မန္တလေး ၂၂  အောက်တိုဘာ

 

မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံသံအမတ်ကြီး H.E Saurabh Kumar နှင့် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(MRCCI)မှ တာဝန်ရှိသူများသည် နှစ်နိုင်ငံ စီးပွားရေး လုပ်ငန်း များ ပိုမိုပူးပေါင်းဆောင်ရွက်သွားနိုင်ရေးအတွက်  အောက်တိုဘာလ  ၂၁ ရက် နံနက်ပိုင်းက မန္တလေးမြို့၊ ၃၄×၇၈ လမ်း ထောင့်၊ ရတနာပုံစူပါစင်တာ စတုတ္ထထပ်ရှိ MRCCI အသင်းရုံး ဧည့်ခန်းမဆောင်တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

အဆိုပါတွေ့ဆုံပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E Saurabh Kumar ၊ မန္တလေးမြို့ အခြေစိုက်အိန္ဒိယနိုင်ငံကောင်စစ်ဝန်ချုပ်ရုံး၊ ကောင်စစ်ဝန်ချုပ် H.E Nandan Singh Bhaisora နှင့် တာဝန်ရှိသူများ၊ MRCCI ဥက္ကဋ္ဌ ဦးကျော်မင်း၊ အထွေထွေအတွင်းရေးမှူး ဦးဥက္ကာကျော်၊ တွဲဘက်အတွင်းရေးမှူးများဖြစ်သည့် ဦးသက်ထွန်းလင်းနှင့် ဦးညွှန့်ဝေ(ခ)ဦးချွန်၊ တွဲဘက်စာရင်းစစ် ဦးညီညီချစ်နှင့်  ဗဟိုအလုပ်အမှုဆောင်များ တက်ရောက်ခဲ့ကြသည်။

 

၁

 

ထိုသို့တွေ့ဆုံရာတွင် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းများ ပိုမို ပူးပေါင်း လုပ်ကိုင်သွားရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များ အချင်းချင်း စီးပွားရေးလုပ်ငန်းများ နီးကပ်စွာ  အပြန်အလှန်ဆောင်ရွက် လုပ်ဆောင် သွားနိုင်ရေးတို့ကို အထူးအလေးပေး ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံသို့ အထူးသဖြင့် မန္တလေးတိုင်းဒေသကြီးတွင် စက်မှုလုပ်ငန်းများ လာရောက် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်ရန် ဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။

 

ထို့အပြင် စိုက်ပျိုးရေးကဏ္ဍအနေဖြင့် မန္တလေးတိုင်းဒေသကြီးသည် အိန္ဒိယနိုင်ငံသို့ ပဲအများဆုံး တင်ပို့ ရောင်းချသည့်ဒေသဖြစ်သည့်အားလျော်စွာ ယခုထက်ပို၍ ပဲနှင့်အခြားကောက်ပဲသီးနှံများ ပိုမိုတင်ပို့ ရောင်းချနိုင်ရေး ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် သံအမတ်ကြီးမှတစ်ဆင့် အိန္ဒိယနိုင်ငံအစိုးရထံသို့ တင်ပြပေးရေး၊ ရက်ကန်း လုပ်ငန်း၊ အထည်အလိပ်လုပ်ငန်း၊ ချည်နှင့် ဆက်စပ်ပစ္စည်းများကို အိန္ဒိယနိုင်ငံ မှ အများဆုံးမှာယူ တင်သွင်းလျက်ရှိရာ အဆိုပါ လုပ်ငန်းများအတွက် လိုအပ်သော နည်းပညာ၊ စက်ယန္တရား၊ ကုန်ကြမ်း အစရှိသည်တို့ကို လွယ်ကူလျင်မြန်စွာ ရရှိနိုင်စေရေးအတွက် အကူအညီများ ရရှိနိုင်ရန်နှင့် သက်ဆိုင်ရာညီနောင် အသင်းများဖြစ်ကြသည့် အထည်အလိပ်၊ ယက္ကန်းအသင်းတို့နှင့် ပေါင်းစပ် လုပ်ကိုင်နိုင်ရေး တို့ကိုလည်း ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့သည်။

 

သန်းဇော်မင်း(ပြန်/ဆက်)