NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကိုယ်စား ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ ဥက္ကဋ္ဌ စဝ်ယွက်စစ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေးတွင် ပြောကြားသည့်အမှာစကား

၂၀၂၀ ခုနှစ်၊ ဩဂုတ်လ (၁၉) ရက်

လေးစားအပ်ပါသော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေးသို့ တက်ရောက်ချီးမြှင့်ကြသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်တကွ နိုင်ငံတော်အကြီးအကဲများ၊ အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော် ဥက္ကဋ္ဌများ၊ တပ်မတော်ခေါင်းဆောင်များ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီခေါင်းဆောင် များ၊ အစုအဖွဲ့အသီးသီး၏ ညီလာခံကိုယ်စားလှယ်များ၊ နိုင်ငံတကာသံတမန်များ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် အထူးဧည့်သည်တော်များ အားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဦးစွာနှုတ်ခွန်းဆက်သအပ်ပါတယ်။

ဒီနေ့ဟာ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးအတွက်ရော မိမိတို့ အားလုံးအတွက်ပါ အရေးပါတဲ့ နေ့ထူးနေ့မြတ်ကြီးဖြစ်သလို သမိုင်းဝင်တဲ့နေ့လည်း ဖြစ်ပါတယ်။ ဒီနေ့ဟာ မိမိတို့အားလုံး လိုလားတောင့်တတဲ့ ရေရှည် တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အရေးကြီးတဲ့ ခြေလှမ်းတွေကို လှမ်းနိုင်ခဲ့လို့ပဲ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အသက်သွေးကြောတမျှ အဓိကကျအရေးပါလှတဲ့ ဒီပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို ကျင်းပနိုင်ခဲ့လို့ပဲ ဖြစ်ပါတယ်။

ဒီနေ့လို (၂၁)ရာစုပင်လုံညီလာခံ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းစဉ် အဆင့်ဆင့်တွေ၊ ဆွေးနွေးညှိနှိုင်းမှု အကြိမ်ကြိမ်တွေ၊ အလျှော့အတင်းများတွေ ချမှတ်ကျင်းပပြုလုပ်ခဲ့ရသလို အခက်အခဲပေါင်းများစွာကို ရင်ဆိုင်အံတု ကျော်ဖြတ်ပြီးမှ ဒီစတုတ္ထအကြိမ်မြောက် ညီလာခံကို ခေါ်ယူကျင်းပနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

အသိအမှတ်ပြု

(၉)နှစ်တာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ခရီးကြမ်းတစ်လျှောက်မှာ ကျေးဇူးတင်ထိုက်တဲ့ ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ အများကြီးရှိတာ အသိအမှတ်ပြုပါတယ်။ ဂုဏ်ပြုပါတယ်။ အမြဲတမ်းလည်း အမှတ်ရနေပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးရန် စတင်ဖိတ်ခေါ်ခြင်း၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ချုပ်ဆိုနိုင်အောင် အစိုးရအဖွဲ့ ကို ဦးစီးပြီး ဆောင်ရွက်ပေးခဲ့တဲ့ နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန်နှင့် အစိုးရအဖွဲ့ဝင်များအပါအဝင် ပြည်ထောင်စုဝန်ကြီးဟောင်း ဦးအောင်မင်း နှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ (EAO) ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) ကို ရှေ့ဆောင် ဦးရွက်ပြုပြီး NCA စာချုပ်အတည်ပြု မူကြမ်းရရှိအောင် ကြိုးပမ်းပေးခဲ့တဲ့ မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ နိုင်ဟံသာနှင့် NCCT အဖွဲ့ဝင်များ၊ အဆင့်မြင့် ညှိနှိုင်းရေးအဖွဲ့ (Senior Delegation-SD)၊ NCA စာချုပ်ကို တရားဝင် လက်မှတ်ရေးထိုးပေးခဲ့ကြတဲ့ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ EAO အဖွဲ့ အစည်း၊ နိုင်ငံရေးပါတီတို့၏ အကြီးအကဲခေါင်းဆောင်များ၊ ကုလသမဂ္ဂ ကိုယ်စားလှယ်များ၊ နိုင်ငံတကာသံတမန်များနှင့် အဖွဲ့အစည်းများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ထောက်ပံ့မှုတွေ ကူညီပေးကြတဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်း ပြန်လည်ထူထောင်ရေးဗဟိုဌာန (MPC) အပါအဝင် ပြည်တွင်းအဖွဲ့အစည်းများနှင့် အခြားသက်ဆိုင်သူများ အားလုံးကို ကျေးဇူး ဥပကာရ အထူးတင်ရှိပါကြောင်း မှတ်တမ်းတင် ပြောကြားလိုပါတယ်။

ထို့အတူ NCA စာချုပ်အတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဦးစီးပဲ့ကိုင် လမ်းညွှန်ပေးတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)၊ အစိုးရ ဟောင်း၏ လက်ဆင့်ကမ်းအမွေဖြစ်တဲ့ NCA စာချုပ်ကို ကျေပွန်စွာ ဆက်လက် ပခုံးပြောင်းတာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်ပေးနေတဲ့ လက်ရှိ အစိုးရ အကြီးအကဲများနှင့် တပ်မတော် အကြီးအကဲများ၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)၊ ငြိမ်းချမ်းရေးကော်မရှင်(PC) တို့ကိုလည်း အထူးကျေးဇူးတင်ထိုက်သူများအဖြစ် ဂုဏ်ပြုပါကြောင်း ပြောကြားလိုပါတယ်။

NCA စာချုပ်ဟာ အပစ်ရပ်စာချုပ်သက်သက်မဟုတ်ဘဲ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးကို နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပပြီး ဆွေးနွေးပွဲများရလဒ်နှင့်အညီ ဆောင်ရွက်အကောင်အထည်ဖော် တည်ဆောက် သွားမယ့် စာချုပ်ကြီးဖြစ်ပါတယ်။ တစ်ဖက်က နိုင်ငံရေးဆွေးနွေးပွဲများကို ကျင်းပသလို အခြားတစ်ဖက်မှာလည်း ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးခိုင်မာရေး အတွက် ပူးတွဲစောင့်ကြည့်ထိန်းသိမ်းတဲ့ လုပ်ငန်းစဉ်များနှင့် ယန္တရားများလည်း ရှိပါတယ်။

ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်သွားမည်

ပြည်ထောင်စုညီလာခံမှ ထွက်ပေါ်လာသော ဆုံးဖြတ်ချက်များအပေါ် အခြေခံ၍ ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် ဥပဒေများကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်းများကို NCA စာချုပ်မှာ ပြဋ္ဌာန်းထားသလို အရပ်သားများကာကွယ်ခြင်း၊ လူမှုစီးပွားကိစ္စများ၊ တပ်ပိုင်းဆိုင်ရာကိစ္စရပ်များ ကိုလည်း ပြဋ္ဌာန်းထားပါတယ်။ NCA စာချုပ်အရ ဖွဲ့စည်းပုံအခြေခံဥပဒေအား တစ်ဆင့်ပြီးတစ်ဆင့် ပြင်ဆင်ခြင်းနှင့်အတူ ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်သွားမည်ဟု ဆိုလိုခြင်းပဲဖြစ်ပါတယ်။

နိုင်ငံရေးတိုးတက်ပြောင်းလဲလာခြင်းနှင့်အညီ လုံခြုံရေးဆိုင်ရာကိစ္စရပ် များကိုလည်း ဟန်ချက်ညီညီ ဆွေးနွေးညှိနှိုင်းသဘောတူပြီး အဆင့်လိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ ပါရှိပါတယ်။ ဒီလိုဆောင်ရွက်သွား နိုင်ဖို့အတွက် NCA စာချုပ်မှာ လမ်းပြမြေပုံ (၇)ဆင့်ကို တိတိကျကျ သတ်မှတ် ပေးထားပြီးဖြစ်ပါတယ်။ NCA စာချုပ် အကောင်အထည်ဖော် ဆောင်ရွက်ရာ မှာ လမ်းပြမြေပုံ (၇)ဆင့်အတိုင်း မလွဲမသွေ ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံကို ပုံမှန်ဆိုရင် (၆)လတစ်ကြိမ် ကျင်းပရမှာဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် သတ်မှတ်ထားတဲ့အချိန်အတိုင်း ကျင်းပဖို့ မိမိတို့ မဆောင်ရွက်နိုင်ခဲ့ပါဘူး။ ဒါဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ကြီးမားတဲ့ဆုံးရှုံးမှုပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ (၃)နှစ်ကျော်ကာလအတွင်းမှာ ညီလာခံ (၃)ကြိမ်သာ ကျင်းပနိုင်ခဲ့ပြီး သဘောတူညီချက် (၅၁)ချက်ကို ရရှိခဲ့ပါတယ်။ အမှန်က ဒီထက်များပြား ထိရောက်ပြည့်စုံတဲ့ သဘောတူညီချက်တွေကို ရရှိရမှာဖြစ်ပါတယ်။

မိမိတို့ အချင်းချင်းအကြားမှာ မယုံကြည်မှုတွေ၊ မယုံသင်္ကာမှုတွေ၊ သံသယတွေ၊ လိုအပ်တာထက်ပိုတဲ့ သတိထားမှုတွေ၊ သူ့မူကိုယ့်မူ အသေဆုပ်ကိုင်ထားမှု တွေ၊ အောက်ခြေထိတွေ့မှုလေးတွေ၊ လုပ်နည်းလုပ်ဟန် အဆင်မပြေမှုတွေကို မဖြေရှင်းနိုင်ခဲ့လို့ ၊ ထိုက်သင့်တဲ့ အလျှော့အတင်းတွေ မပြုလုပ်နိုင်ခဲ့လို့ ပြည်ထောင်စုသဘောတူ စာချုပ်ပါအချက်တွေကို ထင်သလောက် မရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ဒီလိုအတွေ့အကြုံတွေ၊ သင်ခန်းစာတွေ ရယူအသုံးပြုပြီး လာမယ့်ရှေ့ခရီးမှာ အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။

၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်မှာ ပြည်ထောင်စုရှမ်းပြည်၊ ကချင် တောင်တန်းဒေသ၊ ချင်းတောင်တန်းဒေသနှင့် ဗမာပြည်မတို့၏ ခေါင်းဆောင် တွေ လက်မှတ်ရေးထိုးချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်ကြောင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် လွတ်လပ်ရေးရရှိခဲ့တာ ဖြစ်ပါတယ်။ လွတ်လပ်ရေး ရရှိပြီးနောက် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် မဖြေရှင်းနိုင်ခဲ့လို့ လက်နက်ကိုင်ပဋိပက္ခ၊ ပြည်တွင်းစစ်ဖြစ်ပွားပြီး မိမိတို့ တိုင်းပြည်ဟာ ကမ္ဘာမှာ အစစအရာရာ နောက်ကျကျန်ရစ်ခဲ့ရတာ အားလုံးအသိပဲ ဖြစ်ပါတယ်။

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ဖို့ ငြိမ်းချမ်းရေး ဆွေးနွေးရေး ဖိတ်ခေါ်ခြင်းကို ဦးသိန်းစိန်က ၂၀၁၁ ခုနှစ်၊ ဩဂုတ်လ (၁၈)ရက်မှာ တရားဝင်ကြေညာခဲ့ပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းဖြင့် ဖြေရှင်းနိုင်ရေး လမ်းဖွင့်ပေးခဲ့တယ်။ လမ်းဖောက်ပေးခဲ့တယ်။ နိုင်ငံရေး၊ ယဉ်ကျေးမှု အသစ်တစ်ရပ်ကို အစပျိုးပေးခဲ့တယ်။ ဒါဟာ သမိုင်းဝင်၊ သမိုင်းတွင်တဲ့ ရဲရဲတောက်ဆောင်ရွက်ချက်ပဲ ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ ယခုအစိုးရလက်ထက်မှာလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အားသွန်ခွန်စိုက် မဆုတ်မနစ် ဆက်လက် ဆောင်ရွက်ခဲ့လာပါတယ်။ မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူ ဒီမိုကရက် တစ်အစည်းအရုံး (LDU) တို့ကို NCA စာချုပ် လက်မှတ်ရေးထိုးနိုင်အောင် စွမ်းဆောင်နိုင်ခဲ့သလို တစ်ဖက်မှာလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ NCA စာချုပ် လက်မှတ်မထိုးရသေးတဲ့ ညီနောင်တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ ပိုမိုပါဝင်လာနိုင်ရေးကို ဆက်လက်ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ကြားသိရပါတယ်။ ဒါတွေဟာ သတင်းကောင်းပဲ ဖြစ်ပါတယ်။ ကောင်းမွန်တဲ့ ကြိုးပမ်းမှုပဲ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်မှာ တတိယအကြိမ် ညီလာခံ ကျင်းပပြီးတဲ့နောက်ပိုင်း နှစ်နှစ်တာကာလအတွင်းမှာ (၂၁)ရာစု ပင်လုံညီလာခံကို ကျင်းပနိုင်ခဲ့ခြင်း မရှိပါဘူး။ လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် ဖက်ဒရယ်အခြေခံမူတွေမှာ ကွာဟချက်တွေကို ညှိနှိုင်းနေရလို့ပဲ ဖြစ်ပါတယ်။ နှစ်ဦးနှစ်ဖက်ဟာ ယုံကြည်မှု တည်ဆောက်ခြင်းကို ဆောင်ရွက်ရာမှာလည်း အားနည်းချက်တွေရှိလို့ပဲ ဖြစ်ပါတယ်။ ဒီကာလအတွင်းမှာ နှစ်ဦးနှစ်ဖက်အနေနဲ့ အလွတ်သဘော ဆွေးနွေးမှုတွေ၊ တရားဝင်ညှိနှိုင်းအစည်းအဝေးတွေကို ကြိမ်ဖန်များစွာပြုလုပ် ခဲ့ရပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် သင့်တော်တဲ့ နည်းလမ်းပေါင်းစုံ ဝိုင်းဝန်းရှာဖွေခဲ့ကြတယ်။

(၈)ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ၏ လမ်းညွှန်ကြီးကြပ်မှု၊ တည့်မတ်ပေးမှု၊ ဆုံးဖြတ်ပေးမှုတွေကြောင့် အစိုးရနှင့် NCA စာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတို့၏ နှစ်ဖက်ညှိနှိုင်းရေး အဖွဲ့တွေက ရှစ်လနီးပါး အချိန်ယူလို့ တရားဝင်ညှိနှိုင်းရေးအစည်းအဝေး (၈) ကြိမ်တိုင်တိုင် အပါအဝင် အလွတ်သဘောဆွေးနွေးမှု မြောက်မြားစွာ ကျင်းပကာ အပြန်အလှန်ညှိနှိုင်း ဆွေးနွေးပြီး ဒီနေ့ကျင်းပတဲ့ ညီလာခံသို့တင်သွင်းမယ့် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၃) ကို ရရှိခဲ့တာ ဖြစ်ပါတယ်။ စဉ်ဆက်မပြတ် ဆွေးနွေးညှိနှိုင်းခြင်း၏ ကောင်းကျိုးပဲဖြစ်ပါတယ်။

ဒီလိုအချိန်ယူပြီး ညှိနှိုင်းအစည်းအဝေးများ ဆက်တိုက်ကျင်းပကာ နှစ်ဖက်အတွက် မျှမျှတတဖြစ်စေတဲ့၊ ကျေနပ်လက်ခံတဲ့ ရလဒ်ကောင်းတွေ ကို ရရှိအောင် ညှိနှိုင်းဆွေးနွေးပေးခဲ့ကြတဲ့ နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့တွေကို ကျေးဇူးအထူးတင်ရှိပါတယ်။ ဂုဏ်ပြုပါတယ်။ ညှိနှိုင်းရေးအဖွဲ့တွေရဲ့ ကြိုးပမ်းအားထုတ်မှုကို အသိအမှတ်ပြုပါကြောင်း မှတ်တမ်းတင်ပြောကြားလိုပါတယ်။

အချိန်ယူဆွေးနွေးညှိနှိုင်းဖို့ လိုအပ်

ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)မှာ NCA စာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင် သဘောတူညီချက်များ၊ ၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်နှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများ၊ ဖက်ဒရယ်အခြေခံမူများ စသည်တို့ပါဝင်တယ်လို့ သိရတဲ့အတွက် နှစ်ထောင်းအားရ ဖြစ်မိပါတယ်။ ညှိနှိုင်းလို့ မရသေးတဲ့ အကြောင်းအရာတွေကို ဆက်လက်ဆွေးနွေးသွားဖို့ သဘောတူနိုင်ခဲ့တယ်လို့ ကြားသိရပါတယ်။ တချို့အကြောင်း အရာတွေဟာ အချိန်ယူဆွေးနွေးညှိနှိုင်းဖို့ လိုအပ်ပါတယ်။

လာမယ့် ၂၀၂၀ အလွန်ကာလမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖော်ဆောင်မှု ပုံစံနဲ့ပတ်သက်လို့ မိမိတို့ကြားမှာ သေချာညှိနှိုင်းဆွေးနွေးပြီး သဘောတူညီ ထားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ နိုင်ငံရေးအရ အဆင့် (၃)ဆင့်မှာ ဘယ်လို အကောင်အထည်ဖော် ဆောင်ရွက်သွားကြမလဲ၊လုံခြုံရေးအရ အဆင့်(၃)ဆင့် မှာ နိုင်ငံရေး တိုးတက်ပြောင်းလဲမှုနဲ့ ဘယ်လိုဆက်စပ်ချိတ်ဆက်ပြီး ဟန်ချက်ညီစွာ ဆောင်ရွက်သွားကြမလဲဆိုတာတွေက ကြီးလေးတဲ့ လုပ်ငန်းစဉ်တွေပဲ ဖြစ်ပါတယ်။ ဒါတွေအတွက် မိမိတို့ကြားမှာ ရှင်းရှင်းလင်းလင်းဖြစ်တဲ့ပုံစံ၊ တိကျတဲ့ လုပ်ငန်းစဉ်တွေကို သဘောတူထားရမှာ ဖြစ်ပါတယ်။ ဒါမှသာ ရှေ့ဆက်အကောင်အထည်ဖော် ဆောင်ရွက်တဲ့အခါ ချောမွေ့မှာ ဖြစ်ပါတယ်။

လာမယ့် ၂၀၂၀ အလွန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ နိုင်ငံရေးဆွေးနွေးပွဲ အဆင့်ဆင့်တွေမှာ NCA စာချုပ် လက်မှတ်မရေးထိုးသေးတဲ့ ညီနောင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ ပါဝင်နိုင်ရေး အတွက် အားလုံးပါဝင်ရေးမူဖြင့် အလေးထားစီစဉ်ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ထို့အပြင် ပြည်သူလူထုနဲ့ လူမှုအခြေပြုအဖွဲ့အစည်းများ အခန်းကဏ္ဍတွေကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါကြောင်း တိုက်တွန်း လိုပါတယ်။

မိမိတို့ နှစ်ဦးနှစ်ဖက်ဟာ NCA စာချုပ်ကို လက်မှတ်ရေးထိုးထားပြီး ဖြစ်သည်နှင့်အညီ NCA စာချုပ်ပါ ပြဋ္ဌာန်းချက်များ၊ ဆောင်ရန်ရှောင်ရန် အချက်များကို တစ်သဝေမတိမ်းလိုက်နာဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ မည်သို့ပင် အခက်အခဲတွေ့ကြုံရသော်လည်း NCA လမ်းကြောင်းအတိုင်းပဲ ဖက်ဒရယ်ပြည်ထောင်စုဆိုတဲ့ပန်းတိုင်ကို ရောက်ရှိအောင် ဆက်လက်လျှောက်လှမ်း ချီတက်ရမှာ ဖြစ်ပါတယ်။

NCA စာချုပ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ အဆင်မပြေမှုတွေ၊ ခက်ခဲမှုတွေ၊ တစ်ဆို့မှုတွေ ရှိတတ်ပါတယ်။ ရှိရင်လည်း မိမိတို့ဟာ NCA စာချုပ်ကို ပူးတွဲပိုင်ဆိုင်ထားတာဖြစ်လို့ မိမိတို့အနေဖြင့် ပူးတွဲဖြေရှင်း ကျော်ဖြတ်ရမှာဖြစ်ပါတယ်။ အောင်မြင်တယ်ဆိုရင်လည်း အောင်မြင်မှု အသီးအပွင့်ကို အတူတကွ မျှဝေခံစားစံစားရမှာ ဖြစ်ပါတယ်။ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ မိမိတို့အားလုံးက တာဝန်ယူ၊ တာဝန်ခံရမှာဖြစ်ပါတယ်။

ထို့အပြင် COVID-19 ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကာလအခြေအနေအောက်မှာ ညီလာခံအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ညီလာခံကိုယ်စား လှယ်များကိုလိုအပ်တဲ့ ကျန်းမာရေးဆိုင်ရာ စစ်ဆေးဆောင်ရွက်ချက် တွေ ၊ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆောင်ရွက်ချက်များဖြင့် စီစဉ် ဆောင်ရွက်ပေးခဲ့တဲ့ အစိုးရ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကို ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။

ဝိုင်းဝန်းလက်တွဲဆောင်ရွက်

နိဂုံးချုပ်အနေဖြင့် NCA စာချုပ် နိဒါန်းမှာပါတဲ့ “ဤစာချုပ် လက်မှတ်ရေးထိုးကြသော ကျွန်ုပ်တို့သည် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရန်အတွက် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုတို့ကို အခြေခံ၍ ဤစာချုပ်ပါ အချက်အလက်များကို ပြီးစီးအောင်မြင်သည်အထိ မပျက်မကွက် အတူတကွ ပူးတွဲအကောင်အထည်ဖော် ဆောင်ရွက်သွားရန် သန္နိဋ္ဌာန်ပြုကြသည်” ဆိုတဲ့အတိုင်း ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများအာမခံချက်များ အပြည့်အဝရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနှင့်အညီ တည်ဆောက်သွားရန်အတွက် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံအပါအဝင် နိုင်ငံရေးဆွေးနွေးပွဲများအား စဉ်ဆက်မပြတ် ကျင်းပနိုင်ရေးကို မိမိတို့အားလုံးအနေဖြင့် ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်သွားကြဖို့ အလေးအနက် တိုက်တွန်းလိုပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။