နေပြည်တော် မတ် ၂၄

 

မတ် ၂၇ ရက်တွင် ကျရောက်မည့် နှစ် (၈၀) ပြည့် တပ်မတော်နေ့  စစ်ရေးပြအခမ်းအနားတွင်   ပါဝင်ချီတက် စစ်ရေးပြကြမည့် စစ်ရေးပြစစ်ကြောင်းကြီးများသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် စစ်ရေးပြကွင်း၌ ဝတ်စုံပြည့်  စစ်ရေးပြလေ့ကျင့်မှုများ ဆောင်ရွက်ကြရာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း  ကြည့်ရှုစစ်ဆေးသည်။

စစ်ရေးပြလေ့ကျင့်မှုတွင် စစ်ကြောင်း ခုနစ်ကြောင်းမှအရာရှိ၊ စစ်သည်များ၊ အမျိုးသမီးတပ်ဖွဲ့ ဝင်များသည် စုရပ်ဖြစ်သည့် သစ်တပ်ကွင်းမှ စစ်ရေးပြကွင်းကြီးသို့ တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းအဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲတီးဝိုင်း အဖွဲ့တို့၏ တီးခတ်မှုနှင့်အတူ စစ်ချီသီချင်းများကို အားမာန်အပြည့်အဝဖြင့်သီဆို၍ ညီညာစွာချီတက်ကြပြီး စစ်ရေးပြအခမ်းအနား အစီအစဉ်များအတိုင်း လေ့ကျင့်ဆောင်ရွက်ကြသည်။

 

ထိုသို့ လေ့ကျင့်နေမှုများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်အတူ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးကျော်စွာလင်း၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ တပ်မတော်နေ့ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ တပ်မတော်နေ့ ကျင်းပရေးစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်စိုးမင်းနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးကြသည်။

 

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် အဖွဲ့ဝင်များသည် အလံတော်အဖွဲ့နှင့် စစ်ရေးပြစစ်ကြောင်းများ၏ စစ်ရေးပြကွင်းအတွင်း ချီတက်ဝင်ရောက်နေရာယူမှုများ၊ နှစ် (၈၀) ပြည့် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားသို့ တက်ရောက်လာကြမည့် ဧည့်သည်တော်ကြီးများအတွက် ထိုင်ခုံနေရာ ချထားမှုများ၊ ပြည်ပဧည့်သည်တော်ကြီးများအတွက် SIS (Simultaneous Interpretation System) ဘာသာပြန်စက် တပ်ဆင်ထားရှိမှုများ၊ မြင်းစီးတပ်ခွဲနှင့် အရေးကြီးပုဂ္ဂိုလ်ယာဉ်တန်း ဝင်ရောက်နေရာယူမှုများကို ဦးစွာကြည့်ရှုစစ်ဆေးသည်။

 

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် အဖွဲ့ဝင်များသည် တပ်မတော်လေမှ လေယာဉ်၊ ရဟတ်ယာဉ်များ၏ အချိန်ကိုက် အုပ်ဖွဲ့ပျံသန်းလေ့ကျင့်မှုများ၊ အလံတော်အဖွဲ့နှင့် စစ်ကြောင်းတပ်ခွဲများ၏ ဝတ်စားဆင်ယင်မှုဆိုင်ရာများ၊ စစ်ရေးပြအလံများ၊ စစ်ရေးပြ လက်နက်ငယ်များနှင့် စစ်ဝတ်တန်ဆာများ ပြင်ဆင်ထားရှိမှုနှင့် စစ်ရေးပြတပ်ခွဲအသီးသီး၏ စစ်ရေးပြ လှုပ်ရှားမှုများကို အသေးစိတ်လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

အဆိုပါ စစ်ရေးပြအခမ်းအနား တွင် တပ်မတော်(ကြည်း၊ရေ၊လေ)နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့မှ အရာရှိ၊ စစ်သည်များ၊ အမျိုးသမီးတပ်ဖွဲ့ဝင်များ၊ အမျိုးသမီးအထူးတပ်ဖွဲ့ဝင်များ၊ တပ်မတော် (လေ) မှ လေယာဉ်၊ ရဟတ်ယာဉ်များ ပါဝင်ကြောင်း သိရသည်။

 

သတင်းစဉ်