သထုံ ၂၀ မတ်
၂၀၁၉ ခုနှစ်၊ တပေါင်းလပြည့်နေ့တွင် ကျရောက်သည့်နှစ် (၇၀) ပြည့် ပအိုဝ်း အမျိုးသားနေ့ အခမ်းအနားကို ယနေ့ နံနက်က မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာ အားကစားကွင်း၌ ပြည်နယ်အဆင့်အနေဖြင့် စည်ကားစွာ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ရောက်ရှိလာသူများက နိုင်ငံတော်အလံနှင့် ပအိုဝ်း အမျိုးသားအလံတော်တို့အား အလေးပြုကြပြီး သဘာတိအဖွဲ့ဝင်တစ်ဦးနှင့် ပြည်နယ်ပအိုဝ်း စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌဦးခွန်မောင်သောင်းတို့က အမှာစကားများ ပြေကြားသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံမှ ပေးပို့သည့် နှစ် (၇၀) ပြည့် ပအိုဝ်းအမျိုးသားနေ့ ဂုဏ်ပြုသဝဏ်လွှာအား မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး နန်းစံဝင့်ခိုင်က ဖတ်ကြားပြီး တိုင်းရင်းသားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်ထံမှ ပေးပို့သည့် သဝဏ်လွှာကို သထုံမြို့နယ် မဲဆန္ဒနယ်မြေအမှတ်(၁)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ဖတ်ကြားပေးကာ ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးများ ရေးရာကော်မတီဥက္ကဋ္ဌ ဦးထွန်းမင်းအောင်က ပအိုဝ်းတိုင်းရင်းသားတို့၏ စာပေနှင့် ယဉ်ကျေးမှု မြင့်မားရေးဆိုင်ရာများကို ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ပအိုဝ်းအမျိုးသား ခေါင်းဆောင် ဦးအောင်ခမ်းထီထံမှ ပေးပို့သည့်သဝဏ်လွှာ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)မှ ပေးပို့သည့် သဝဏ်လွှာ၊ ပအိုဝ်းလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) မှ ပေးပို့သော သဝဏ်လွှာ၊ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့(ဗဟို)မှပေးပို့သော သဝဏ်လွှာတို့ကို ကျင်းပရေးကော်မတီဝင်များက ဖတ်ကြားပေးကြပြီး ပအိုဝ်းအမျိုးသားနေ့ ဖြစ်ပေါ်လာပုံကို တာဝန်ရှိသူတစ်ဦး ရှင်းလင်းဖတ်ကြားသည်။
ပအိုဝ်းလူမျိုးတို့အတွက် ရွှေရောင်လွှမ်းသောခေတ်ကိုဖန်တီးပေးခဲ့သော ပအိုဝ်းမင်းတစ်ပါး ဖြစ်သည့် သူရိယစန္ဒာမင်းကို လွန်ခဲ့သည့် နှစ်ပေါင်း ၂၆၀ဝ ခန့်က သထုံပြည်တွင် တပေါင်းလပြည့်နေ့၊ နေအထွက် လအဝင်အချိန်၌ မွေးဖွားခဲ့ပြီး ထိုမင်းက သထုံတွင်ထင်ရှားသည့် ရွှေစာရံစေတီတော်ကြီး ကို တည်ထားကြောင်း ထိုမင်း၏ ကျေးဇူးတရားတို့ကို အောက်မေ့၍ ရှေးအခါကတည်းက တပေါင်းလပြည့်နေ့ ရောက်တိုင်း စေတီတော်ကုန်းမြေတွင် ကောက်ဦးပူဇော်ကပ်လှူခြင်း၊ အဝေးအနီး ဆွေမျိုးများ တွေ့ဆုံခြင်းတို့ကို နှစ်စဉ်ပြုလုပ်ခဲ့ရာမှ ပအိုဝ်း အမျိုးသားနေ့ ပေါ်ပေါက်လာရခြင်း ဖြစ်ကြောင်း အခမ်းအနားဖြင့် ကျင်းပခြင်းကို ပါလီမန်ဒီမိုကရေစီ ခေတ်က ရန်ကုန်နှင့် မန္တလေး တက္ကသိုလ်တို့၌ စတင်ကျင်းပခဲ့ရာမှ ယခုအခါတွင် ပအိုဝ်းတိုင်းရင်းသား များနေထိုင်ရာ ရှမ်းပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် တို့တွင်နှစ်စဉ် ကျင်းပလျက်ရှိကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ မွန်ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦး၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးမင်းကျော်လွင်၊ ပြည်နယ်ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ မွန် ကရင် ပအိုဝ်းတိုင်းရင်းသားများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သက်ဦး(သထုံ)
