မြန်မာ့ပညာရေးသမိုင်းတွင် အစဉ်အလာကြီးမားသည့် ရန်ကုန်တက္ကသိုလ်ကို ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်တွင် စတင်တည်ထောင်ခဲ့ရာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်တွင် နှစ် ၁၀ဝ ပြည့်မြောက်တော့မည် ဖြစ်သည်။
ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်း အမှတ်စတင်ကြောင်း ကြေညာခြင်းအခမ်းအနားကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂ ရက်တွင် ခြိမ့်ခြိမ့်သဲကျင်းပခဲ့ပြီး ရန်ကုန်တက္ကသိုလ် ရာပြည့် အထိမ်းအမှတ်အဖြစ် စာအုပ် ၊ ဈေးရောင်းပွဲတော်၊ ရန်ကုန်တက္ကသိုလ်၏ ဖြစ်တည်မှု သမိုင်းပုံရိပ်များကို ပြသသည့် ရာပြည့် အမှတ်သညာပွဲတော်၊ တက္ကသိုလ်နှင့် ဆက်နွှယ်သော ရုပ်ရှင်ဇာတ်ကားများ၊ စကားဝိုင်းဆွေးနွေးပွဲများ၊ စာပေဟောပြောပွဲများ၊ တေးဂီတဖျော်ဖြေပွဲများကို ကျင်းပ လျက်ရှိသည်။
သမိုင်းစဉ်လာ ကြီးမားခဲ့သည့် ရန်ကုန် တက္ကသိုလ်သည်နိုင်ငံ့ဂုဏ်ဆောင်တက္ကသိုလ် တစ်ခုဖြစ်ရာ ရန်ကုန်တက္ကသိုလ်နှင့် ဆက်နွယ်ပြီး ရေးသားဖော်ကျူးထားသည့် စာပေ၊ ဂီတ၊ ရုပ်ရှင်ပုံရိပ်များကလည်း အများအပြားပင်။
ဘွဲ့နှင်းသဘင်၊ အဓိပတိလမ်း၊ ဂျပ်ဆင်၊ ဦးချစ်လက်ဖက်ရည်ဆိုင်၊ စစ်ကိုင်းလမ်း၊ ပုဂံလမ်း၊ ချစ်သူလမ်းကြား၊ သစ်ပုပ်ပင်၊ အင်းလျားဆောင်အပါအဝင် အဆောင်များ၊ စာကြည့်တိုက် စသည့်ရန်ကုန်တက္ကသိုလ် ၏ ပုံရိပ်များကလည်း အမိတက္ကသိုလ် ရင်ခွင်တွင် ပညာရှာမှီးကြသူ ကျောင်းသားကျောင်းသူများ၏ ရင်ထဲ အမြဲအမှတ်တရ လွမ်းဆွတ် ကြည်နူးဖွယ်ရာများသာ။
ရန်ကုန်တက္ကသိုလ်ကျောင်းတော်ကြီး ကို ကျောင်းသားဟောင်းကြီးများက အစဉ် ထာဝရ လွမ်းဆွတ် သတိတရ ရှိကြသည့်နှယ် လက်ရှိ မျိုးဆက်သစ်များကလည်း ဂုဏ်ယူ မဆုံးရှိကြသည်မှာ ---
ဒေါက်တာဒေါ်ခင်ဆွေမြင့်
မြန်မာစာဌာန ပါမောက္ခဌာနမှူး(ငြိမ်း)
ရန်ကုန်တက္ကသိုလ် မြန်မာစာအဖွဲ့ အချိန်ပြည့်အဖွဲ့ဝင်
ရန်ကုန်တက္ကသိုလ်ဆိုတာ တက္ကသိုလ် တက်ဖူးတဲ့သူတိုင်း ချစ်ကြတဲ့၊ လွမ်းကြတဲ့ ရပ်ဝန်းတစ်ခုပါ။ တက္ကသိုလ်ကြီးက နှစ် ၁၀ဝ ပြည့်လာပြီ။ တော်တော်ကြီးကို ရင့်ကျက်မှု၊ တည်ငြိမ်မှု၊ တည်ကြည်မှုရှိ လာတယ်။ နှစ် ၁၀ဝ ကာလပတ်လုံးမှာ ပညာတတ်မြောက်သူများစွာကို မွေးဖွားပေးခဲ့တယ်။ မွေးဖွားပေးခဲ့တဲ့အတွက်ကြောင့် ပညာတတ်များစွာဟာ နိုင်ငံတော်အတွက် သူတို့စွမ်းအားသန်ရာ နေရာကနေ တာဝန်တွေ ထမ်းဆောင်ကြတယ်။ ကိုယ့်ဘဝ တိုးတက်ရာ တိုးတက်ကြောင်း လုပ်ရင်းနဲ့ နိုင်ငံတော် တိုးတက်ရာ တိုးတက်ကြောင်း တွေလုပ်ကြတယ်။ ရန်ကုန်တက္ကသိုလ် အနေနဲ့ကြည့်မယ်ဆိုရင်၊ ကိုယ့်ကျေးဇူးရှင် ဖြစ်တဲ့အတွက် ဒီတက္ကသိုလ်ကြီး ပိုပြီး ဖွံ့ဖြိုးတိုးတက်အောင် တက္ကသိုလ်ကြီးက တကယ်ကို နိုင်ငံ့အတွက် တန်ဖိုးရှိတဲ့၊ အကျိုး ရှိတဲ့ ပညာတတ်တွေ၊ ကိုယ့်လူမျိုးအတွက် ကိုယ့်နိုင်ငံအနာဂတ်အတွက်၊ ပစ္စုပ္ပန်အတွက် ကောင်းစွာအကျိုးပြု တဲ့သူတွေ မွေးဖွားလာ နိုင်ဖို့အရေးကြီးတယ်။ မွေးဖွားဖို့အတွက် လည်း ကိုယ်ကိုယ်တိုင်က ပါဝင်နိုင်ဖို့အတွက် ကြိုးစားခဲ့တယ်။ ကိုယ်ကိုယ်တိုင်ကျောင်းသူ ဘဝကို ဖြတ်သန်းနေတယ်။ ဆရာမဖြစ်လာ တယ်။ အခုအချိန်ထိ ရန်ကုန်တက္ကသိုလ် လာပြီး ပညာသင်ကြားပို့ချပေးနေတယ်။ တက္ကသိုလ်ကျေးဇူးကို တစ်ဖက်က ဆပ်နေ တာဖြစ်တဲ့အတွက် ရန်ကုန်တက္ကသိုလ်ကြီးကို ဖွံ့ဖြိုးစေဖို့ထွက်ပေါ်လာတဲ့ ကျောင်းသား ကျောင်းသူတွေ တစ်နည်းအားဖြင့် ရန်ကုန်တက္ကသိုလ် အသီးအပွင့်တွေ မွှေးပျံ့သာယာ လှပစိုပြည်စေဖို့ နိုင်ငံတော်ကြီးကို သာယာလှပမွှေးပျံ့စေပြီး ဂုဏ်သိက္ခာရှိအောင် နိုင်ငံတကာက လေးစားတဲ့လူမျိုးတွေဖြစ်အောင် ဝိုင်းဝန်းကြဖို့ ဖြစ်ပါတယ်။
ရန်ကုန်တက္ကသိုလ် နှစ် ၅၀ ပြည့်တုန်းက ကျောင်းသူအဖြစ် ဆုံခဲ့ကြုံခဲ့တယ်။ ၇၅ နှစ် ပြည့်တော့ ဒီတက္ကသိုလ်မှာ ကထိကအဖြစ် တာဝန်ထမ်းဆောင်ခဲ့တယ်။ ၇၅ နှစ်ပြည့် အထိမ်းအမှတ်တုန်းက ရန်ကုန်တက္ကသိုလ် မှာ အများကြီးလုပ်ခဲ့ပါတယ်။ ဆရာမတို့ ကိုယ်တိုင်တာဝန်ယူပြီး လုပ်ခဲ့တယ်။ မြန်မာစာအဖွဲ့ တောင်ငူဆောင်က ယခင် ကျောင်းသားအဆောင် ဖြစ်ခဲ့တဲ့အတွက် ကျောင်းသားဟောင်းတွေကပါ ပါဝင်ပြီး အာစရိယပူဇော်ပွဲတွေ၊ မဂ္ဂဇင်းတွေ ထုတ်ဝေ ခဲ့တယ်။ အမှတ်တရသီချင်းတွေ ထွက်ခဲ့ တယ်။ မြန်မာစာကျောင်းသူတွေရဲ့ ဖျော်ဖြေမှု တွေလည်းရှိတယ်။ အထိမ်းအမှတ်တွေ လုပ်ခဲ့တဲ့ ထူးခြားချက်ကတော့ တောင်ငူဆောင် အနေနဲ့ ကျောင်းသား ကျောင်းသူဟောင်း တွေက မြန်မာစာမိသားစုတွေ စုပေါင်းပြီး ကျွန်းပင်ကြီးတစ်ပင်စိုက်ခဲ့တယ်။ အခုဆိုရင် ကျွန်းပင်ကြီးက ၂၅ နှစ်ပြည့်ခဲ့ပြီ။ ရန်ကုန် တက္ကသိုလ် ၇၅ နှစ်ပြည့် အထိမ်းအမှတ် ကျွန်းပင်စိုက်ခဲ့တယ်။ အခု နှစ် ၁၀ဝ ပြည့် အတွက်လည်း အထိမ်းအမှတ်တွေ လုပ်ကြ ပါလိမ့်မယ်။ ရန်ကုန်တက္ကသိုလ် ပါရဂူ အကြိုတန်းမှာ ဆရာမက ဂန္ထဝင်စာပေနှစ်ရပ် ဖြစ်တဲ့ ဧချင်းနဲ့ ပျို့စာပေနှစ်ရပ်ကို ပို့ချပါ တယ်။ အထိမ်းအမှတ်နှစ်တွေကို ကျော်ဖြတ် ပြီး အထိမ်းအမှတ်တွေနဲ့ စည်ကားဝေဆာပြီး တိုင်းပြည်အတွက် တန်ဖိုးရှိတဲ့ ပညာတတ် တွေ မွေးထုတ်ပေးတဲ့ တက္ကသိုလ်ကြီးဖြစ် စေလို့ ဆုတောင်းမေတ္တာပို့ပါတယ်။
ဦးရာဇာစိုးညွန့်(ဒုတိယညွှန်ကြားရေးမှူး)
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်များဦးစီးဌာန
ကျွန်တော်က ဒီဌာနရောက်တာ မကြာသေးဘူး။ ရှေးဟောင်းမရောက်ခင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်မှာ တွဲဖက်ပါမောက္ခအထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ရန်ကုန် တက္ကသိုလ်နဲ့ ပတ်သက်လို့ အမှတ်တရ တွေကတော့ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်း သဘင် အဆောက်အအုံကြီးကို မြင်တိုင်း နှစ်ခါလွမ်းရတယ်။ ဝိဇ္ဇာသိပ္ပံပေါင်းပြီး မဟာစာမေးပွဲတွေ ရေးဖြေ ဖြေကြရတယ်။ စာမေးပွဲနှင့် ဘွဲ့နှင်းသဘင်ဌာန မော်ကွန်းထိန်းကြီးက ဆရာကြီး ဦးဝင်း ကို ရေးဖြေမစခင် အောင်မောင်း၊ အောင်စည်ရွှမ်းပြီး “မဟာစာမေးပွဲများ စပြီ”လို့ ကြေညာတယ်။ ပြီးရင်လည်း “မဟာစာမေးပွဲများပြီးပြီ”လို့ ကြေညာ တယ်။ ဒါကြောင့်မို့ ဘွဲ့နှင်းသဘင် အဆောက်အအုံမြင်တိုင်း စာမေးပွဲများ ဖြေခဲ့ရတာရယ်၊ ဘွဲ့ယူချိန်ရယ် နှစ်ခါ လွမ်းရတယ်။ ဘွဲ့ယူတိုင်း ကြားခုံထိုးပြီး ယူခဲ့ရတာလည်း မမေ့ဘူး။ ရန်ကုန် တက္ကသိုလ် ဓမ္မာရုံရွှေရတုပွဲ၊ မြန်မာစာ၏ စိန်ရတုအကြို နှစ်(၆၀)ပွဲတွေမှာ ကဏ္ဍ တိုင်းမှာ ပွဲအစအဆုံးနီးပါး ပါဝင်ဆောင် ရွက်ခွင့်ရခဲ့တယ်။ အခု ရန်ကုန်တက္ကသိုလ် ရာပြည့်ပွဲကို ကြုံရပြီ။ ပျော်တယ်။ ကြည်နူးတယ်။ ရွှေတိဂုံအနောက်မုခ် စက်လှေကားတပ်ဆင်ဖို့ အလှူခံတာကို လည်း ဆောင်ရွက်ခဲ့တယ်။ အထူးပြောချင် တာက စာများများ ဖတ်ကြပါ။ ကျေးဇူးတင် ပါတယ်ခင်ဗျာ။ ။
ဒေါက်တာလေးငုံ (ကထိက) မြန်မာစာဌာန၊ ရန်ကုန်တက္ကသိုလ်
ရန်ကုန်တက္ကသိုလ်ကို မြန်မာစာ ဂုဏ်ထူးတန်းနဲ့ စရောက်တယ်။ ပထမနှစ် ဂုဏ်ထူးတန်းတက်တော့ ရန်ကုန် တက္ကသိုလ်မှာ နယ်ပေါင်းစုံက ကျောင်းသား ကျောင်းသူတွေနဲ့ စည်ကားတယ်။ ပျော်စရာကောင်းပါတယ်။ နွေရာသီ ကျောင်းပိတ်ရက်ရောက်ရင် တစ်ယောက် နဲ့ တစ်ယောက်လွမ်းကြတယ်။ အခုလို ဖုန်းတွေ မရှိသေးတော့ စာလေးတွေရေးပြီး လွမ်းကြတာပေါ့။ ကျောင်းဖွင့်မယ့်ရက် ကို မျှော်ကြတာပေါ့။ အဲဒီလိုနေခဲ့ကြရတယ်။ သူငယ်ချင်းတွေစုံရင် ဂျပ်ဆင်၊ အာစီ၊ လိုင်ဘရီ၊ ဘွဲ့နှင်းသဘင်တွေကို သွားကြတယ်။ ဓာတ်ပုံရိုက်ကြရတာ အမော၊ တက္ကသိုလ်ကျောင်းသားဘဝကို ဂုဏ်ထူးတန်းကနေစပြီး ဖြတ်သန်း လိုက်ရတာ၊ မဟာဝိဇ္ဇာတန်းအပြီး ကျူတာ ဖြစ်တော့လည်း ရန်ကုန်တက္ကသိုလ်မှာပဲ တာဝန်ကျတယ်။ နယ်ကိုရောက်ပြီး နောက်တော့ ရန်ကုန်တက္ကသိုလ်မှာပဲ တာဝန်ပြန်ကျတယ်။ ကျွန်မအတွက်တော့ ဒီရန်ကုန်တက္ကသိုလ်က ကိုယ့်အိမ်လိုမျိုး ဖြစ်နေတယ်။ ဒီတက္ကသိုလ်မှာပဲ ပျော်တယ်။ ဒီတက္ကသိုလ်ရဲ့ ဂျပ်ဆင်၊ လိုင်ဘရီ၊ အာစီ၊ အဓိပတိလမ်းဆိုတာတွေက နေ့တိုင်း မြင်နေကျဆိုပေမယ့် ဘယ်တော့မှလည်း ရိုးမသွားဘူး။ ဝတ္ထုတွေ၊ သီချင်းတွေ၊ ကဗျာ တွေတောင် ရေးစပ်လို့၊ ဖွဲ့နွဲ့လို့မကုန်နိုင်တဲ့ အထင်ကရ တက္ကသိုလ်ကြီးပါ။ သီချင်းထဲ ကလိုပဲ မြကျွန်းညိုညို၊ ကွန်းခိုရာတက္ကသိုလ် မှာဆိုတဲ့အတိုင်း စာပေ၊ ဂီတ၊ အနုပညာတွေ နဲ့ ပြည့်နှက်နေတဲ့၊ စုစည်းနေတဲ့တက္ကသိုလ် ကြီး ဖြစ်နေလို့ပါပဲ။
အခုဆိုရင် မြန်မာစာဌာနမှာ နိုင်ငံခြား သားတွေလည်း လာရောက် ပညာသင်ယူ နေကြတယ်။ ဂုဏ်ယူစရာလည်း ကောင်းပါ တယ်။ ဒီတက္ကသိုလ်ကြီးကို တက်ခွင့်ရတဲ့ကျောင်းသား ကျောင်းသူတွေက အမှတ်တွေ မြင့်ကြတယ်။ အိုင်ကျူးရော၊ အီးကျူးရော မြင့်ကြပါတယ်။ စာဖတ်အားလည်း မြင့်ဖို့ လိုပါတယ်။ စာဖတ်စေချင်ပါတယ်။ ကျွန်မတို့ ငယ်ငယ်တုန်းက ဒီတက္ကသိုလ်ကြီးမှာ ပျော်ခဲ့သလို ပျော်စေချင်ပါတယ်။ ကိုယ်ကျင့်တရား ကောင်းကောင်းနဲ့ လွတ်လွတ်လပ်လပ်နဲ့ ကျောင်းသားဘဝကို ရိုးရိုးသားသား သန့်သန့် ရှင်းရှင်းနဲ့ ဖြတ်သန်းကြစေချင်တယ်။ တက္ကသိုလ် နှစ် ၁၀ဝ ပြည့်ဆိုတာ တစ်သက် မှာ တစ်ခါပဲ ကြုံတောင့်ကြုံခဲကြုံရတာပါ။ မြန်မာစာဌာနမှာ စာတမ်းဖတ်ပွဲတွေ၊ စာပေ ဟောပြောပွဲတွေ၊ ပညာရေးပွဲတော်တွေ၊ မြန်မာစာစွမ်းရည်ပြိုင်ပွဲတွေကို နှစ် ၁၀ဝ ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပပေးနေပါတယ်။
ဦးကံဝင်း(ကျောင်းသားဟောင်း)
ကျွန်တော်တို့ တက္ကသိုလ်တက်တုန်းက တစ်နှစ်အပြည့်မတက်ခဲ့ရဘူး။ ကျောင်းပညာရေးက ခြောက်လ တစ်တန်းတက်နေရတယ်။ ကျောင်းသားဘဝက အတန်းအပြည့် မတက်ခဲ့ရတော့ အခုဖွင့်နေတဲ့ ဒီပလိုမာ သင်တန်း တွေကို လာပြီးတက်တာပါ။ ကျောင်းသား ဘဝတုန်းက အတန်းမတက်ကြဘူး။ ကျူတို ရီရယ်တော့ မှန်မှန်ဖြေတယ်။ ကျောင်းထဲမှာပဲ လျှောက်သွားကြတယ်။ ပျော်စရာကောင်း ပါတယ်။ ကျောင်းကင်တင်းတွေမှာ ထိုင်ခဲ့ ရတဲ့ အချိန်တွေက ဘာနဲ့မှမလဲနိုင်ပါဘူး။ ကျောင်းကြီးပိတ်ပြီဆိုရင် ပျော်လည်း ပျော်တယ်။ ကျောင်းကြီးကိုလည်း လွမ်းတယ်။ အခုလည်း တက္ကသိုလ်ရာပြည့် ယာယီ ကော်မတီမှာ ကျောင်းသားဟောင်းအနေနဲ့ လည်း ပါဝင်ထားပါတယ်။
မကြည်ပြာလင်း (နိုင်ငံတကာဆက်ဆံရေး) မဟာတန်း-ပထမနှစ်
ဒီရန်ကုန်တက္ကသိုလ်ကြီးဟာ သမိုင်းဝင် တက္ကသိုလ်ကြီးတစ်ခု ဖြစ်ပါတယ်။ သမီး တို့နှစ်ရဲ့ ရှေ့နှစ်တွေလောက်က ပြန်ပြီး ဖွင့်တာဆိုတော့ သမီးတို့အတွက်တော့ အဖိုးမဖြတ်နိုင်တဲ့ အမှတ်တရတစ်ခု ဖြစ်ပါတယ်။ ဒီတက္က သိုလ်ကြီးကို တက်ခွင့်ရဖို့ ခက်ခဲခဲ့ပါတယ်။ တက္ကသိုလ်ကြီးကလည်း နိုင်ငံတကာအဆင့်မီတဲ့ တက္ကသိုလ်ကြီး ဖြစ်ခဲ့ တဲ့အတွက်ကြောင့် ဒီတက္ကသိုလ်ကျောင်းသူ ဖြစ်ရတဲ့အတွက် များစွာဂုဏ်ယူမိပါတယ်။ သမီးက နယ်ကလာတက်တာ ဖြစ်လို့အင်းလျားဆောင်မှာ နေခွင့်ရပါတယ်။ ပထမနှစ် ကနေပြီးတော့ BA ဘွဲ့ရချိန်အထိ အင်းလျားဆောင်မှာ နေရပါတယ်။ ဆရာမတွေကလည်း မိဘတွေလိုပါပဲ။ ဂရုစိုက်တယ်။ ကျောင်းသူ နဲ့ ဆရာမ ဆက်ဆံရေးမဟုတ်ဘဲ မိဘနဲ့ သားသမီး ဆက်ဆံရေးလိုပါပဲ။ အဆောင် ထမင်းဟင်းတွေကလည်း ကောင်းပါတယ်။ ( တစ်ခါတလေတော့ အိမ်ကိုလွမ်းမိတယ်။ BA ပြီးတော့ Qualified asoosole သီရိဆောင်မှာ နေရတယ်။ အင်းလျားဆောင် နဲ့မတူတဲ့ ခံစားမှုလေးတွေရတယ်။ ညဘက် ဆိုရင် အဆောင်မှာ သီချင်းတွေလာဆိုကြ တယ်။ တက္ကသိုလ်ရာပြည့်ပွဲကြီးလည်း လုပ်နေတယ်။ ဒီမှာ ကျောင်းသူတစ်ယောက် ဖြစ်နေ တဲ့အတွက် အလွန့်အလွန် ပျော်မိပါတယ်။ ဝိဇ္ဇာဘာသာရပ် ဖြစ်တဲ့အတွက် ဝိဇ္ဇာ ကင်တင်းက ဦးချစ်လက်ဖက်ရည်ဆိုင် ကလည်း တစ်ချိန်က နာမည်ကြီးခဲ့ပါတယ်။ ဂျပ်ဆင်တို့၊ အပန်းဖြေရိပ်သာ (RC) ၊ ချစ်သူ လမ်းကြားတို့၊ သစ်ပုပ်ပင်တို့က နာမည်ကြီးခဲ့တယ်။ အခုဆို RC ထဲမှာ အားကစားပွဲတွေ အများကြီး လုပ်နေပါတယ်။ သထုံ အားကစား ကွင်းမှာလည်း ဘောလုံးပွဲတွေ နှစ်စဉ် နှစ်တိုင်း မေဂျာအလိုက်လုပ်ပါတယ်။ အပြင်ကျောင်းတွေနဲ့လည်း ပေါင်းပြီးလုပ်တာ ရှိပါတယ်။
မသုသုကျော့စံ(အင်္ဂလိပ်စာ-ဒုတိယနှစ်)
တက္ကသိုလ်ရာပြည့်လည်း ရောက်တော့မယ်။ ကိုယ်က ရန်ကုန်တက္ကသိုလ်ကျောင်းသူဖြစ်တဲ့အတွက် အလွန်ပျော်ပါ တယ်။ တက္ကသိုလ်ထဲမှာ မေဂျာအလိုက် အနုပညာဖျော်ဖြေရေးတွေ လုပ်တယ်။ ကစားပွဲတွေလုပ်တယ်။ စွမ်းရည်ပြိုင်ပွဲ တွေလုပ်တယ်။ အဲဒီလိုတွေလုပ်တဲ့အတွက် ကျောင်းသူ ကျောင်းသားဘဝ အမှတ်တရ လည်းဖြစ်တယ်။ နှစ် ၁၀ဝ ပြည့် ပွဲတွေမှာ ပါဝင်ခဲ့ရင် နောင်တစ်ချိန် ပြန်ကြည့်တဲ့ အခါမှာ တက္ကသိုလ်ကြီးကို ပြန်ပြီးအမှတ် တရဖြစ်ခဲ့မယ်။ သမီးကတော့ ကျောင်းမှာ ကင်တင်းတွေလိုက်ထိုင်တယ်။ ပြီးရင် RC ထဲမှာ ပွဲတွေလိုက်ကြည့်တယ်။ သမီးက အင်းလျားဆောင်ကနေ ကျောင်းတက်ပါ တယ်။ ညဆိုရင် အဆောင်ရှေ့မှာ အင်းလျား အဆောင်သူလေးရယ် သီချင်းဆိုကြတာ တွေရှိတယ်။ သမီးက ရှမ်းပြည်က လာတက် တာပါ။ ဒီတက္ကသိုလ်ကြီးကို တက်ချင်တဲ့ အတွက် ၁၀ တန်းကတည်းက ကြိုးစားခဲ့ ရပါတယ်။ သမီးက အင်္ဂလိပ်စာမှာ ဂုဏ်ထူးပါ ခဲ့တယ်။ ရန်ကုန်မှာလာပြီး ဝင်ခွင့်စာမေးပွဲ ဖြေခဲ့ရတယ်။ အဲဒီကနေ လူစစ်ပြီး ပြန်ရွေးထားတာပါ။ ဆရာမတွေက စာသင်တဲ့အခါမှာ သေချာသင်တယ်။ ကျူရှင်ဆိုတာမရှိဘူး။ ဒါကြောင့် ကျောင်း မှန်မှန်တက်ရတယ်။ ကျောင်းတက်မှ ကိုယ်က စာလိုက်နိုင်မှာ။ ဒီကျောင်းကို တက်ဖို့အတွက် အမှတ်တွေမြင့်ဖို့လို တယ်။ ဒီတက္ကသိုလ်ကြီးက မြန်မာနိုင်ငံမှာ ပထမဆုံးဖွင့်တဲ့ တက္ကသိုလ်ကြီးဖြစ် တာကြောင့် နောက်တက်မယ့် မောင်လေး၊ ညီမလေးတွေ ကြိုးစားပြီး တက်စေချင်တယ်။ အလွန်ပျော်ဖို့ကောင်းတယ်။ တက္ကသိုလ်ဆိုတာ ဒီဟာကို ပြောတာပဲ။
မင်းဗညးဇော် မြန်မာစာ-ဒုတိယနှစ်
ကျွန်တော်က ပထမနှစ်တုန်းက ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေမှာ တက်ခဲ့ပါတယ်။ အခု ရန်ကုန် တက္ကသိုလ်ကြီးမှာ ဒုတိယနှစ်တက်နေပါတယ်။ အခု နှစ် ၁၀ဝ ပြည့်ကိုလည်း ဆုံရတယ်။ ကျွန်တော်က မြန်မာစာ ကျောင်းသားဖြစ်တဲ့အတွက် နာမည်ကြီးစာရေးဆရာကြီးတွေနဲ့ ခဏ ခဏဆုံရလို့ အလွန်ဂုဏ်ယူမိပါတယ်။ အားကစားပွဲတွေမှာလည်း ဝင်ရောက် ယှဉ်ပြိုင်ပါတယ်။ သူငယ်ချင်းတွေနဲ့ တက္ကသိုလ်ရဲ့ အထင်ကရ နေရာတွေကို ဓာတ်ပုံရိုက်တယ်။ ဒီတက္ကသိုလ်ကြီး တက်ချင်တဲ့အတွက် ၁၀ တန်းတုန်းက အထူးကြိုးစား ခဲ့ရပါတယ်။ အမှတ်မီဖို့အတွက် မြန်မာစာဘာသာရတဲ့အတွက် ဝမ်းသာခဲ့ပါတယ်။ ဒီတက္ကသိုလ်ကြီးမှာ လွတ်လပ်မှုရှိတယ်။ ငယ်ဘဝရဲ့ စတင်တဲ့ နေရာလေးလည်း ဖြစ်တဲ့အတွက် နောက်လာမယ့် ညီလေးညီမလေးတွေကို ဒီတက္ကသိုလ်ကြီးမှာလာတက်ဖို့ ဖိတ်ခေါ် ပါတယ်။
တွေ့ဆုံမေးမြန်း - ရီရီမြင့်၊ ဥမ္မာသန့်
ဓာတ်ပုံ-ဇော်မင်းလတ်