နေပြည်တော် အောက်တိုဘာ ၂၃
၂၀၂၂ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပဥ္စမနေ့ကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များဖြင့် စည်ကားလျက်ရှိသည်။
နံနက်ပိုင်းမှ စတင်၍ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များသည် မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများနှင့် ခန်းမ အပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအရိုင်း တွဲများကို စိတ်ကြိုက်လေ့လာ ကြည့်ရှုကြသည်။
ယနေ့ပြပွဲတွင် ရောင်းချမည့် ကျောက်စိမ်းအတွဲအမှတ် ၁ မှ အတွဲအမှတ် ၇၅၀ အထိ ကျောက်စိမ်းအတွဲများကို ရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်း တင်သွင်းလွှာများကို တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။
ထို့နောက် ကျောက်စိမ်းအတွဲအမှတ် ၁ မှ အတွဲအမှတ် ၇၅၀ အထိ တင်သွင်းထားသော ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက ဖွင့်ဖောက်စစ်ဆေးကာ ကျောက်စိမ်းအတွဲပေါင်း ၆၆၅ တွဲရောင်းချရကြောင်း ကြေညာသည်။
ပြပွဲ ဆဌမ နေ့တွင် ကျောက်စိမ်းအတွဲအမှတ် (၇၅၁) မှ (၁၅၀၀) ကိုအိတ်ဖွင့် တင်ဒါ စနစ်ဖြင့် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား ဆက်လက်ရောင်းချပေး သွားမည်ဖြစ်သည်။
ထို့ပြင် မဏိရတနာကျောက်စိမ်းခန်းမအတွင်း၌ ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာ အရောင်းဆိုင်များကိုလည်း ဖွင့်လှစ်ထားရှိရာ လာရောက်လေ့လာ ဝယ်ယူသူများဖြင့် စည်ကားလျက်ရှိသည်။
မွန်းလွဲပိုင်းတွင် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ နာယက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးခင်မောင်ရီနှင့် ပြပွဲဗဟိုကော်မတီဝင်များသည် မဏိရတနာ ကျောက်စိမ်းခန်းမအတွင်းရှိ ကျောက်စိမ်းအတွဲများ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးနေမှုကို ကြည့်ရှု အားပေးသည်။

ပြပွဲတွင် ပုလဲအတွဲပေါင်း ၄၀၀ အနက်မှ အတွဲပေါင်း ၃၆၂ တွဲနှင့် ကျောက်မျက် အတွဲ ၁၂၀ အနက်မှ အတွဲပေါင်း ၅၅ တွဲရောင်းချခဲ့ရပြီး ကျန်ရှိနေသည့် ကျောက်စိမ်းအတွဲများကိုလည်း အောက်တိုဘာ ၂၄ ရက်မှ ၂၅ ရက်အထိ ဆက်လက် ရောင်းချပေးသွားမည်ဖြစ်သည်။
ယနေ့စတင်ရောင်းချသည့် ကျောက်စိမ်းအတွဲများအတွက် ကြမ်းခင်းဈေးကို ယူရိုငွေဖြင့် သတ်မှတ်ထားရှိပြီး ပြည်ပရတနာကုန်သည်များက အမေရိကန်ဒေါ်လာ၊ ယူရို၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေတို့ဖြင့်လည်းကောင်း၊ ပြည်တွင်းရတနာကုန်သည်များက ကျပ်ငွေဖြင့် လည်းကောင်း ပေးချေသွားရမည်ဖြစ်သည်။
ကမ္ဘာပေါ်တွင် ရှားပါးအဖိုးထိုက်တန်သော မြန်မာ့ကျောက်မျက်ရတနာတွင်းထွက် သယံဇာတများကို ရောင်းချခြင်းဖြင့် ရှာဖွေဖြည့်ဆည်းပေးနိုင်ခဲ့သော နိုင်ငံခြားငွေများသည် နိုင်ငံတော်၏ ကဏ္ဍမျိုးစုံ တည်ဆောက်မှုအတွက် များစွာ အထောက်အကူပြုသလို နိုင်ငံသားများအတွက် အလုပ်အကိုင် အခွင့်အလမ်းများစွာကို ဖန်တီးပေးနိုင်ခဲ့ကြောင်းလည်း သိရသည်။
သတင်းစဉ်