အစ္စလာမ်မာဘတ် ၂၈ ဖေဖော်ဝါရီ

 


ပါကစ္စတန် ဝန်ကြီးချုပ် အင်မရန် ခန်း သည် အိန္ဒိယနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံကြား အကြမ်းဖက် မူတိုက်ဖျက်ရေး နှင့် နှစ်နိုင်ငံတင်းမာမှုများကို လျှော့ချရန်အတွက် အိန္ဒိယနှင့် ဆွေးနွေးရန် ဗုဒ္ဓဟူးနေ့က ဖိတ်ခေါ်ကမ်းလှမ်းလိုက်ကြောင်း ဆင်ဟွာသတင်း တစ်ရပ်အရ သိရသည်။

 


အိန္ဒိယက ထိန်းချုပ်ထားသည့် ကတ်ရှ်မီးယား ဒေသတွင် အိန္ဒိယရဲတပ်ဖွဲ့ဝင်များ သေဆုံးခဲ့ရသည့် အသေခံ တိုက်ခိုက်မှုမှ အစပြုကာ နှစ်နိုင်ငံကြား တင်းမာမှုများ မြင့်တက်လာမှုနှင့် ပတ်သက်ပြီး ပါကစ္စတန် ဝန်ကြီးချုပ်က မိန့်ခွန်းပြောကြားခဲ့ရာတွင် နှစ်နိုင်ငံလုံးမှာ နျူကလီးယား လက်နက်ရှိနေတာကြောင့် ချွတ်ချော်မှားယွင်း၍ မဖြစ်ကြောင်း၊ အကြမ်းဖက်တိုက်ဖက်မှုနှင့် ပတ်သက်ပြီး ပါကစ္စတန်အနေနဲ့ ဆွေးနွေးညှိနှိုင်းဖို့ အသင့်ရှိနေကြောင်း၊ စားပွဲဝိုင်းပေါ်တွင် အဖြေရှာကြရန်လိုကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

 

 

ad

 

ပါကစ္စတန် လေပိုင်နက်အတွင်း ဝင်ရောက်လာသည့် အိန္ဒိယ ဂျက်တိုက်လေယာဉ်များကို ပစ်ချခဲ့မှုနှင့် လေယာဉ်မှူးနှစ်ဦးကို ဖမ်းဆီးထားကြောင်းလည်း အတည်ပြုပြောကြားခဲ့သည်။ ယခင်က ဖြစ်ပွားခဲ့သည့် စစ်ပွဲများတွင်လည်း မှားယွင်းတွက်ဆမှုများရှိခဲ့ကြောင်း အိန္ဒိယကို သတိပေးခဲ့သည်။

 


အသေခံတိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်မှု မရှိကြောင်းနှင့် အိန္ဒိယဘက်က ယုံကြည်လက်ခံလောက်သည့် သက်သေအထောက်အထားနှင့် ဆောင်ရွက်ချက်များကို မျှဝေလာပါက ပူးပေါင်းပါဝင်သွားမည်ဖြစ်ကြောင်း ကတိပေးပြောကြားခဲ့သည်။

 


တစ်ဆက်တည်းမှာပင် အင်္ဂါနေ့က နယ်စပ်မျဉ်း (Line of Control - LoC) ကိုကျော်လွန်ပြီး အိန္ဒိယတပ်ဖွဲ့ဝင်များ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပါကစ္စတန် လေးဦး သေးဆုံးခဲ့ကြောင်း ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီးဌာနက အတည်ပြုခဲ့သည်။ အဆိုပါ ပစ်ခတ်မှုနှင့် ပတ်သက်ပြီး ပါကစ္စတန်နိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီးအား ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ဆင့်ခေါ်ပြီး အိန္ဒိယ တပ်ဖွဲ့များ၏ အပစ်အခတ် ရပ်ဆဲရေး သဘောတူညီချက် ချိုးဖောက်မှုကို ကန့်ကွက်ခဲ့သည်။

 


ပါကစ္စတန် စစ်တပ်ဘက်ကလည်း အိန္ဒိယနှင့် တင်းမာမှု မြင့်တက်လာမည်ကို မလိုလားကြောင်းနှင့် နယူးဒေလီအနေဖြင့် ငြိမ်းချမ်းရေးကမ်းလှမ်းမှုကို လက်ခံသင့်ကြောင်း ဗုဒ္ဓဟူးနေ့တွင် ပြောဆိုလိုက်သည်။ 

 


ပြီးခဲ့သည့် အင်္ဂါနေ့က အိန္ဒိယနိုင်ငံက ပါကစ္စတန်ထိန်းချုပ်ထားသည့် နယ်မြေအတွင်း လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ရာတွင် နှစ်နိုင်ငံတင်းမာမှု မြင့်တက်လာပြီး ဗုဒ္ဓဟူးနေ့ အစောပိုင်းတွင် ပါကစ္စတန်ဘက်က အိန္ဒိယ တိုက်လေယာဉ်နှစ်စီးကို ပစ်ချခဲ့ကြောင်းနှင့် လေယာဉ်မှူး တစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ကြေညာထားခဲ့ပြီး အိန္ဒိယဘက်က ထုတ်ပြန်ချက်တွင် ၎င်းတို့၏ MiG 21 တိုက်လေယာဉ် တစ်စီးပစ်ချခံရကြောင်းနှင့် လေယာဉ်မှူး တစ်ဦး ပျောက်ဆုံးနေကြောင်း သိရသည်။ 

 


အဆိုပါ လေယာဉ်မှူးကို ဘေးအန္တရာယ်ကင်းစွာ လွှဲပြောင်းပေးနိုင်ရေးအတွက် အိန္ဒိယနိုင်ငံဘက်က နယူးဒေလီရှိ ပါကစ္စတန်နိုင်ငံ ဒုတိယ သံအမတ်ကြီးကို ဆင့်ခေါ်ခဲ့သည်။ ပါကစ္စတန် ဒုတိယသံအမတ်ကြီးက “ ပါကစ္စတန်မှာ ဖမ်းဆီးခံနေရတဲ့ အိန္ဒိယလေယာဉ်မှုးကို တစုံတရာ ထိခိုက်မှုမရှိဘဲထိန်းသိမ်းထားဆိုတာ ရှင်းရှင်းလင်းလင်းဖြစ်ပေမယ့် အိန္ဒိယဘက်က လေယာဉ်းမှူးကို ချက်ချင်း ပြန်လည်လွဲပြောင်းရေးကို လိုလားကြောင်း” သတင်းဌာနတွေအား ပြောကြားပါသည်။ 

 


ပြည်ထဲရေးဝန်ကြီးဌာန ပြည်သူ့ဆက်ဆံရေး ညွှန်ကြားရေးမှူးချုပ်၊ ဗိုလ်ချုပ် Asif Ghafoor က သတင်းစာ ရှင်းလင်းပွဲတွင် အိန္ဒိယအနေဖြင့် ငြိမ်းချမ်းရေး ကမ်းလှမ်းချက်ကို လက်ခံသင့်ကြောင်း၊ ပါကစ္စတန် နိုင်ငံအနေနဲ့ တင်းမာမှုတွေ ဖြစ်နေတဲ့ ဒေသကို စစ်တလင်းပြင် မဖြစ်စေချင်တဲ့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းကလည်း တင်းမာနေတဲ့ လက်ရှိအခြေအနေကို ပြေလည်သွားအောင်လုပ်ဆောင်ပေးရေးကိုပါ တိုက်တွန်းထားသည်။

 

df

 

အစောပိုင်းကာလက ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်လည်း ပါကစ္စတန်၏ ကာကွယ်ရေး စွမ်းရည်ကို ထုတ်ဖော်ပြသသည့် ရည်ရွယ်ချက်ဖြင့် ထိခိုက်သေဆုံးမှုကို ရှောင်ရှားနိုင်ရန် စစ်ဘက်ဆိုင်ရာ မဟုတ်သည့် ပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်းနှင့် အိန္ဒိယဘက်က ၎င်းတို့၏ F 16 တိုက်လေယာဉ်ကို ပစ်ချခဲ့သည် ဆိုသည့် သတင်းကိုလည်း ငြင်းဆိုလိုက်သည်။

 


အိန္ဒိယဘက်ကလည်း ဖေဖော်ဝါရီ ၁၄ ရက်က ၎င်းတို့၏ တပ်ဖွဲ့ဝင် ၄၀ သေဆုံးခဲ့ရသည့် အသေခံဗုံးခွဲတိုက်ခိုက်မှုတွင် တာဝန်ရှိသည့် ဂျေအာရှီးမိုဟာမတ် (JeM) စစ်သွေးကြွများ၏ လေ့ကျင့်ရေးစခန်းကိုသာ တိုက်ခိုက်ခြင်းဖြစ်ကြောင်း တုံ့ပြန်ထားသည်။

 


SMZaw(MDN)
Source > Xinhua