နေပြည်တော် မတ် ၂၆
၂၀၂၅ ခုနှစ် မတ်လ ၂၇ ရက်နေ့ တွင်ကျရောက်သည့် နှစ် (၈၀) ပြည့် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား တက်ရောက်ရန် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ ခေတ္တတည်းခို နေထိုင်လျက်ရှိသည့် တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့သော အငြိမ်းစား တပ်မတော်အရာရှိကြီးများနှင့် ဇနီးများအား ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ တို့က သွားရောက်တွေ့ဆုံဂါရဝ ပြုနှုတ်ဆက်သည်။
ထိုသို့ တွေ့ဆုံဂါရဝပြုနှုတ်ဆက်ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့သည် အငြိမ်းစားတပ်မတော် အရာရှိကြီးများနှင့် ဇနီးများအား တစ်ဦးချင်း လိုက်လံဂါရဝပြု နှုတ်ဆက်ခဲ့ပြီး ကျန်းမာရေး၊ လူမှုရေးဆိုင်ရာ လိုအပ်ချက်များကို ရင်းနှီးနွေးထွေး စွာမေးမြန်း၍ လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။
တွေ့ဆုံစဉ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော်၏ အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်လျက်ရှိပြီး စွမ်းရည် စွမ်းပကား မြင့်မားစေရေးအတွက် မြှင့်တင်ဆောင်ရွက်လျက်ရှိမှု၊ ယခုကဲ့သို့ တပ်မတော်နေ့စစ်ရေးပြ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်ပေးသည့်အတွက် ကျေးဇူးတင်ရှိမှုနှင့် နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးအတွက် တပ်မတော်အနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိမှု၊ တစ်မျိုးသားလုံး ပညာရည်မြင့်မားရေးအတွက် ပညာရေးကို အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိမှု၊ ကျောင်းပညာရေးအပြင် ကျောင်းပြင်ပ ပညာရေးနှင့် စာကြည့်တိုက်လုပ်ငန်းများကိုလည်း အားပေးမြှင့်တင် ဆောင်ရွက်လျက်ရှိမှုတို့နှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ရာ အငြိမ်းစား တပ်မတော်အရာရှိကြီးများက ယခုကဲ့သို့ တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ရသည့် အတွက် ဂုဏ်ယူဝမ်းမြောက်ရမှု၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အနေဖြင့် နိုင်ငံ့တာဝန်များကို ဘက်ပေါင်းစုံမှ လစ်ဟင်းမှုမရှိစေရေး ကြိုးပမ်းဆောင်ရွက်နေမှုများကို အားပေးအသိအမှတ်ပြုလျက်ရှိမှု၊ နိုင်ငံတော်အကျိုးကို ဆတက်ထမ်းပိုး သယ်ပိုးနိုင်စေရေး၊ တည်ငြိမ်အေးချမ်းပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် ဆုမွန်ကောင်း တောင်းလျက်ရှိမှုနှင့် အခြားဩဝါဒ စကားများကို ပြန်လည်ပြောကြားခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်