အိမ်မဲ ၂၁ ဒီဇင်ဘာ
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ရွာသစ်ကျေးရွာအုပ်စု တောင်စုကျေးရွာတွင် နှစ်ပေါင်း ၁၀၀ တိုင်ပျောက်ကွယ်နေသော ကရင်တိုင်းရင်းသားလူမျိုးများ၏ ဓလေ့ထုံးတမ်းဖြစ်သည့် ပြည်ထောင်စုအဆင့် ကောက်သစ်စားပွဲတော်နှင့် ကရင်နှစ်သစ်ကူးပွဲတော်ကို ကရင်သက္ကရာဇ် ၂၇၅၈ နှစ်မြောက် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၆ ရက်နေ့၌ ပထမအကြိမ်မြောက် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုအဆင့် ကရင်ရိုးရာကောက်သစ်စားပွဲတော်နှင့် ကရင်နှစ်သစ်ကူးနေ့မတိုင်မီ ၄ ရက်နှင့် ၅ ရက်နေ့ညများ၌ မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲ၊ စတိတ်ရှိုး၊ ကရင်စာပေကဗျာပြိုင်ပွဲများ၊ ဒုံးယိမ်းအကများဖြင့် ဖျော်ဖြေကြမှာဖြစ်ပြီး ၆ ရက်နေ့ နံနက် ၆ နာရီတွင် အလံတင်အခမ်းအနားနှင့် နှစ်သစ်ကူးအခမ်းအနား ၉ နာရီတွင် ကောက်သစ်စားပွဲတော်ကို ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုအဆင့် ကရင်ရိုးရာကောက်သစ်စားပွဲတော်နှင့် ကရင်နှစ်သစ်ကူးပွဲတော်ကို ကရင်အမျိုးသား တစ်ရပ်လုံး စည်းလုံးညီညွတ်ရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ရှေးရှုကျင်းပရန်၊ ကရင်ဘဝ ဓလေ့နှင့် ကိုက်ညီစစ်မှန်သည့် ကရင်ရိုးရာယဉ်ကျေးမှုအမွေအနှစ်ကောင်းများကို ဖော်ထုတ်ထိန်းသိမ်း မြှင့်တင်နိုင်ရေးအတွက် ရှေးရှုကျင်းပရန်၊ မျိုးဆက်သစ် ကရင်အနာဂတ် အဆက်အသွယ်လူငယ်မောင်မယ်များ မိမိတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းအစဉ်အလာ စာပေစကားများကို မြတ်နိုးတန်ဖိုးထားပြီး ဖော်ထုတ်မြှင့်တင်လိုသော အသိစိတ်ဓာတ်များ ကိန်းအောင်းရှင်သန်စေရေးအတွက် လက်တွဲကူညီကျင်းပရန် အစရှိသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပမှာဖြစ်ကြောင်း သိရသည်။
ချစ်သက်လယ် (အိမ်မဲ )