မန္တလေး ၂၆ ဇန်နဝါရီ
နှစ်(၇၀)ပြည့် အိန္ဒိယသမ္မတနိုင်ငံ နိုင်ငံတော်နေ့ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြို့သစ်(၁)ရပ်ကွက် ၆၂ လမ်းနှင့် ၆၃ လမ်းကြား နှင်းဆီလမ်းအမှတ် မ-၈/၁၇ အိန္ဒိယဂေဟာ၌ ကျင်းပရာ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်၊ အားကစားနှင့် ကာယပညာသိပ္ပံ ကျောင်းအုပ်ကြီး ညွန်ကြားရေမှူး ဦးမျိုးမြင့်အောင်နှင့် ဌာနဆိုင်ရာများ၊ ဘာသာပေါင်းစုံမှ ကိုယ်စားလှယ်များ မန္တလေးမြို့ အခြေစိုက် အိန္ဒိယကောင်စစ်ဝန်ချုပ် H.E Shri Nandan Singh Bhaisora နှင့်ဇနီး၊ အိန္ဒိယကောင်စစ်ဝန်ချူပ်ရုံးမှ တာဝန်ရှိသူများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ မန္တလေးမြိုနှင့် အထက်မြန်မာပြည်ရှိ မိုးကုတ်၊ မုံရွှာ၊ မြင်းခြံ၊ မိထ္ထီလာ၊ ကျောက်ဆည် စစ်ကိုင်း၊ ကလေး တမူး၊ တောင်ကြီး သာစည်၊ ပြင်ဦးလွင် စသည့်မြို့များမှ အိန္ဒိယမျိုးနွယ်စုနွယ်ဖွားများ၊ အိန္ဒိယ မိတ်ဆွေများ အိန္ဒိယကုမ္ပဏီများမှ အလုပ်လုပ်ကိုင်လျက်ရှိသော အိန္ဒိယလူမျိုးများ၊ အိန္ဒိယနိုင်ငံ ရှေးဟောင်းသုတေသနဌာနမှ ကိုယ်စားလှယ်များ၊ အိန္ဒိယနွယ်ဖွား ရိုးရာယဉ်ကျေးမှု အနုပညာ အဆိုအကအဖွဲ့ဝင်များ ကျောင်းသူ ကျောင်းသားများ တက်ရောက်ကြသည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိူးသစ်နှင့် အိန္ဒိယကောင်စစ်ဝန်ချုပ် H.E Shri Nandan Singh Bhaisora တို့ဦးဆောင်၍ နိုင်ငံတော်အလံအား လွှင့်တင်၍ အလေးပြုကြပြီး တက်ရောက်လာကြသူများက နိုင်ငံတော်သီချင်းကို ဂုဏ်ပြုသီဆိုကြသည်။

ထို့နောက် အိန္ဒိယကောင်စစ်ဝန်ချုပ်က နိုင်ငံတော်နေ့အခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက်ကို ပြောကြား၍ အိန္ဒိယနိုင်ငံသမ္မတမှ ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားပြီး တိုင်းဒေသကြီးဝန်ကြီးက အမှာစကား ပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသည့် ဧည့်သည်တော်များအား အိန္ဒိယနွယ်ဖွား ယဉ်ကျေးမှု အနုပညာအဖွဲ့ဝင်များက အဆို အကများနှင့် မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မျက်ရေး ဂုဏ်ပြုတေးသီချင်းတို့ဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး တိုင်းဒေသကြီးဝန်ကြီး၊ ကောင်စစ်ဝန်ချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများက ဖျော်ဖြေတင်ဆက်သူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကာ တက်ရောက်လာကြသော ဧည့်သည်တော်များအား အိန္ဒိယရိုးရာ အစားအစာတို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။
တင်မောင်(မန်းကိုယ်ပွား)
