နေပြည်တော် ၁ မေ

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် နှစ်ကုန်ပိုင်းတွင် ယှဉ်ပြိုင်ရမည့် နိုင်ငံတကာပြိုင်ပွဲများအတွက် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်သွားမည်ဖြစ်ပြီး လက်ရွေးစင်အသင်းအားလုံးအတွက် ဆောင်ရွက်သွားမည်ဖြစ်သည်။

 

ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် အာဆီယံအဆင့်၊ အာရှအဆင့်၊ ကမ္ဘာ့အဆင့် ပြိုင်ပွဲများမှာ ရပ်နားထားပြီး စက်တင်ဘာမှသာ အစောဆုံး ပြန်လည်ကျင်းပဖွယ်ရှိနေသည်။

 

မြန်မာဘောလုံးအသင်းများ ဝင်ရောက်ယှဉ်ပြိုင်နေသည့် အာဆီယံအဆင့် ပြိုင်ပွဲများမှာလည်း သြဂုတ်အကုန်ထိ ရပ်နားထားပြီး စက်တင်ဘာနောက်ပိုင်းမှ အစောဆုံး ကျင်းပနိုင်မည်ဖြစ်သော်လည်း လက်ရွေးစင်အသင်းများ၏ ကြိုတင်ပြင်ဆင်မှုများအတွက် စတင်ဆောင်ရွက်နေခြင်း ဖြစ်သည်။

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ်ကော်မတီသည် မြန်မာ့လက်ရွေးစင်အပါအဝင် လူငယ်လက်ရွေးစင် အသင်းများ၏ လေ့ကျင့်ပြင်ဆင်မှုများ၊ ပြိုင်ပွဲအကြို နိုင်ငံတကာခြေစမ်းပွဲများ၊ နည်းပြခန့်အပ်ရမည့်အသင်းများ၊ နည်းပြအဖွဲ့ဝင် အင်အားဖြည့်တင်းမည့် အသင်းများကို ဆက်လက် အင်အားဖြည့်တင်း ဆောင်ရွက်သွားမည် ဖြစ်သည်။

 

လက်ရွေးစင်အသင်းများအနက် မြန်မာ့လက်ရွေးစင် အမျိုးသားအသင်းသည် ရွှေ့ဆိုင်းထားသည့် ကမ္ဘာ့ဖလား ခြေစစ်ပွဲ လက်ကျန်ပွဲသုံးပွဲအပြင် နိုဝင်ဘာ တတိယပတ်တွင် စတင်မည့် ၂၀၂၀ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲပါ ယှဉ်ပြိုင်ရမည် ဖြစ်သည်။

 

ထို့ပြင် ယူ-၁၉ အမျိုးသားအသင်း၊ ယူ-၁၆ အမျိုးသားအသင်း၊ ယူ-၁၈ အမျိုးသမီးအသင်း၊ ယူ-၁၅ အမျိုးသမီးအသင်း၊ ဖူဆယ်အမျိုးသားအသင်းတို့မှာ နှစ်ကုန်ပိုင်းတွင် နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ရမည် ဖြစ်ပြီး အမျိုးသမီး လက်ရွေးစင်အသင်းနှင့် ယူ-၂၁ အမျိုးသားအသင်းတို့မှာ လာမည့်နှစ်အတွက် ကြိုတင်ပြင်ဆင်မှု အနေဖြင့် လေ့ကျင့်မှုများ ပြုလုပ်သွားမည်ဖြစ်သည်။

 

လက်ရှိအချိန်တွင် လက်ရွေးစင်အသင်းအားလုံးမှာ လေ့ကျင့်မှုရပ်နားထားပြီး ကိုရိုနာဗိုင်းရပ်စ် အခြေအနေ တည်ငြိမ်သွားမှသာ လေ့ကျင့်မှု ပြန်လည်ပြုလုပ်သွားမည် ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်