ပဲခူး   နိုဝင်ဘာ   ၂၄

 

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ စကွေး(မရိုးခုံ) ကျေးရွာအုပ်စု၊ မရိုးခုံကျေးရွာအနေဖြင့် နှစ်စဉ် ရေကြီးနစ်မြုပ်လျက်ရှိသည့်အတွက် စနစ်တကျပြောင်းရွှေ့ နေရာချထားပေးနိုင်ရေး ညှိနှိုင်း အစည်းအဝေးကို ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ နိုဝင်ဘာ ၂၄ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရွာမြေတိုင်းတာကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းသွားရန်၊ မြေနေရာများအား မြေညှိရှင်းလင်းခြင်း ဆောင်ရွက်သွားရန်၊ ပြောင်းရွှေ့မည့်မြေနေရာနှင့်ပတ်သက်၍ မြေတည်နေရာ၊ အကျယ်ဝန်း၊ ပုံသဏ္ဍာန် မြေပြင်အနေထားတို့အရ နေထိုင်ရန်အကွက်ချပုံစံ၊ အိုးအိမ်ဦးစီးဌာနနှင့် ကျွမ်းကျင်အင်ဂျင်နီယာများ ပူးပေါင်းရေးဆွဲရန်၊ အိမ်အကွက်ချနှင့် ရွာတွင်းလမ်းများ အကွက်ရိုက် တိုင်းတာရန်၊ အိမ်ခြေအလိုက် မဲစနစ်ဖြင့် မြေကွက်နေရာများ ချထားပေးသွားရန်၊ လျှပ်စစ်မီးရရှိရေး ဆောင် ရွက်ပေးရန်၊ ရေရရှိရေး ဆောင်ရွက်ပေးရန်၊ လမ်းပန်းဆက်သွယ်ရေးနှင့် အခြားအုပ်ချုပ်ထောက်ပံ့ကိစ္စ များ ဆောင်ရွက်ပေးရန်တို့ကို လမ်းညွှန်မှာကြားသည်။

 

ထို့နောက် တက်ရောက်လာကြသည့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက အသီးသီးတင်ပြကြရာ ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန် မှာကြားသည်။

 

တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ စကွေး(မရိုးခုံ)ကျေးရွာအုပ်စု၊ မရိုးခုံကျေးရွာတွင် အိမ်ခြေ/ အိမ်ထောင်စု ၃၈၀၊ လူဦးရေ ၁၁၉၃ ဦးရှိသည့်အနက် နှစ်စဉ် တောင်ကျချောင်းရေများခြင်းကြောင့် အိမ်ခြေ/အိမ်ထောင်စု ၂၁၅ စု၊ လူဦးရေ ၈၃၁ ဦး ရေကြီးနစ်မြှုပ် ခံစားခဲ့ရပြီး ရေလွတ်သည့်နေရာသို့ စနစ်တကျ ပြောင်းရွှေ့နေရာချထား ပေးနိုင်ရေး တိုင်းဒေသကြီးအစိုးရအဖွဲ့က ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

 

တင်စိုး(ပဲခူး)