လွန်ခဲ့သော နှစ်ပေါင်း ၇၀ကျော်က မည်သူမည်ဝါဟု ဖော်ထုတ်ခဲ့ခြင်းမရှိသေးသည့် အိုကီနာဝါစီရင်စုအတွင်း ဒုတိယကမ္ဘာစစ်ပွဲအတွင်းမှ ရုပ်ကြွင်းများအတွက် မျိုးရိုးဗီဇ စစ်ဆေးမှု(DNA) ကို ဂျပန်နိုင်ငံက တိုးချဲ့လုပ်ဆောင်မည်ဖြစ်သည်။
ဒုတိယကမ္ဘာစစ်ပွဲအတွင်း ပြင်းထန်သော စစ်မြေပြင်တစ်ခုဖြစ်ခဲ့သည့် အိုကီနာဝါစီရင်စုတွင် လူပေါင်း ၁၈၇၀ဝ၀ ၏ ရုပ်ကြွင်းကို တွေ့ရှိခဲ့သော်လည်း ရုပ်ကြွင်းအနည်းငယ်ကိုသာ မည်သူမည်ဝါ ဖော်ထုတ်ခဲ့သည်။
လူမှုဖူလုံရေးဝန်ကြီးဌာနက တည်နေရာ ၁၀ ခုတွင် တွေ့ရှိခဲ့သည့် ရုပ်ကြွင်းများ DNA စစ်ဆေးမှုကို လွန်ခဲ့သော နှစ်နှစ်ကတည်းက စတင်ဆောင်ရွက်ခဲ့သည်။
ရုပ်ကြွင်းများကို ဒုတိယကမ္ဘာစစ်အတွင်း သေဆုံးခဲ့သူ ဆွေမျိုး ၃၀ဝခန့်၏ DNA နမူနာများနှင့် နှိုင်းယှဉ်ခဲ့သော် လည်း ကိုက်ညီမှုမရှိခဲ့ပေ။
ဧပြီလအတွင်း လူပေါင်း ၇၀ဝ ခန့်၏ မီးသဂြိုဟ်မှုမပြုရသေးသော ရုပ်ကြွင်းများနှင့် အိုကီနာဝါရှိ အောက်မေ့ဖွယ် မျှော်စင်များ၌ ထိန်းသိမ်းထားသည့် ရာနှင့်ချီသော ရုပ်ကြွင်းများအတွက် DNA စမ်းသပ်မှုများ လုပ်ဆောင်မည် ဖြစ်သည်။
လူမှုဖူလုံရေးဝန်ကြီးဌာနက ဒုတိယကမ္ဘာစစ်အတွင်း သေဆုံးခဲ့သည့်ဆွေမျိုးများ၏ DNA နမူနာများပေးပို့ရန် တိုက်တွန်းလျက်ရှိသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်
