၄ စက်တင်ဘာ


မြန်မာနိုင်ငံသည်  နိုင်ငံအများနှင့် မိတ်ဝတ်မပျက် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရပ်တည်လျက်ရှိသည်။    အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများသာမက မ္ဘာ့နိုင်ငံများအားလုံးနှင့်ပါ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံခြင်းဖြင့် နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို ရှေးရှုဆောင်ရွက်လျက်ရှိသည်။ စက်တင်ဘာလ ၃ ရက်တွင် ကိုရီးယားသမ္မတနိုင်ငံ  သ မ္မတနှင့်ဇနီးတို့ မြန်မာနိုင်ငံသို့ရောက်ရှိလာသည်။

 

မြန်မာနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့သည် ရှေးအစဉ်အဆက်နက်ရှိုင်းသော ဆက်ဆံရေးထူထောင်ထားသည့်     မိတ်ဖက်နိုင်ငံဖြစ်သည်။ အာရှတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအဆင့် ၄ ရှိပြီး     ကမ္ဘာတွင် အဆင့် ၁၁ ရှိသည့်   ကိုရီးယားသမ္မတနိုင်ငံအား  ရင်းနှီးချစ်ကြည်စွာ လက်ခံတွေ့ဆုံနိုင်ခြင်းသည်  ဖွံ့ဖြိုးတိုးတက်မှုကို  အားယူနေသော  မြန်မာနိုင်ငံအတွက် အခွင့်အလမ်းကောင်းဖြစ်စေသည်။ လက်ရှိတွင်   စီးပွားရေး အလားအလာကောင်းများရှိနေသော မြန်မာနိုင်ငံတွင် ကိုရီးယားသမ္မတ နိုင်ငံသည် ရင်းနှီးမြှုပ်နှံမှုများစွာပြုလုပ်ထားသည်။

 

မြန်မာနိုင်ငံသို့   လာရောက်ရင်းနှီးမြှုပ်နှံကြသောနိုင်ငံများမှာ ၄၉ နိုင်ငံရှိပြီး ယင်းတို့အနက် ကိုရီးယားသမ္မတနိုင်ငံသည်  လက်ရှိတွင်  မြန်မာနိုင်ငံ၌  စီးပွားရေးလုပ်ငန်း  ၁၇၇  ခုတွင်   ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ လေးဘီလီယံခန့်မြှုပ်နှံထားကာ   နိုင်ငံအလိုက်ရပ်တည်မှုတွင်အဆင့် ၆ ရှိသည်။     ကိုရီးယားသမ္မတနိုင်ငံသည်    မြန်မာနိုင်ငံတွင်စီးပွားရေးအရ   ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများသာမက    မြန်မာနိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် ကူညီအားပေးနေသော မိတ်ဆွေနိုင်ငံဖြစ်သည်။

 

ကိုရီးယားသမ္မတနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးပါသည့်ကျေးရွာသစ်စီမံကိန်းနှင့်  အလားတူပုံဖော်ထားသည့်      မြန်မာဆယ်မာ အူလ်အွန်ဒုံစီမံကိန်းကို  မြန်မာနိုင်ငံတွင် ဖော်ဆောင်ပေးနေသည်။  ရန်ကုန်မြစ်ကူး ကိုရီးယား-မြန်မာချစ်ကြည်ရေးတံတား(ဒလ)စီမံကိန်းကို စတင်နေပြီး   အလုပ်အကိုင်အခွင့်အလမ်းပေါင်း   ငါးသောင်းမှ တစ်သိန်းအထိဖန်တီးပေးနိုင်မည့်  Korea-  Myanmar  Industrial  Complex  (KMIC)   စက်မှုဇုန်စီမံကိန်း  အကောင်အထည်ဖော်ရေး စသည်တို့သည် မြန်မာ-ကိုရီးယား ချစ်ကြည်ရင်းနှီးခြင်း၏ သက်သေသာဓကများဖြစ်သည်။

 

ကိုရီးယားသမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံတို့   ပူးပေါင်းဆောင်ရွက်ရေး အတွက် နားလည်မှုစာချွန်လွှာများ၊  သဘောတူညီမှုများ  လက်မှတ်ရေးထိုး ရန်တို့ရှိနေပြီး  ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မွန်ဂျေအင်း   မြန်မာနိုင်ငံသို့ရောက်ရှိစဉ်ကာလအတွင်း        အကောင်အထည်ဖော်နိုင်လိမ့်မည်ဟုကြားသိရသည်။ မြန်မာနိုင်ငံအတွက်  စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု  ပူးပေါင်း ဆောင်ရွက်ရေး   ရန်ပုံငွေဒေါ်လာသန်း   ၁၀ဝ   အထိ   ထောက်ပံ့ငွေသဘောတူညီချက်၊ ကိုရီးယား- မြန်မာနှစ်နိုင်ငံအကြား  ကုန်သွယ်ရေးနှင့်စက်မှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ချက်တို့ ဆောင်ရွက်ရန်ရှိသည်ဟုကိုရီးယားသမ္မတ နိုင်ငံသံအမတ်ကြီးက အသိပေးထားသည်။

 

မြန်မာနိုင်ငံအပေါ် စိတ်ဝင်စားပြီး   ရင်းနှီးမြှုပ်နှံသောနိုင်ငံများတွင် ကိုရီးယားသမ္မတနိုင်ငံသည် ထိပ်တန်းမှပါဝင်နေသည်။ မြန်မာနိုင်ငံတွင်အလုပ်လုပ်နိုင်သော  လူငယ်လူရွယ်  လူ့စွမ်းအားအရင်းအမြစ်များမှာ နိုင်ငံလူဦးရေ၏ ထက်ဝက်ကျော်ရှိနေခြင်း၊ သဘာဝအရင်းအမြစ်များ ပေါများကြွယ်ဝပြီး ကုန်ကြမ်းဝယ်လိုအားနှင့် ရောင်းလိုအား၌  အကျိုး များစွာဖြစ်ထွန်းခြင်း၊    တောင်-မြောက်စီးပွားရေးစင်္ကြံလမ်း၏    အလယ်ဗဟိုတွင်တည်ရှိပြီး  ပထဝီနိုင်ငံရေးအရ   အားသာချက်များစွာ  ပိုင်ဆိုင်ထားခြင်းတို့ကြောင့်     မြန်မာနိုင်ငံတွင်  ရင်းနှီးမြှုပ်နှံရေး၊    ပူးပေါင်းဆောင်ရွက်ရေးကို အလေးထားလာကြသည်။

 

သို့ဖြစ်ရာ ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာမွန်ဂျေအင်းနှင့်ဇနီး တို့၏  မြန်မာနိုင်ငံချစ်ကြည်ရေးခရီးစဉ်သည်   အလားအလာကောင်းများ ဖြစ်ထွန်းနေသည့် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်လာရေးအတွက်   တွန်းအားကောင်းများ  ဖြစ်ထွန်းလာစေနိုင်ပြီး   ကိုရီးယား-မြန်မာချစ်ကြည်ရင်းနှီးမှုနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ   ယခုထက်  ပိုမိုမြင့်မားတိုးတက်ဖြစ်ထွန်း လာလိမ့်မည်ဟု အပြည့်အဝယုံကြည်ပါကြောင်း။             ။

 

ကြေးမုံ