၃ ဇွန်
နည်းပညာကုမ္ပဏီဖြစ်တဲ့ ဟွာဝေးအပေါ် ထောက်ပံ့မှုတွေ ဖြတ်တောက်လိုက်တဲ့အတွက် တရုတ်နိုင်ငံဟာ အမေရိကန်နိုင်ငံအပေါ် လက်တုံ့ပြန်တဲ့အနေနဲ့ ဇွန် ၁ ရက်က ဘီလီယံချီတန်တဲ့ အမေရိကန်ကုန်ပစ္စည်းတွေအပေါ် အခွန်တိုးမြှင့်လိုက်ကြောင်း သတင်းတစ်ပုဒ်ကို ဖတ်လိုက်ရပါတယ်။ လတ်တလောမှာ တရုတ်နဲ့ အမေရိကန်နှစ်နိုင်ငံကုန်သွယ်ရေးဟာ လွယ်မယောင်နဲ့ ခက်ဆိုသလို ဖြစ်နေပါတယ်။
စွပ်စွဲခဲ့
တရုတ်နိုင်ငံဟာ ၆၀ ဘီလီယံခန့် တန်ဖိုးရှိတဲ့ အမေရိကန်ကုန်ပစ္စည်းတွေအပေါ် ငါးရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းအထိ အခွန်တိုးမြှင့်ကောက်ခံလိုက်တာဖြစ်ပါတယ်။ ဒါကလည်းအကြောင်းရှိပါတယ်။ ဒီမတိုင်ခင်က အမေရိကန်နိုင်ငံဟာ ဘီလီယံ ၂၀ဝ တန်ဖိုးရှိတဲ့ တရုတ်ကုန်ပစ္စည်းတွေအပေါ် ၂၅ ရာခိုင်နှုန်းခန့် အခွန်တိုးမြှင့် ကောက်ခံခဲ့ပါတယ်။ ဒါကို လက်တုံ့ပြန်တဲ့သဘောလည်း ဖြစ်ပါတယ်။
နှစ်နိုင်ငံ ကုန်သွယ်ရေးညှိနှိုင်းမှုမှာ သဘောတူညီချက်မရဘဲ ပြီးဆုံးခဲ့ပြီးနောက် အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ဟာ လွန်ခဲ့တဲ့လက ကုန်သွယ်ရေးစစ်ပွဲကို ပြန်လည်စတင်ခဲ့ကြတာ ဖြစ်ပါတယ်။ ကုန်သွယ်ရေးညှိနှိုင်းမှုအပိုင်းမှာတော့ အမေရိကန် ညှိနှိုင်းသူတွေက တရုတ်ညှိနှိုင်းသူတွေကို အရင်ကထားခဲ့တဲ့ ကတိကဝတ်တွေကို ဖျက်တယ်ဆိုပြီး စွပ်စွဲခဲ့တာတွေလည်း ရှိခဲ့ပါတယ်။
ပါးရိုက်ရင် နားကိုက်မယ်
ပါးရိုက်ရင် နားကိုက်မယ့် အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ရဲ့ ကုန်သွယ်ရေးဟာ မကြာသေးခင် ရက်သတ္တပတ်အတွင်းမှာ တင်းမာမှုတွေ မြင့်တက်လာခဲ့ပါတယ်။ အမေရိကန်နိုင်ငံဟာ ဟွာဝေးကုမ္ပဏီကို အမျိုးသားလုံခြုံရေးနဲ့ပတ်သက်ပြီး အမည်ပျက်စာရင်းသွင်းတာတွေ၊ ကုမ္ပဏီရဲ့ ကမ္ဘာ့မျှော်မှန်းချက်တွေကို ခြိမ်းခြောက်တာတွေစတဲ့ လှုပ်ရှားဆောင်ရွက်မှုတွေ ပြုလုပ်ပြီးနောက်ပိုင်းမှာ နှစ်နိုင်ငံကုန်သွယ်ရေးဆိုင်ရာ တင်းမာမှုတွေဟာ အတိုင်းထက်အလွန်ကို ဖြစ်လာကြပါတယ်။
တန်ပြန်တိုက်ခိုက်တော့မယ့်သဘော တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနက မေ ၃၁ ရက်က ပြောကြားခဲ့ပြီး တရုတ်နိုင်ငံအနေဖြင့် စီးပွားရေးဆိုင်ရာ စာချုပ်တွေ ချိုးဖျက်ခဲ့တဲ့၊ ယုံကြည်စိတ်ချလို့မရတဲ့ လူ သို့မဟုတ် ကုမ္ပဏီစာရင်းတွေနဲ့ တရုတ်ကုမ္ပဏီတွေကို ထောက်ပံ့မှုတွေရပ်တန့်လိုက်တဲ့ အမည်စာရင်းတွေကို ထုတ်ပြန် သွားဖို့လည်းရှိကြောင်း သိရပါတယ်။
တရုတ်နိုင်ငံရဲ့ တန်ပြန်တိုက်ခိုက်မှုတွေကိုတော့ မိမိတို့ပြောသလို မိမိတို့လုပ်နိုင်တယ်လို့ စီစီတီဗွီရဲ့ အစီအစဉ်ကြေညာသူ ကန်ဟွေ့က မေ ၃၁ ရက်က ပြောပါတယ်။ ဆွေးနွေးညှိနှိုင်းမှုတွေလုပ်ဖို့ မိမိတို့တွေ တံခါးတွေအမြဲဖွင့်ထားကြောင်းနဲ့ တိုက်ခိုက်မှု တွေလုပ်မယ်ဆိုပါကလည်း အဆုံးထိတိုက်ခိုက်သွားမှာဖြစ်တယ်လို့ သူက ဆက်လက် ပြောခဲ့ပါတယ်။
ဖရိုဖရဲဖြစ်စေ
အမေရိကန်နဲ့ တရုတ်နိုင်ငံရဲ့ ကုန်သွယ်ရေးတင်းမာမှုဟာ ကမ္ဘာ့ကုန်သွယ်ရေး အခြေအနေကို တစ်မျိုးတစ်မည်ပြောင်းလဲသွားနိုင်စွမ်းရှိပါတယ်။ အမေရိကန်ဟာ တရုတ်ပို့ကုန်တွေအပေါ် အခွန်တိုးမြှင့်ကောက်ခံမှုတွေ လုပ်ခဲ့ရာမှ တရုတ်နိုင်ငံရဲ့ ကုန်စည်တင်ပို့မှုဈေးကွက်ဟာ ကမောက်ကမဖြစ်ခဲ့ပြီး တရုတ်ငွေကြေးတန်ဖိုးအနည်းငယ် ကျဆင်းခဲ့ရပါတယ်။ တစ်ဖက်မှာတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ကုန်သွယ်ရေးနဲ့ ပတ်သက်တဲ့ မူဝါဒအခင်းအကျင်းကြောင့် အမေရိကန်ဒေါ်လာဟာ အတက်ဘက်သို့ ဦးတည်လာခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အစိုးရအဖွဲ့ဟာ တရုတ်ပို့ကုန်တွေအပေါ် နောက်ထပ်အခွန်တိုးမြှင့်ကောက်ခံမှုတွေ ပြုလုပ်ခဲ့သလို တရုတ်နိုင်ငံကလည်း အခုလိုအမေရိကန်ရဲ့ ကုန်သွယ်ရေးအပေါ် အခွန်တိုးမြှင့်ကောက်ခံတာကစလို့ အမေရိကန်ရဲ့ ကုန်သွယ်ရေးမူဝါဒကို လုံးလုံးမကြိုက်တဲ့အတွက် လက်စားချေတုံ့ပြန်မှုတွေလည်း ပြုလုပ်နေတာကို တွေ့မြင်နေရပါတယ်။
အမေရိကန်နိုင်ငံရဲ့ အခွန်စည်းကြပ်မှုတွေဟာ အရေးပေါ်အခြေအနေတွေကို ဖြစ်ပေါ်စေပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အခွန်စည်းကြပ်မှုဟာ တရုတ်နိုင်ငံကို ရိုက်ခတ်စေပါတယ်။ ထို့အတူပဲ ဆိုးရွားလှတဲ့ ကုန်သွယ်မှုသဘော တူညီချက်တွေကို ဖရိုဖရဲဖြစ်စေပါတယ်။
ဖြန့်ကြက်
တရုတ်နိုင်ငံကလည်း စီးပွားရေးမှာ ကမ္ဘာ့ဒုတိယ နေရာမှာ ရပ်တည်နိုင်တာနဲ့အညီ သူကလည်း ဘယ်နည်းနဲ့မဆို အမေရိကန်ကို ဖြတ်ကျော်ဖို့ ကြိုးစားနေတဲ့သူလည်း ဖြစ်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ကုန်သွယ်ရေးနည်းဗျူဟာ ပြောင်းလဲမှုကြောင့်သာ လတ်တလောမှာ အခွင့်မသာသေးသလိုဖြစ်နေပေမယ့် နောင်တစ်ချိန်ချိန်မှာ ဘယ်နည်းနဲ့မဆို အမေရိကန်ကို ဖြတ်ကျော်ဖို့ ကြိုးစားဦးမှာပဲ ဖြစ်ပါတယ်။
ဆိုးရွားနေတဲ့ ကမ္ဘာ့ကုန်သွယ်ရေး တင်းမာမှုတွေကို လျော့နည်းစေဖို့ အမေရိကန်ပြည်ထောင်စု၊ တရုတ်နဲ့ ရုရှားနိုင်ငံတို့ကို အတူတကွလုပ်ဆောင်သွားဖို့နဲ့ အကယ်၍ သူတို့တွေသာ အတူတကွ လက်တွဲမလုပ်ဆောင်နိုင်ပါက ကုန်သွယ်ရေးမှာ ပဋိပက္ခတွေနဲ့ ဖရိုဖရဲဖြစ်ကုန်တော့မှာပဲဆိုပြီး မကြာသေးမီက ဥရောပသမဂ္ဂကောင်စီဥက္ကဋ္ဌ ဒေါ်နယ် တက်ခ်က တိုက်တွန်းခဲ့တာလည်း ရှိပါတယ်။
အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ရဲ့ ကုန်သွယ်ရေးစစ်ပွဲ အသွင်ဆောင်နေမှုအကျိုးဆက်ကြောင့် ကမ္ဘာ့စီးပွားရေး ဖရိုဖရဲဖြစ်သွားမှာကို စိုးရိမ်တဲ့အတွက် အခုလိုမျိုး ဥရောပသမဂ္ဂကောင်စီဥက္ကဋ္ဌ ဒေါ်နယ်တက်ခ်က တိုက်တွန်းခဲ့တာလည်း ဖြစ်ပါတယ်။ အမေရိကန်ဟာ သူ့ရဲ့ ဥရောပနဲ့ ကနေဒါမဟာမိတ်တွေကိုလည်း အလွတ်မပေးဘဲ ကုန်သွယ်ရေးဗျူဟာတွေ ဖြန့်ကြက်ခဲ့ပါတယ်။
တုံ့ပြန်ခဲ့
ဒီနေ့ကျွန်တော်တို့တွေဟာ ကြောက်စရာကောင်းတဲ့ ကစားနည်းကို ကစားမလား ဆိုတာနဲ့ ပတ်သက်ပြီး ချီတုံချတုံ၊ မပြတ်မသားဖြစ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဘာနဲ့ အလားသဏ္ဌန်တူသလဲဆိုတော့ ယူကရိန်းနဲ့ ဆီးရီးယားနိုင်ငံမှာဖြစ်နေတဲ့ ပဋိပက္ခတွေနဲ့ ခပ်ဆင်ဆင်တူနေပါတယ်။ ဒါကြောင့်ပဲ အားလုံးလက်ခံနိုင်တဲ့ မျှတတဲ့ အဖြေတစ်ခု ထွက်လာဖို့ လိုအပ်ပါတယ်လို့ ဒေါ်နယ်တက်ခ်က ဆိုခဲ့ပါတယ်။
အမေရိကန်ဘက်ကတော့ ဥရောပသမဂ္ဂရဲ့ စတီးနဲ့ အလူမီနီယံသွင်းကုန်တွေ အပေါ် အခွန်တိုးမြှင့်ကောက်ခံတဲ့ကိစ္စ၊ ရုရှားနဲ့ အမေရိကန်နိုင်ငံရဲ့ အဓိကကုန်သွယ်ရေးမိတ်ဖက်တွေ ကိစ္စတွေအပြင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဇူလိုင်လ အစောပိုင်းမှာ အမေရိကန်ဒေါ်လာ ၃၄ ဘီလီယံတန်ဖိုးရှိ တရုတ်သွင်းကုန်တွေအပေါ် အခွန်တိုးမြှင့်ကောက်ခံခဲ့ပါတယ်။
စောင့်ကြည့်ရမယ်
ကမ္ဘာ့အင်အားကြီးနှစ်နိုင်ငံရဲ့ ကုန်သွယ်ရေးအားပြိုင်မှုဟာ ကျန်တဲ့ကမ္ဘာ့နိုင်ငံ အသီးသီးရဲ့ ကုန်သွယ်ရေးအပေါ် ရိုက်ခတ်မှုတွေ ဖြစ်ပေါ်စေပါတယ်။
တရုတ်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုဟာ အရင် ၆ ဒသမ ၈ ရာခိုင်နှုန်းရှိရာမှ အခုအခါ ၆ ဒသမ ၇ ရာခိုင်နှုန်းဖြစ်လာပြီး အနည်းငယ်ကျဆင်းခဲ့တယ်လို့ အစိုးရပြောရေးဆိုခွင့် ရှိသူက ပြောပါတယ်။ အခုလို ကုန်သွယ်ရေးတင်းမာတဲ့အခြေအနေတွေကို ဘယ်လို ကိုင်တွယ်မလဲဆိုတာကတော့ အမေရိကန်နဲ့ တရုတ်နိုင်ငံ ခေါင်းဆောင်နှစ်ဦးတို့ အနေနဲ့ အရေးတကြီး ဆွေးနွေးရမယ့်အချိန်လည်းဖြစ်လာပြီ ဖြစ်ပါတယ်။
လတ်တလောမှာ ဖြစ်ပေါ်လာတဲ့ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ရဲ့ ကုန်သွယ်ရေးတင်းမာမှုဟာ တဖြည်းဖြည်း အရှိန်မြင့်လာတဲ့ အင်ဂျင်တစ်ခုနဲ့တောင် တူနေပါတော့တယ်။ ဘယ်အချိန်များ ထပြီး ဘာများဖြစ်မလဲဆိုတာ စိုးတထိတ်ထိတ်နဲ့ စောင့်ကြည့်နေရပါတယ်။ နှစ်နိုင်ငံခေါင်းဆောင်တွေအနေနဲ့ ကုန်သွယ်ရေးတင်းမာ မှုတွေကို ဘယ်လိုကိုင်တွယ်သွားမလဲဆိုတာကလည်း စိတ်ဝင်စားစရာကောင်းစွာနဲ့ စောင့်ကြည့်ရပါတော့မယ်။ ။
ကိုးကား - အေအက်ဖ်ပီ
ထွန်းသစ်စ