၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁-ရာစုပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပနိုင်ရေးအတွက်ဆောင်ရွက်လျက်ရှိ
ရန်ကုန် ၁၁ ဇွန်
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (NCA-S EAO)၏ လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ရှေ့လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိသည့် အခြေအနေ နှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီခွဲက ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ (NCA-S EAO) ရုံးတွင် ကျင်းပခဲ့သည်။
သတင်းစာရှင်းလင်းပွဲတွင် NCA-S EAO ၏ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင် ညှိနှိုင်းရေးအဖွဲ့ ညှိနှိုင်းရေးမှူး ဦးမျိုးဝင်း က EAO အဖွဲ့များဆောင်ရွက်လျက်ရှိ သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အခြေအနေကို သတင်းမီဒီယာများအား ရှင်းလင်း ပြောကြားသည်။
ဦးမျိုးဝင်းက “အခုကျွန်တော်တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဖော်ဆောင်ပြီး ဦးတည်ကြိုးပမ်းနေတာကတော့ ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင် ပြည်ထောင်စုငြိမ်းချမ်း ရေး ညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို ကျင်းပနိုင်ဖို့အတွက် ရည်ရွယ် ဆောင်ရွက်နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ညီလာခံ ဒုတိယအစည်းအဝေးနဲ့ တတိယအစည်း ဝေးမှာ ပြည်ထောင်စုသဘောတူ စာချုပ် အစိတ်အပိုင်း ၁ နဲ့ ၂ ကို ချုပ်ဆိုနိုင်ခဲ့ပါတယ်။ အခု စတုတ္ထညီလာခံမှာလည်း ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၃ ကို ချုပ်ဆို နိုင်ဖို့ ကြိုးစားသွားမှာပါ။ ပြည်ထောင်စုသဘောတူ စာချုပ်အစိတ်အပိုင်း-၃ကို ဘယ်လို ပုံစံမျိုး ချုပ်ဆိုမလဲဆိုတာကိုလည်း ပြီးခဲ့တဲ့ (၈) ကြိမ်မြောက် JICM အစည်းအဝေးမှာ ဆုံးဖြတ်ချက်ချမှတ်ခဲ့ပြီး အခုချုပ်ဆိုနိုင်ဖို့အတွက် ပြင်ဆင်နေတာဖြစ်ပါတယ်” ဟု ပြော သည်။
(၈) ကြိမ်မြောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ကို ဇန်နဝါရီ (၈) ရက်က နေပြည်တော်တွင် ကျင်းပခဲ့ပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေးတွင် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း-၃ ကို အပိုင်း သုံးပိုင်းဖြင့် ချုပ်ဆိုသွားရန် သဘောတူညီခဲ့ကြသည်။
NCA-S EAO ၏ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့ ညှိနှိုင်းရေးမှူး ဦးမျိုးဝင်း က “ပြည်ထောင်စုသဘောတူ စာချုပ် အစိတ်အပိုင်း-၃ကို ချုပ်ဆိုရာမှာ အပိုင်း သုံးပိုင်း နဲ့ ချုပ်ဆိုသွားဖို့ JICM မှာ သဘောတူထားပါတယ်။ အဲဒီမှာ အပိုင်းတစ်အနေနဲ့ NCA အကောင်အထည်ဖော်မှုဆိုင်ရာ သဘောတူညီချက်၊ အပိုင်းနှစ်က ၂၀၂၀ အလွန်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆက်လက်အကောင်အထည်ဖော်နိုင်ဖို့အတွက် အဆင့်လိုက်လုပ်ငန်းစဉ်တွေကို အဆင့်လိုက် အကောင်အထည်ဖော်ဖို့နဲ့ အပိုင်းသုံးက အနာဂတ်ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို ဘယ်လိုအခြေခံမူနဲ့ ပုံဖော်သွားမလဲ ဆိုတာကို လမ်းညွှန်ချမှတ်နိုင်ဖို့အတွက် ရည်ရွယ်ပြီး နှစ်ဖက်အလုပ်အဖွဲ့တွေ ဆွေးနွေး နေပါတယ်။ ၂၀၂၀ ပထမ လေးလပတ်အတွင်းမှာပဲ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ အစည်းအဝေး ကျင်းပနိုင်ဖို့ သဘောတူချမှတ်ခဲ့ပေမယ့် မထင်မှတ်ဘဲ တစ်ကမ္ဘာလုံး ရင်ဆိုင်နေရတဲ့ ကိုဗစ်-၁၉ ရောဂါကြောင့် ရွှေ့ဆိုင်းခဲ့ရသလို ညှိနှိုင်းဆွေးနွေးပွဲတွေ ကိုလည်း ရွှေ့ဆိုင်းခဲ့ရပါတယ်” ဟုပြောသည်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေးကျင်းပ နိုင်ရေးအတွက် အစိုးရနှင့် NCA-S EAO နှစ်ဖက် ကိုယ်စားလှယ် အလုပ်အဖွဲ့များသည် လာမည့် ဇွန် ၂၃ ၊ ၂၄ ၊ ၂၅ ရက်များတွင် အစည်းအဝေးများ ကျင်းပသွားမည်ဖြစ်သည်။
“အခုလာမယ့် ဇွန်လ ၂၃၊ ၂၄၊ ၂၅ ရက်တွေမှာ အစိုးရအလုပ်အဖွဲ့နဲ့ ကျွန်တော်တို့ EAO အလုပ်အဖွဲ့ အစည်းအဝေးကျင်းပဖို့ နှစ်ဖက်သဘောတူထားပါတယ်။ အရင်က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပပြီဆိုရင် နိုင်ငံရေးအရ အဆင်သင့်ဖြစ်မှု အပေါ်မှာ မူတည်ပြီး အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ၊ လူထုတွေ့ဆုံပွဲတွေ ရှိမယ်။ နောက် UPDJC က ဖွဲ့စည်းပေးထားတဲ့ သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်း ကော်မတီရှိတယ်။ အဲဒီလို အဆင့်ဆင့်လုပ်ပြီးမှ နိုင်ငံရေးဆွေးနွေးပွဲကို ကျင်းပ တာဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေ့ကာလမှာ အဲဒီလို နိုင်ငံရေးဆွေးနွေးပွဲ ကျယ်ကျယ် ပြန့်ပြန့် ကျင်းပဖို့ဆိုတာ တော်တော်လေးအခက်အခဲရှိပါတယ်။ ပါဝင်မှုကိုကျယ်ကျယ် ပြန့်ပြန့်ရှိဖို့ အရင်ကလို အခြေအနေမပေးတော့ဘူး။ အစိုးရနဲ့ကျွန်တော်တို့ ညှိနှိုင်းထား တာက ညီလာခံကို ပုံသဏ္ဍာန်ပြောင်းပြီး ကျင်းပရမယ်။ အစိတ်အပိုင်း သုံးပိုင်း ပါဝင်တဲ့ ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း-၃ ကိုချုပ်ဆိုနိုင်ဖို့ ပုံစံချမှတ်ပြီး ပြီဆိုရင် JICM ကို ကျွန်တော်တို့ တင်ပြရမှာဖြစ်ပါတယ်။ JICM ကိုတင်ပြပြီးရင် UPDJC ဆုံးဖြတ် ချက်နဲ့ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း-၃ ကို ချုပ်ဆိုနိုင်မယ့် ညီလာခံကို ကျင်းပဖို့ ရည်ရွယ်ထား တာဖြစ်ပါတယ်။ ဒါကြောင့် မီဒီယာကနေ တဆင့်လက်ရှိ လုပ်ငန်း စဉ်အခြေအနေကို တင်ပြတာပါ” ဟုပြောသည်။
အစိုးရဘက်မှ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်း အဝေးကို ဇူလိုင်လအတွင်း ကျင်းပနိုင်ရန် အဆိုပြုထားသော်လည်း NCA-S EAO ဘက်က ဩဂုတ်လတွင် ကျင်းပရန် ပြန်လည်အဆိုပြုသွားမည်ဖြစ်ကြောင်း သိရသည်။
ဦးမျိုးဝင်းက “အခုဆိုရင် အားလုံးသိတဲ့အတိုင်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ စတုတ္ထအစည်းအဝေးကို ၂၀၂၀ နိုဝင်ဘာမှာ ကျင်းပမဲ့ ရွေးကောက်ပွဲ မတိုင်ခင် ပြုလုပ်ရမှာ ဖြစ်ပါတယ်။ အစိုးရဘက်က ညီလာခံကို ဇူလိုင်လမှာ ကျင်းပနိုင်ဖို့ အဆိုပြု ထားတယ်။ အစိုးရရဲ့ အဆိုပြုချက်ကို EAO ဘက်က ပြန်လည်အဆိုပြုဖို့ ပြင်ဆင်နေတာကတော့ ဩဂုတ်လအတွင်း ကျင်းပနိုင်ဖို့ပါ။ နောက်ထပ် အလွတ်သဘောအနေနဲ့ နှစ်ဖက်ညှိနှိုင်း ထားတာကတော့ ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် ညီလာခံကိုယ်စားလှယ်အချိုး အစားကို လျော့ချဖို့ပါ။ အခုလွှတ်တော်အစည်းအဝေးကျင်းပသလို စနစ်တကျနဲ့ပါ။ အရင်က ညီလာခံကျင်းပရင် လူဦးရေထောင်ဂဏန်းအထိရှိပေမယ့် အခုတော့ တက်ရောက်မယ့် လူဦးရေရဲ့ သုံးပုံနှစ်ပုံလောက်အထိ လျော့ချဖို့ ပြင်ဆင်ထားတာရှိတယ်။ ဖြစ်သင့် ဖြစ်ထိုက်တဲ့ ပါဝင်မှုနဲ့အညီ ညီလာခံကြီး အောင်အောင်မြင်မြင် ကျင်းပနိုင်ဖို့ ဒီလိုမျိုး ရည်ရွယ်ထားပါတယ်” ဟုသတင်းမီဒီယာများအား ဖြေကြားခဲ့သည်။
သတင်း..ရဲခေါင်ညွန့်၊ ဓာတ်ပုံ..ဖိုးထောင်


