကောလိပ်များ ပေါ်ပေါက်လာပြီး ထိုကောလိပ်များမှ အောင်မြင်သူများကို စိုက်ပျိုးရေးတက္ကသိုလ်၌ ပညာဆက်လက်သင်ကြားပြီး စိုက်ပျိုးရေးဘွဲ့ကို ပေးသည်။

၁၉၇၇ ခုနှစ်မှ ၁၉၇၈ ခုနှစ် - စိုက်ပျိုးရေးမဟာသိပ္ပံဘွဲ့ သင်တန်း (M.Agr. Sc) များကို စတင်ဖွင့်လှစ် သင်ကြားခဲ့သည်။

၁၉၉၃ ခုနှစ် စက်တင်ဘာ ၁ ရက် - စိုက်ပျိုးရေးတက္ကသိုလ်သည် ပညာရေးဝန်ကြီးဌာနလက်အောက်မှ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်အောက်သို့ ရောက်ရှိသွားသည်။

၁၉၉၈ ခုနှစ် အောက်တိုဘာ ၁၆ ရက် - စိုက်ပျိုးရေးတက္ကသိုလ် (Institute of Agriculture) မှ ရေဆင်းတက္ကသိုလ် (Yezin Agriculture University) သို့ ပြောင်းလဲသတ်မှတ်ခဲ့ကြောင်း သိရသည်။

စိုက်ပျိုးရေးတက္ကသိုလ်အနေဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်စဉ်စိုက်ပျိုးရေး ပညာရှင်များ မွေးထုတ်ပေးလျက်ရှိရာ ယနေ့အထိ နှစ် ၁၀၀ ကာလအတွင်း စိုက်ပျိုးရေးသိပ္ပံဘွဲ့ (B. Agr. Sc) ၁၂၉၈၃ ဦး၊ ဘွဲ့လွန်ဒီပလိုမာ (Post grad. Dip. Ag. Sc) ၆၅ ဦး၊ မဟာဒဿနဘွဲ့ (M. Phil.) ၁၀ဦး၊ မဟာသိပ္ပံဘွဲ့ (M. Agr. Sc)၆၆၈ ဦး၊ သုတေသနအခြေပြုပါရဂူဘွဲ့ (Ph.D by Research) ခြောက်ဦး၊ ပါရဂူဘွဲ့ (Ph. D) ၇၇ ဦး မွေးထုတ်ပေးခဲ့ကြောင်း သိရ သည်။

ကျွန်ုပ်တို့ ကျောင်းတော်ကြီးသည် အစဉ်အလာကြီးမားပါသည်။ အစဉ်အလာနှင့်အညီ ကျောင်းတော်ကြီးက စိုက်ပျိုးရေးပညာရှင်များကို မွေးထုတ်ခဲ့သည်။ ထိုစဉ်က နိုင်ငံ၏လူဦးရေမှာ ၁၅ သန်းခန့်သာရှိခဲ့ရာမှ ယခုအခါ ၅၄ သန်းရှိနေပြီဖြစ်လို့ ရှေးကလူကြီးများလည်း တာဝန်ကျေခဲ့ကြပါသည်။ ယခုကျွန်ုပ်တို့ခေတ်ရောက်ပြီး ယခင်ပညာရှင်တွေရော ယခုခေတ်လူငယ်ပညာရှင်တွေပါ ပြည်သူ ၅၄ သန်းကျော်အတွက် စားဖို့သာမဟုတ်တော့ဘဲ နိုင်ငံတော်၏ စီးပွားရေးလုပ်ငန်းအတွက်ပါ တာဝန်ယူကြရမည်ဖြစ်ပါသည်။ ယခုလောလောဆယ် တာဝန်ယူကြရမည်က မိခင်ကျောင်းတော်ကြီး၏ နှစ် ၁၀၀ ပြည့် အခမ်းအနားကို ခမ်းနားကြီးကျယ်စွာ (နဝရတ်ရတုထက် မလျော့နည်းအောင်) ဆောင်ရွက်နိုင်ဖို့ လူအား၊ ငွေအား၊ အကြံဉာဏ်အားဖြင့် ကူညီကြမည်ဟု ယုံကြည်နေပါသည်။