မော်စကို ၁၃ ဒီဇင်ဘာ
ဗြိတိန်နိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးနှင့် ရုရှားနိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး နှစ်မျိုးပေါင်းပြီး အကျိုးသက်ရောက်မှု ပိုမိုရှိစေမည့် ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်မျိုးကို ပူးပေါင်းထုတ်လုပ်ရန် ဗြိတိန်ဆေးဝါးကုမ္ပဏီ AstraZeneca က ရုရှားသုတေသီများနှင့်အတူ ကြိုးပမ်း လျက်ရှိကြောင်း သိရသည်။
အဆိုပါစမ်းသပ်လျက်ရှိသော နှစ်မျိုးစပ်ကာကွယ် ဆေးကို ယခုလနှောင်းပိုင်းတွင် လက်တွေ့စမ်းသပ်မှုများ စတင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရုရှားသုတေသီများက ယမန်နေ့တွင် ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် AstraZeneca ကုမ္ပဏီသည် ကိုဗစ်-၁၉ ကာကွယ်ဆေးထုတ်လုပ်ရန် အောက်စဖို့ဒ် တက္ကသိုလ်နှင့် ပူးပေါင်းလုပ်ဆောင်လျက်ရှိပြီး ရုရှားအနေဖြင့် Sputnik V ကာကွယ်ဆေးကို ပြည်သူများအား ထိုးနှံမှု များ စတင်ဆောင်ရွက်လျက်ရှိသည်။
ကာကွယ်ဆေးနှစ်မျိုးပေါင်းစပ်ပြီး တစ်မျိုးထုတ်လုပ် ရခြင်းမှာ ရောဂါခုခံစွမ်းရည် ပိုမိုတိုးတက်လာစေရန်အတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း AstraZeneca က ထုတ်ပြန်ချက် တစ်ရပ်တွင် ဖော်ပြထားသည်။
အဆိုပါနှစ်မျိုးစပ်ကာကွယ်ဆေးကို လက်တွေ့ စမ်းသပ်မှုပြုလုပ်ရန် ရုရှားဘက်က အဆိုပြုခဲ့ခြင်းဖြစ်သည်။
Sputnik V ကာကွယ်ဆေးထုတ်လုပ်ရန် ငွေကြေး မတည်ခဲ့သည့် ရုရှားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့ က အဆိုပါနှစ်မျိုးစပ်ကာကွယ်ဆေးထုတ်လုပ်မှုကို ကြိုဆိုပါကြောင်း ပြောကြားခဲ့သည်။
ကိုးကား- အင်န်အိတ်ချ်ကေ
ဘာသာပြန်- အောင်ကျော်ကျော်