တက္ကသိုလ်မောင်ရူပ 

(ယမန်နေ့မှအဆက်) 

ဂျပန်နိုင်ငံရဲ့ မီးရထားအကြောင်းပြောကြရင် ရှင်ကန်ဆန်လို့ခေါ်ကြတဲ့ အမြန်ရထားပြေးဆွဲမှု ကလည်း အဓိကအခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ရှင်ကန်ဆန်အမြန်ရထားတွေဟာ ဂျပန် နိုင်ငံရဲ့ ရထားသမိုင်းမှာ ကြီးမားတဲ့အပြောင်းအလဲတွေကို ဖော်ဆောင်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ စိတ်ဝင်စားစရာအချက်က  ဒီအမြန်ရထားတွေ တည်ဆောက်ဖို့  စတင်ကြံစည်ခဲ့တဲ့အချိန်က ဂျပန်နိုင်ငံဟာ နယ်မြေသစ်တွေ ချဲ့ထွင်နေတဲ့ ၁၉၃၉ ခုနှစ်မှာ ဖြစ်ပါတယ်။ မူလအစီအစဉ်အရ တစ်နာရီကို ကီလိုမီတာ ၂၀၀ အထိ မောင်းနှင်နိုင်မယ့် ရထားလမ်းကို ဂျပန်နိုင်ငံ၊ ဟွန်ရှူးကျွန်းကနေ အာရှတိုက်ကမ်းခြေအထိ ကိုရီးယားကျွန်းဆွယ် ကနေတစ်ဆင့် ပင်လယ်ရေအောက်လမ်းကြောင်းကနေ ပြေးဆွဲဖို့ ရည်ရွယ်ခဲ့တယ်လို့  သိရပါတယ်။ အာရှကမ်းခြေအထိရထားပြေးဆွဲဖို့ အစီအစဉ်ကို ဂျပန်နိုင်ငံဟာ ၁၉၄၄ ခုနှစ်မှာ စွန့်လွှတ်ခဲ့ပေမယ့် ပြည်တွင်းမှာ ပြေးဆွဲနိုင်ဖို့အတွက် Japan National Railways (JNR) ကုမ္ပဏီက ဂျပန်နိုင်ငံ သားအင်ဂျင်နီယာ Hideo Shima က ဆက်လက်ဆောင်ရွက်ခဲ့ပါတယ်။

ရထားတွေရဲ့ ဖခင်ကြီးတွေလို့တောင် တင်စားခေါ်ဝေါ်

Hideo Shima နဲ့ JNR ကုမ္ပဏီရဲ့ ဥက္ကဋ္ဌ Shinji Sogo တို့ဟာ ဂျပန်နိုင်ငံမှာ ရှင်ကန်ဆန် အမြန် ရထားတွေ လက်တွေ့ပြေးဆွဲနိုင်ဖို့ ကြိုးပမ်းအကောင်အထည်ဖော်ခဲ့တဲ့သူတွေဖြစ်လို့ ရှင်ကန်ဆန် အမြန်ရထားတွေရဲ့ ဖခင်ကြီးတွေလို့တောင် တင်စားခေါ်ဝေါ်ကြပါတယ်။ သူတို့နှစ်ဦးဟာ အရှိန်ပြင်းပြင်းနဲ့ရထားတွေ မောင်းနှင်ရာမှာ ရထားစီးနင်းသူတွေ အန္တရာယ်ကင်းရှင်းစေဖို့ လိုအပ်တဲ့ နည်းပညာပိုင်းဆိုင်ရာ အဆင့်မြင့်လိုအပ်ချက်တွေကို ဖော်ဆောင်ပေးခဲ့ကြပါတယ်။ အမြန်ရထားရဲ့ အဆင့်မြင့် အလိုအလျောက်ထိန်းချုပ်စနစ်တွေ၊  ရထားတွဲတွေအတွင်း လိုအပ်တဲ့ လေဖိအားပေးအပ်မှုစနစ်တွေအတွက် နည်းပညာတွေကို သူတို့နှစ်ဦးဟာ ဦးဆောင်ဖော်ထုတ် နိုင်ခဲ့ပါတယ်။ 

သို့သော်လည်း သူတို့ရဲ့ ကြိုးပမ်းမှုတွေဟာ လွယ်ကူခဲ့တာမဟုတ်ဘဲ စီမံချက် အကောင်အထည်ဖော်နေစဉ် သတ်မှတ် ဘတ်ဂျက်ထက်ကျော်လွန်ဆောင်ရွက်ခဲ့လို့ နှစ်ဦးစလုံး ၁၉၆၃ ခုနှစ် မှာ JNR ကုမ္ပဏီကနေ နုတ်ထွက်ခဲ့ကြရပါတယ်။ ဒါပေမယ့် ရထားစီးခရီးသည်တွေရဲ့ လုံခြုံစိတ်ချရမှုအတွက် လိုအပ်တဲ့နည်းပညာတွေ ဖော်ထုတ်ပေးနိုင်ခဲ့မှုအပေါ် သူတို့အနေနဲ့ ကျေနပ်အားရခဲ့ကြတယ်လို့ သိရပါတယ်။

ရှင်ကန်ဆန်အမြန်ရထားတွေကို ဂျပန်နိုင်ငံတွင်း စတင်ပြေးဆွဲနိုင်ခဲ့တာဟာ ၁၉၆၄ ခုနှစ် အောက်တိုဘာ ၁ ရက်မှာ ဖြစ်ပါတယ်။ အဲဒီနေ့ဟာ ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ကမ္ဘာ့အိုလံပစ်အားကစားပြိုင်ပွဲတွေကို ဖွင့်လှစ်ဖို့ ၁၀ ရက်အလိုမှာ ဖြစ်ပါတယ်။ ဒီလို နည်းပညာသစ်ဆန်းတဲ့ ရှင်ကန်ဆန်ရထားနဲ့ ကမ္ဘာ့အိုလံပစ်တို့ကို အချိန်ကိုက်ဆောင်ရွက်ခဲ့ခြင်းဖြင့် ဂျပန်နိုင်ငံဟာ နိုင်ငံတကာမျက်နှာစာကို အသွင်သစ်နဲ့ ပြန်လည် ဝင်ရောက်လာတယ်လို့ ဖော်ကျူးပြသလိုက်တာဖြစ်တယ်လို့ အဲဒီအချိန်က သတင်းစာဆရာတွေက သုံးသပ်ရေးသားခဲ့ကြပါတယ်။ ဂျပန်နိုင်ငံရဲ့ သမိုင်းကြောင်းမှာ အထင်ကရ အမှတ်အသားတစ်ခုဖြစ်တဲ့ ရှင်ကန်ဆန်ရထားတွေဟာ ရထားပြေးဆွဲမှုသမိုင်း မှာလည်း လုံခြုံစိတ်ချရမှုစံချိန်ကို ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ အခုဆိုရင် ရှင်ကန်ဆန်အမြန်ရထား လမ်းကြောင်းတွေဟာ နိုင်ငံရဲ့ မြောက်ဘက်အကျဆုံး ဟော့ကိုင်းဒိုးကျွန်းနဲ့ တောင်ဘက်အစွန်ဆုံး ကျူးရှူးကျွန်းအထိ ဖောက်လုပ်နေပြီဖြစ်ပါတယ်။ ရှင်ကန်ဆန် အမြန်ရထားအပြင် maglev လို့ခေါ်တဲ့ သံလိုက်ဓါတ်သတ္တိစွမ်းအားနဲ့မောင်းနှင်တဲ့ အမြန် ရထားတွေလည်းရှိလာပြီ ဖြစ်ပါတယ်။ 

ဒါကြောင့် ဂျပန်နိုင်ငံရဲ့ ရထားပို့ဆောင်မှုဟာ နိုင်ငံတွင်းမှာ ပြည်သူတွေရဲ့ သွားလာလှုပ်ရှားမှုနှုန်း (mobility rate) မြင့်မားမှု၊ ကုန်စည်သယ်ယူ ပို့ဆောင်မှု (logistics)၊ ဆက်သွယ်မှုတွေအပြင် နိုင်ငံရဲ့ စီးပွားရေးအပေါ် များစွာအထောက်အကူပြုစေခဲ့တာ တွေ့မြင်နိုင်ပါတယ်။ သို့သော်လည်း ဂျပန်နိုင်ငံရဲ့  ရထားပြေးဆွဲမှုလုပ်ငန်းတွေဟာ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေနဲ့လည်း ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။ လောလောဆယ်အနေနဲ့ ၂၀၁၉ ခုနှစ် အကုန်ပိုင်းကနေ စတင်ဖြစ်ပေါ်ခဲ့တဲ့ ကိုဗစ်- ၁၉ ကူးစက်ရောဂါ  ဖြစ်ပွားမှုနဲ့အတူ တစ်ဆက်တည်းဖြစ်ပေါ်လာတဲ့နိုင်ငံတွင်း အရေးပေါ် အခြေအနေ (State of emergency) သတ်မှတ် ကြေညာခဲ့မှုကြောင့် ပြည်သူတွေရဲ့ ခရီးသွားလာမှု လျော့ကျလာမှုနဲ့အတူ ဝင်ငွေလျော့ကျလာမှုကို ကြုံတွေ့နေရပါတယ်။ ရေရှည်စိန်ခေါ်မှုတွေအနေနဲ့ နိုင်ငံတွင်း လူဦးရေလျော့နည်းလာမှုနဲ့ ပုဂ္ဂလိက မော်တော်ယာဉ် ဝယ်ယူပိုင်ဆိုင်မှုနှုန်းထားတွေ တိုးတက်များပြားလာမှုတွေဟာ ရထားပြေးဆွဲမှု လုပ်ငန်းအနာဂတ်အတွက် စိုးရိမ်ဖွယ်ရာတွေ ဖြစ်ပါတယ်။

လူမှုဘဝတွေကို စုစည်းပေါင်းစုံပေးတဲ့ ပလက်ဖောင်းတွေ ဖော်ဆောင်ပေးလျက်ရှိ

ဒါကြောင့် ရထားပြေးဆွဲမှုလုပ်ငန်းမှာ စီးပွားရေး ပုံစံသစ် (New business model)တွေ ထပ်မံ ဖော်ထုတ်ဖို့ကိုလည်း ဂျပန်နိုင်ငံမှာ စတင်စဉ်းစား ဆောင်ရွက်လာကြပြီ ဖြစ်ပါတယ်။ လက်ရှိ အချိန်မှာတော့ ဂျပန်နိုင်ငံရဲ့ ဘူတာရုံတွေဟာ ရထားစီးဖို့သက်သက်ဆိုတာမျိုးမဟုတ်ဘဲ လူမှုဘဝတွေကို စုစည်းပေါင်းစုံပေးတဲ့ ပလက်ဖောင်းတွေ(Platforms for connected lifestyles) ဖြစ်တယ်ဆိုတဲ့ အယူအဆကို ဖော်ဆောင်ပေးလျက်ရှိပါတယ်။ တစ်နည်းအားဖြင့် ဘူတာရုံတွေဟာ ပြည်သူတွေ၊ ထုတ်ကုန်ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေကို စုစည်းပေါင်းစပ် ပေးထားတဲ့ဆုံမှတ် (hub) တွေ ဖြစ်ပါတယ်။ ဒါကြောင့် ဂျပန်နိုင်ငံရဲ့ ရထားပြေးဆွဲမှုလုပ်ငန်းတွေဟာ နိုင်ငံရဲ့ပြုပြင်ပြောင်းလဲမှုသမိုင်းကြောင်း၊ လူမှု ဆက်ဆံရေးသမိုင်းကြောင်းမှာ အဓိကအရေးပါတဲ့ နေရာကနေ ပါဝင်ခဲ့တာကို တွေ့မြင်နိုင်ပါတယ်။ 

တစ်ဆက်တည်း ရထားပြေးဆွဲမှုလုပ်ငန်းဟာလည်း စတင်ပြေးဆွဲခဲ့တဲ့ ၁၈၇၂ ခုနှစ်ကနဲ့စာရင် များစွာ ပြောင်းလဲခဲ့ပါတယ်။ ၁၈၇၂ ခုနှစ်မှာ ရှင်ဘာရှိဘူတာမှာ ရထားစီးမယ့် ခရီးသည်တွေ လန်ချားပေါ်က ဆင်းလာကြတဲ့ပုံစံနဲ့ ယနေ့မျက်မှောက်ရှင်ဘာရှိ ဘူတာပုံစံတို့ဟာ လုံးဝကွဲပြားခြားနားနေပြီ ဖြစ်ပါတယ်။ ဒီကနေ့ကနေ နောက်နှစ်ပေါင်း (၁၀၀) လောက် ကြာလာတဲ့အချိန်မှာလည်း ရထားပြေးဆွဲမှု စီးပွားရေးပုံစံတွေ ဘယ်လိုပြောင်းလဲလာမလဲ ဆိုတာ နိုင်ငံရဲ့ ပြည်တွင်းဖြစ်ပေါ်မှု လက္ခဏာများ၊ နည်းပညာဆိုင်ရာ တိုးတက်ပြောင်းလဲမှုများနဲ့ ချိန်ဆပြီး ပြုပြင်ပြောင်းလဲသွားကြရမှာ ဖြစ်တယ်လို့ ဂျပန်နိုင်ငံ JR Groupမ ရဲ့ အကြီးဆုံးလုပ်ငန်းဖြစ်တဲ့ JR East ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က သုံးသပ်ပြောကြားခဲ့ ပါကြောင်း တင်ပြလိုက်ရပါတယ်။   ။

ရည်ညွှန်း-Where Japan’s railways stand after 150 years of evolution by Tim Hornyak (Japan Times Newspaper) 8-10-2022