ယနေ့သည် ၂၀၂၅ ခုနှစ် နှစ် (၈၀) ပြည့်  တပ်မတော်နေ့ဖြစ်သည်။   မြန်မာ့တပ်မတော်ကို ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်း (ဗိုလ်တေဇ) အမှူးပြုသော ရဲဘော်သုံးကျိပ်ဝင်များနှင့် မျိုးချစ်မြန်မာ လူငယ်များက မြန်မာ့လွတ်လပ်ရေးအတွက် သစ္စာရေသောက်၍ ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) အဖြစ် ပထမဦးစွာ အုတ်မြစ်ချခဲ့သည်။

 

ထိုအချိန်မှစတင်ရေတွက်ကြည့်လျှင် တပ်မတော်ဖွဲ့စည်းခဲ့သည်မှာ နှစ်ပေါင်း ၈၄ နှစ်ဖြစ်သော်လည်း ဖက်ဆစ်တော်လှန်ရေးအတွက် ရန်ကုန်မြို့ဦးဝိစာရပန်းခြံ (ယခင်တော်လှန်ရေးပန်းခြံ) ၌ ဗမာ့တပ်မတော်သားများ စစ်ရေးပြပြီး သတ်မှတ်နေရာအသီးသီးသို့ စတင်ချီတက်ခဲ့သည့် ၁၉၄၅  ခုနှစ် မတ်လ ၂၇ ရက်နေ့ကို တပ်မတော်နေ့ဟုသတ်မှတ်ခဲ့ရာ ယနေ့ကာလ ၂၀၂၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် နှစ် (၈၀) ပြည့် တပ်မတော်နေ့ကာလသို့ ရောက်ရှိခဲ့ပြီဖြစ်သည်။

 

ဤနေ့ဤရက်မှစတင်၍ မြန်မာအမျိုးသားတပ်မတော်ကြီးသည် မြန်မာတိုင်းရင်းသားပြည်သူများ၏ တစ်ခဲနက် ပူးပေါင်းပါဝင်မှုဖြင့် နယ်ချဲ့တော်လှန်ရေး၊ ဖက်ဆစ်တော်လှန်ရေးတို့ကိုဆင်နွှဲ၍  ၁၉၄၈ ခုနှစ်  ဇန်နဝါရီလ ၄  ရက်နေ့တွင် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကို အရယူဆောင်ကြဉ်းပေးနိုင်ခဲ့သည့် အဓိကအင်အားစုကြီးဖြစ်သည်။  နယ်ချဲ့လက်အောက်တွင် ကျွန်ဘဝဖြင့် နှစ်ပေါင်းတစ်ရာကျော် နေခဲ့ရသည့်အဖြစ်မှ ပြည်သူအားလုံးမျှော်လင့်ခဲ့ကြသည့် လွတ်လပ်သောနိုင်ငံကို ရရှိခဲ့သော်လည်း လွတ်လပ်ရေးနှင့်အတူ မွေးဖွားလာသည့် ပြည်တွင်းသောင်းကျန်းမှုအန္တရာယ်များကို ပြည်သူများ ယနေ့ထက်တိုင် ခံစားခဲ့ကြရသည်။

 

လွတ်လပ်ရေးနှင့်အတူ မွေးဖွားလာသော လက်နက်ကိုင်ရောင်စုံသောင်းကျန်းသူများကို တပ်မတော်သည် သမိုင်းကြောင်းတစ်လျှောက်၌ လှေခွက်ချည်းကျန် အလံမလှဲစတမ်း၊ ရင်ကို မြေကတုတ်လုပ်၍ တွန်းလှန်တိုက်ဖျက်ခဲ့ကြသည်။ ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်တို့ကို ကာကွယ်စောင့်ရှောက်ခဲ့ကြသည်။  ထို့ပြင်မြန်မာ့မြေပေါ်သို့ ကျူးကျော်စော်ကားလာသည့် တရုတ်ဖြူကျူးကျော်သူများကို ဘုရင့်နောင်၊ ရန်ကြီးအောင်၊ မဲခေါင်စစ်ဆင်ရေးများဆင်နွှဲပြီး တွန်းလှန်ဖယ်ရှားခဲ့ရ သည်။ ထိုစဉ်က တပ်မတော်၏အင်အားကို  တစ်နိုင်ငံလုံးဖြန့်ကြက်ထားရသဖြင့် သောင်းကျန်းသူများသည် သာလွန်အင်အားများဖြင့် ထိုးနှက်တိုက်ခိုက်လာခဲ့သည်။

 

သို့သော် တပ်မတော်သည် ပြောင်မြောက်သော ရဲစွမ်းသတ္တိများဖြင့် နိုင်ငံတော်နှင့် ပြည်သူကို ကာကွယ်စောင့်ရှောက်ခဲ့သည်။ တပ်မတော်သည် နိုင်ငံတော်တွင် အရေးပေါ်ပြီး တိုင်းပြည်လုံခြုံရေးကို ထိခိုက်တော့မည်ဆိုလျှင် ရှေ့တန်းမှ မားမားမတ်မတ်ရပ်တည်၍ တိုက်ပွဲဝင်ခဲ့ကြပြီး သောင်းကျန်းသူများကို တွန်းလှန်ဖယ်ရှားခဲ့သည်။ မြန်မာ့သမိုင်းကြောင်းကို ပြန်ကြည့်လျှင် မြန်မာနိုင်ငံသား အချင်းချင်း စည်းလုံးညီညွတ်မှုပြိုကွဲသည့်အခါတွင် ပွဲလန့်တုန်းဖျာခင်းလိုသူများ ပေါ်ပေါက်လာ စမြဲဖြစ်သည်။

 

၁၉၆၂ ခုနှစ်တွင် တိုင်းရင်းသားအချို့သည် ဖက်ဒရယ်မူဟုဆိုကာ အကျပ်ကိုင် တောင်းဆိုခဲ့ကြသည်။ ၁၉၈၈ ခုနှစ်တွင် တိုင်းပြည်အဘက်ဘက်မှ ယိုယွင်းအားနည်းလာသည်ကို အကြောင်းပြု၍  တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့သည် ခါတော်မီဒီမိုကရေစီအရေခြုံကာ နိုင်ငံတော်ကို နိုင်ငံရေး၊ စစ်ရေးနည်းလမ်းပေါင်းစုံဖြင့် ထိုးနှက်တိုက်ခိုက်ခဲ့ကြသည်။ ၂၀၂၁ ခုနှစ်တွင် နိုင်ငံရေး အပြောင်းအလဲဖြစ်ပေါ်မှုကို အကြောင်းပြု၍ အမျိုးသားသစ္စာဖောက်များနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့က နိုင်ငံတော်နှင့် တပ်မတော်ပြိုကွဲရေးကို အပြင်းအထန် လုပ်ဆောင်လာခဲ့သည်။ အင်အားနည်းပါးသော တပ်မတော်စခန်းများ၊ ရဲစခန်းများနှင့် မြို့ရွာအချို့ကို အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ခဲ့ကြသည်။ ၎င်းတို့သည် ဒီမိုကရေစီရေး၊ တိုင်းရင်းသားရေး၊  လူ့အခွင့်အရေးဟု ဟန်ပြကြွေးကြော်ကြသော်လည်း လက်တွေ့တွင် ဝါဒစွဲ၊ လူမျိုးစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဂိုဏ်းဂဏစွဲတို့ပေါ်တွင် အခြေခံကြသည်။ စစ်ဘုရင် ဝါဒ၊ ပုဂ္ဂိုလ်ရေးမာန်မာနတို့အပေါ်တွင်အခြေခံပြီး မူလရည်မှန်းချက်ကို အကောင် အထည်ဖော်လာကြသည်။

 

ပြည်ထောင်စုမပြိုကွဲရေး၊  တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန်အရေး (၃) ပါးကို ဦးထိပ်ပန်ဆင်ထားသော တပ်မတော်သည် နိုင်ငံတော်အတွက် အသက်ပေးကာကွယ် စောင့်ရှောက်ခဲ့ရပြန်သည်။ နိုင်ငံတော်၏ ပကတိ လိုအပ်ချက်ဖြစ်သည့်  တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေး၊ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးတို့အတွက် တပ်မတော်သည် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

 

သို့ဖြစ်ရာ လွတ်လပ်ရေးကြိုးပမ်းမှုနှင့်အတူပေါ်ပေါက်လာသော တပ်မတော်သည် ရှင်ကြီးဝမ်းလည်း ဝင်ခဲ့ဖူးသည်။ ရှင်ငယ်ဝမ်းလည်း ဝင်ခဲ့ဖူးသည်။ ခါးသီးသော နိုင်ငံရေးအတွေ့အကြုံများလည်း ရခဲ့ဖူးသည်။ တိုင်းပြည်နှင့် လူမျိုးကို နှောင့်ယှက်ဖျက်ဆီးခဲ့သည့်  သောင်းကျန်းသူများကိုလည်း တွန်းလှန် တိုက်ထုတ်နိုင်ခဲ့သည်။ မည်သို့သော ခက်ခဲကြမ်းတမ်း ဆင်းရဲပင်ပန်းမှုများနှင့် ကြုံရသော်လည်း နိုင်ငံနှင့်လူမျိုးအကျိုးကိုသာ ထာဝစဉ်ရှေးရှုဦးတည်လျက်ရှိသည့် တပ်မတော်ကို နှစ်(၈၀) ပြည့် တပ်မတော်နေ့တွင်  အထူးပင်လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုကြရမည်ဖြစ်ပါကြောင်း။

 

ကြေးမုံ