နှစ်ဆန်းတစ်ရက်နေ့၌ နေပြည်တော်ကောင်စီနယ်မြေအတွင်း ကောင်းမှုကုသိုလ် ပြုလုပ်သူများဖြင့်စည်ကား

နေပြည်တော် ဧပြီ ၁၇

ယနေ့သည် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် ကုန်ဆုံး၍ ၁၃၈၆ ခုနှစ် နှစ်သစ်သို့ ကူးပြောင်းသည့် နေ့ထူးနေ့မြတ် အချိန်အခါသမယ ဖြစ်သည့်အတွက် နှစ်ဟောင်းမှ အညစ် အကြေးများကို သင်္ကြန်ကာလအတွင်း အတာရေဖြင့် ဆေးကြောသန့်စင်ပြီး စိတ်၏အညစ် အကြေးများကို ကုသိုလ်ဒါနပြုခြင်းဖြင့် ဆေးကြောသန့်စင်၍ နှစ်သစ်ကို မင်္ဂလာရှိစွာဖြင့် အစပြုလေ့ရှိရာ ယနေ့တွင် မြန်မာနိုင်ငံတစ်ဝန်းရှိ ဘုရား၊ စေတီ၊ ကျောင်းကန်းများ၌ ဥပုသ် သီလ ဆောက်တည်ခြင်း၊ သက်ကြီး ဘိုးဘွားများကို တစ်ကိုယ်ရေ သန့်ရှင်းမှုများ ပြုလုပ်ပေးခြင်း၊ ကန်တော့ခြင်း၊ ဇီဝိတဒါန ဘေးမဲ့လွှတ်ခြင်းနှင့် စတုဒိသာကျွေးမွေး လှူဒါန်းကြခြင်း စသည့် ကုသိုလ်ကောင်းမှုတို့ဖြင့် နှစ်သစ်ကို အစပြုကြသည်။

နေပြည်တော်ကောင်စီနယ်မြေတွင် မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့ နံနက်ပိုင်းမှစ၍ တန်ခိုးကြီးဘုရားစေတီ၊ ကျောင်းကန်များ၌ ဥပုသ်သီလ ဆောက်တည်ကြသူများ၊ ဆရာတော်သံဃာတော်များ ရွတ်ဖတ်သရဇ္ဈာယ်သည့် အန္တရာယ်ကင်း ပရိတ်တရားတော်များ နာကြားကြသူများ ဇီဝိတဒါနဘေးမဲ့လွှတ်ကြသူများ၊ အလှူဒါနပြုကြသူများဖြင့် စည်ကားခဲ့သည်။

ထို့ပြင် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၊ ဓာတု ဇယဓာတ်ပေါင်းစု စေတီတော်၊ မဟာသကျရံသီ ရုပ်ရှင်တော်မြတ်ကြီး၊ လှေခွင်းတောင် တန်ခိုးကြီးဘုရား၊ ဘုရားကိုး ဆူစေတီ၊ လောကမာရဇိန်စေတီ၊ ရန်အောင်မြင် ရွှေလက်လှ ဘုရား၊ သတ္တသတ္တာဟ သံဝေဇနိယလေးဌာန၊ ဖောင်တော်ချက်မစေတီ စသည့်  ဘုရား စေတီ များတွင် ဥပုသ်သီလ ခံယူဆောက်တည်ကြသူများ၊ စတုဒိသာ ကျွေးမွေး လှူဒါန်းကြ သူများ ဖြင့် စည်ကားလျက်ရှိပြီး ဇီဝိတဒါနအဖြစ် ငါးနှင့်ငှက်များကို ဘေးမဲ့ လွှတ်ကြခြင်းဖြင့် နှစ်သစ် ကုသိုလ်အလှူများကို တစ်ဦးတစ်ယောက်ချင်းအလိုက်၊ မိသားစုအလိုက်၊ အစုအဖွဲ့အလိုက် အစဉ်အလာမပျက် ပြုလုပ်ကြသည်။

အလားတူ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဝန်ကြီးဌာနများ၊ ရပ်ကွက်များ၊ ဝန်ထမ်းအိမ်ရာများ၊ ဓမ္မာရုံများတွင်လည်း ဆရာတော်၊ သံဃာတော်များ ပင့်ဖိတ်၍ ပရိတ် တရားတော်များနှင့် အနန္တရာယိက ကမ္မဝါစာများ နာကြားကြကာ ကုသိုလ်ကောင်းမှုအစုစု တို့အတွက် အမျှပေးဝေခဲ့ကြကာ နှစ်သစ်ကို ကုသိုလ်ကောင်းမှုများဖြင့် စတင်ခဲ့ကြသည်။

သတင်း - သန်းမင်းအောင်/ဓာတ်ပုံ - ဖိုးပြည့်