နေပြည်တော် မတ် ၉
နှစ် (၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့အနီးရှိ ဂျိုင်း (ကော့ကရိတ်) တံတား အရှည် (၁၉၀၃) ပေ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါတံတား၌ ကျင်းပရာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ကရင်ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးညွန့်လင်း၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးညီညီဇော်နှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးတို့က ဂျိုင်း (ကော့ကရိတ်) တံတားအား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးပြီး ပြည်ထောင်စုဝန်ကြီးနှင့် ကရင်ပြည်နယ် ဝန်ကြီးချုပ်တို့က တံတားကဗ္ပည်းမော်ကွန်းအား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကာ အမွှေးနံ့သာရည်များ ပက်ဖြန်း၍ တံတားပေါ်သို့ဖြတ်သန်း ကြည့်ရှုစစ်ဆေးကြသည်။
ဂျိုင်း (ကော့ကရိတ်) တံတား အဟောင်းသည် သက်တမ်းကြာမြင့်လာပြီး တံတားခံနိုင်ဝန်အား ကန့်သတ်ချက်ရှိလာသည့်အတွက် တံတားဟောင်းနေရာတွင် ဂျပန်နည်းပညာဖြင့် တံတားအသစ်အား ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ၏ သက်သာသော အတိုးနှုန်းချေးငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ဂျိုင်း (ကော့ကရိတ်) တံတားသည် အရှေ့-အနောက် စီးပွားရေးစင်္ကြံလမ်းမကြီး (East-West Economic Corridor) ပေါ်တွင် တည်ဆောက်ထားသော သံမဏိကြိုးဆိုင်းတံတားဖြစ်ပြီး အရှည် (၁၉၀၃) ပေ၊ ယာဉ်သွားလမ်း အကျယ် ၄ လမ်းသွားနှင့် လူသွားလမ်း တစ်ဖက်လျှင် ၁ ဒသမ ၂ မီတာစီဖြင့် တည်ဆောက်ထားသည်။ ရေလမ်းကင်းလွတ်အမြင့် ၃၅ ပေရှိပြီး ရေလမ်းကင်းလွတ် အကျယ် (၅၉၁) ပေရှိကာ တံတား၏ခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်းအလိုက် ၇၅ တန် ဖြစ်ပြီး တံတား၏ ပင်မရေလည်တိုင် (Pylon) ကို ဂျပန်နည်းပညာ Steel Shell နှင့် Concrete ပေါင်းစပ်ထားသည့် Extradosed Bridge အမျိုးအစား ဖြစ်သည်။
ယခုကဲ့သို့ တံတားများကို တည်ဆောက်ခြင်းအားဖြင့် အရှေ့-အနောက် စီးပွားရေး စင်္ကြံလမ်းမကြီးကို အသုံးပြု၍ မြဝတီ-ဘားအံမှတစ်ဆင့် မွန်ပြည်နယ် မော်လမြိုင်မြို့သို့ လည်းကောင်း၊ ရန်ကုန်မြို့ရှိ သီလဝါ အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းသို့လည်းကောင်း ဆက်သွယ်သွားလာနိုင်မည် ဖြစ်သောကြောင့် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့၏ ဖွံ့ဖြိုးတိုးတက်မှုကို အကျိုးပြုမည်သာမက ဒေသတွင်း နိုင်ငံများနှင့်ပါ ဆက်သွယ်မှု ပိုမိုဖွံ့ဖြိုးလာမည်ဖြစ်သည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနသည် ဒေသဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်း၍ လမ်း၊ တံတားများကို အသစ်တည်ဆောက်ခြင်း၊ အဆင့်မြှင့်တင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
သတင်းစဉ်