နှစ်နိုင်ငံချစ်ကြည်ရေးအဖြစ် ရရှိထားသည့် ရုရှားသမ္မတနိုင်ငံမှ Sputnik Light ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံလျက်ရှိ

ရန်ကုန်၊ ဇန်နဝါရီ ၂၁

ရုရှားသမ္မတနိုင်ငံမှ နှစ်နိုင်ငံချစ်ကြည်မှုအရ လှူဒါန်းခြင်းနှင့် ဝယ်ယူခြင်းမှ ရရှိထားသည့် Sputnik Light ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ၊ ရွှေပြည်သာနှင့် အင်းစိန်မြို့နယ်တို့၌ ယမန်နေ့ကလူဦးရေ (၄,၀၅၀)ကို စတင်ထိုးနှံပေးခဲ့ပြီး ယနေ့တွင် မင်္ဂလာဒုံ၊ လှိုင်သာယာ၊ အင်းစိန်၊ လှည်းကူး၊ မှော်ဘီ၊ ရွှေပြည်သာမြို့နယ်များတွင် လူဦးရေ(၇,၅၄၉)ဦးကို ထိုးနှံပေးနိုင်ခဲ့သ‌ဖြင့် နှစ်ရက်တာကာလအတွင်း စုစုပေါင်းလူဦးရေ (၁၁,၅၉၉)ဦးကို ထိုးနှံပေးနိုင်ခဲ့ပြီး ဆက်လက်ထိုးနှံနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်သည်။

ရုရှားသမ္မတနိုင်ငံမှ Sputnik Light ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးသည် တစ်ကြိမ်သာထိုးနှံရန် လိုအပ်ပြီး ရောဂါကာကွယ်မှုနှုန်း ကောင်းမွန်သည့် ကာကွယ်ဆေးဖြစ်သည့်အတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးလွှမ်းခြုံမှုကို အချိန်တိုအတွင်း မြင့်မားစွာရရှိစေနိုင်၍ ယင်းကာကွယ်ဆေးကို အလှည့် ကျထိုးနှံခွင့်ရရှိသူ မိဘပြည်သူများအနေဖြင့် မပျက်မကွက်ထိုးနှံမှု ခံယူသင့်သည့် ကာကွယ်ဆေး ဖြစ် သည်။ ဆက်လက်၍ Sputnik Light ကာကွယ်ဆေးများကို အအေးလမ်းကြောင်းမပြတ် သယ်ယူပို့ဆောင်၍ ရန်ကုန်တိုင်းဒေသကြီး အပါအဝင် အခြားတိုင်းဒေသကြီး/ပြည်နယ်များရှိ ကာကွယ်ဆေးလွှမ်းခြုံမှု နည်းပါးသည့် မြို့နယ်များတွင် ဆက်လက်ထိုးနှံပေးမည်ဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည် နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အားသွန်ခွန်စိုက် ကျယ်ပြန့်စွာထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေး ထိုးနှံပြီးစီးမှုအနေဖြင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ(၁၉)ရက် အထိလူဦးရေ (၁၇ ဒသမ ၉၈) သန်းကို အကြိမ်ပြည့်ထိုးနှံပေးခဲ့၍ (၃ ဒသမ ၆)သန်းကို တစ်ကြိမ် ထိုးနှံပေးခဲ့ပြီးဖြစ်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ်နှင့်အထက်ထိုးနှံပြီးသူ (၂၁ ဒသမ ၅၈)သန်းခန့်ရှိပြီဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ရေ စုစုပေါင်း (၃၉ ဒသမ ၅၆)သန်း doses ကို ထိုးနှံပြီးဖြစ်သည်။

မိဘပြည်သူများအနေဖြင့် မိမိအတွက် ရရှိလာသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မပျက်မကွက် အကြိမ်ပြည့် ထိုးနှံမှုခံယူခြင်း၊ ပထမအကြိမ်ကာကွယ်ဆေး ထိုးနှံမှုရရှိထားသူများ အနေဖြင့်လည်း ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံမှုကိုသတ်မှတ်ရက်တွင် (သို့မဟုတ်) အနီးဆုံး သတ်မှတ်ကာလ အတွင်းတွင် နီးစပ်ရာကာကွယ်ဆေးထိုးစုရပ်များသို့ သွားရောက်၍ထိုးနှံမှုခံယူခြင်းနှင့် ကာကွယ်ဆေးထိုး လုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် ကျန်းမာရေးဝန်ကြီးဌာန တိုက်တွန်းနှိုးဆော်ထားကြောင်း သိရသည်။

(သတင်းစဉ်)