မတ္တရာ ၃၀ ဇူလိုင်

နှစ်စဉ်ကျင်းပမြဲဖြစ်သည့် တောင်ပြုံးပွဲတော်ကို သြဂုတ် ၈ ရက်တွင် စတင်တော့မည်ဖြစ်ရာ ပွဲတော်ကာလအတွင်း ဇာတ်သဘင်များ ကပြဖျော်ဖြေခွင့်အတွက် တိုင်းအစိုးရအဖွဲ့မှ ခွင့်ပြုမိန့်ချပေးလိုက်ပြီဟု ဂေါပကဥက္ကဋ္ဌ ဦးကျော်ကျော်က ပြောသည်။ 

တောင်ပြုံးပွဲသည် နှစ်စဉ်ကျင်းပသည့် ပွဲတော်ဖြစ်သည့်အတွက် ပွဲမိန့်တောင်းခံစရာမလိုဘဲ ဇာတ်သဘင် ကပြခွင့် အမိန့်ကိုသာ တင်ပြတောင်းခံရပြီး ဇူလိုင် ၂၅ ရက်တွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးမှ တောင်ပြုံးပွဲတော်တွင် ဇာတ်သဘင်များ ကပြဖျော်ဖြေရန် ခွင့်ပြုမိန့် ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့နှင့် မဝေးသည့် မတ္တရာမြို့နယ် တောင်ပြုံးရွာတွင် ကျင်းပသည့် တောင်ပြုံးပွဲတော်ကို သြဂုတ် ၈ ရက်မှ ၁၅ ရက်အတွင်း ကျင်းပမည်ဖြစ်ရာ လက်ရှိတွင် ရာသီတုပ်ကွေး (H1N1) ရောဂါ ဖြစ်ပွားမူများကြောင့် ရန်ကုန်တိုင်းဒေသကြီး အပါအဝင် မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် လူသေဆုံးမူများ ရှိနေသော်လည်း မန္တလေးတိုင်းဒေသကြီးအတွင်း အဆိုပါရောဂါကြောင့် သေဆုံးသူမရှိဘဲ လူ ၄ ဦးတွင်သာ ရောဂါကူးစက်ခံရပြီး စိုးရိမ်စရာမရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။ 

ယခုနှစ် တောင်ပြုံးပွဲတော်တွင် ဈေးဆိုင်ခန်းနေရာ ၉၀ဝ သတ်မှတ်ထားပြီး ဆိုင်ခန်းငှားရမ်းခများကို ယခင်နှစ်က နှုန်းထားအတိုင်း ဈေးမတက်ဘဲ ချထားပေးကြောင်း ဂေါပကတာဝန်ရှိသူများက ပြောသည်။ 

ထို့အပြင် ပွဲတော်ကာလ ဈေးဆိုင်ခန်းနေရာများ၊ ဇာတ်ရုံ၊ သန့်စင်ခန်း၊ လျှပ်စစ်မီး စသည့် သတ်မှတ်ထားသည့် လေလံ ၆ မျိုး ရောင်းချလျက်ရှိရာ ဇူလိုင် ၂၅ ရက်အထိ စုစုပေါင်း ကျပ်သိန်းတစ်ထောင်ခန့် ရရှိထားသည်ဟု ဦးကျော်ကျော်က ပြောပြသည်။ 

ယခုနှစ် တောင်ပြုံးပွဲတော်တွင် ပွဲတော်လာပြည်သူများအတွက် ရာသီတုပ်ကွေးရောဂါ (H1N1) အကြောင်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ နှာခေါင်းစည်း (Mask)များဝေခြင်း၊ Hand Gel (လက်ဆေးဆပ်ပြာအဆီ) များဝေခြင်းနှင့် အဖျားရောဂါရှိသူများကို စောင့်ကြည့်စစ်ဆေး ကုသပေးခြင်းများ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူ များက ပြောသည်။

အောင်စံမောင်