နေပြည်တော်၊ စက်တင်ဘာ ၂၂
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁ ရက်တွင်ကျရောက်မည့် နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပြည်ထောင်စုနယ်မြေ ဇမ္ဗူသီရိမြို့နယ်ရှိ (ခုတင်-၁၀၀၀) ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသန့်ရှင်းရေး လုပ်အားပေးဆောင်ရွက်ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်ရေး လုပ်အားပေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး၊ ပြည်ထဲရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးများ၊ ဆေးရုံအုပ်ကြီး ပါမောက္ခဒေါက်တာရဲမြင့်နှင့် ဆေးရုံမှတာဝန်ရှိသူများ တက်ရောက်အားပေးကာ စုပေါင်းသန့်ရှင်းရေးလုပ်အားပေး ဆောင်ရွက်ကြသည့် တပ်ဖွဲ့ဝင်နှင့် စာရေးဝန်ထမ်းများကို ရေသန့်၊ ကော်ဖီ၊ ကောက်ညှင်းပေါင်းနှင့် အကြော်စုံတို့ဖြင့် ဧည့်ခံကျွေးမွေးကြသည်။
ထိုသို့လုပ်အားပေးရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ရှိ ဌာနကြီးများနှင့် တပ်ဖွဲ့များမှ တပ်ဖွဲ့ဝင်နှင့် စာရေးဝန်ထမ်းစုစုပေါင်း ၆၆၀ ဦးတို့က ဆေးရုံကြီးဝင်းအတွင်း၊ အပြင် သန့်ရှင်းသာယာ လှပရေးအတွက် ဆောင်ရွက်ခြင်း၊ ဆေးရုံအဆောက်အဦများပေါ်ရှိ အမှိုက်များ၊ သစ်ရွက်ခြောက်များ ဖယ်ရှားရှင်းလင်းခြင်း၊ အဆောက်အဦဘေးထိစပ်နေသော သစ်ကိုင်းများ၊ သစ်ပင်ကြီးများ အမြင်တင့်တယ်စေရေး၊ လေဝင်၊ လေထွက်ကောင်းမွန်စေရေးနှင့် အလင်းပွင့်စေရေးအတွက် ခုတ်ထွင်ရှင်းလင်းခြင်း၊ ချုံနွယ်ပိတ်ပေါင်းများ ဖယ်ရှားရှင်းလင်းခြင်းနှင့် ရေနုတ်မြောင်းများ ဖော်ထုတ်ခြင်းတို့ကို ဆောင်ရွက်ကြသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ရှိ ဌာနကြီးများနှင့်တပ်ဖွဲ့များမှ တပ်ဖွဲ့ဝင်နှင့် စာရေးဝန်ထမ်းနှင့်အတူ ဆေးရုံကြီးရှိ ဆရာဝန်၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများက ပျော်ရွှင်စွာဖြင့် အတူတကွ စုပေါင်းသန့်ရှင်းရေး လုပ်အားပေးဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်


