နေပြည်တော် စက်တင်ဘာ ၇
နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ချမ်းအေးသာစံမြို့နယ် စိတ္တရမဟီရပ်ကွက် ၃၀ × ၇၄ လမ်းထောင့်၊ မန္တလေးအထွေထွေ ရောဂါကုဆေးရုံကြီးဝန်းအတွင်းရှိ မန်းတောင်ရိပ် ၉ ထပ်ဆောင် ၉ လွှာရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဥပဒေချုပ် ဦးမြင့်အောင်၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်စိန်လွင်၊ ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမြင့်ကျော်၊ ဆေးရုံအုပ်ကြီး ဒေါက်တာဆန်းလွင်ဦးနှင့် ဆရာဝန်ကြီးများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ တိုင်းရဲအကူ တပ်ဖွဲ့ခွဲ၊ သတင်းရဲတပ်ဖွဲ့ခွဲတို့မှ အရာရှိ ၃၈ ဦး၊ အခြားအဆင့် ၇၂ ဦး၊ စာရေးဝန်ထမ်း ၃ ဦး၊ စုစုပေါင်း သွေးလှူရှင် ၁၁၃ ဦးတို့ကို သွေးလှူဘဏ်တာဝန်ခံ ရောဂါဗေဒဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာနီလာဝင်း၊ အထူးကုဆရာဝန် ဒေါက်တာစုလှိုင်ဦးနှင့် ကျန်းမာရေးဝန်ထမ်းများက လိုအပ်သော ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်၍ သွေးဖောက်လက်ခံရယူနေမှုကို လှည့်လည်ကြည့်ရှုအားပေးကာ သွေးလှူရှင်များကို ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး အားဆေး၊ အာဟာရဖြည့်စွက်စာနှင့် အမှတ်တရ လက်ဆောင်များ ပေးအပ်ကြသည်။
ထို့နောက် သွေးအလှူရှင်များကိုယ်စား တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်စိန်လွင်က သွေးအိတ်များကို ပေးအပ်လှူဒါန်းရာ ဆေးရုံအုပ်ကြီး ဒေါက်တာဆန်းလွင်ဦးနှင့် တာဝန်ရှိသူများမှ လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်