၇ သြဂုတ်
မြောက်ဝင်ရိုးစွန်းတစ်လျှောက် စူးစမ်းလေ့လာရေးခရီးများတွင် နော်ဝေနိုင်ငံသား စွန့်စားရှာဖွေသူ ရိုးဒ်အမန်ဆန် အသုံးပြုခဲ့သည့် ရွက်သင်္ဘော Maud ဟာ နှစ်ပေါင်း ၁၀ဝ ကျော် အကြာတွင် မိခင်နိုင်ငံရှိ ဆိပ်ကမ်းကို ပြန်လည်ဆိုက်ကပ်နိုင်ခဲ့ပြီကြောင်း သိရသည်။
အဆိုပါ ရွက်သင်္ဘော Maud ဟာ နော်ဝေနိုင်ငံအတွက် ဝန်ရိုးစွန်းတန်း စူးစမ်းလေ့လာရေး ခရီးစဉ်များတွင် အဖိုးတန်သည့် ရှေးဟောင်း ရတနာတစ်ခုဖြစ်ကာ ၁၉၃၀ ခုနှစ်က ကနေဒီယန် - အာတိတ် ပင်လယ်ပြင်တွင် နစ်မြုပ်သွားခဲ့ခြင်းဖြစ်ပြီး နှစ်ပေါင်း ၈၅ နှစ်ကြာပြီးနောက် ၂၀၁၆ ခုနှစ်တွင် ပြန်လည်ဆယ်ယူခဲ့ခြင်းဖြစ်သည်။
ဖရိုဖရဲအနေအထားနှင့် ဆယ်ယူခဲ့ရသည့် ရွက်သင်္ဘောအား ဇွန်လကုန်လောက်က ဂရင်းလန်းကနေ မြောက်အတ္တလန္တိတ် သမုဒ္ဒရာကို ဖြတ်ပြီး တွဲယာဉ်များဖြင့် သယ်ဆောင်လာကာ တနင်္လာနေ့ နံနက်ပိုင်းကမှ နော်ဝေနိုင်ငံ အနောက်ပိုင်း ဘာဂန် ဆိပ်ကမ်းကို ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်သည်။
ပြန်လည်သယ်ဆောင်လာသည့် ရွက်သင်္ဘောကို ၁၉၁၇ ခုနှစ်က စတင်ရွက်လွှင့် ထွက်ခွာခဲ့သည့် အက်စကာ မြူနီစပယ် အရှေ့တောင်ပိုင်းရှိ အော့စလို မြို့အနီးတွင် ပြတိုက်အဖြစ် ပြန်လည်ပြသသွားမှာ ဖြစ်ပြီး ရွက်သင်္ဘောဖြင့် စူးစမ်းလေ့လာရေး ခရီးများထွက်ခဲ့သူ ရိုးဒ်အမန်ဆန် ဟာ နော်ဝေနိုင်ငံ၏ သမိုင်းဝင် ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ကြောင်း ရွက်သင်္ဘော ပြန်လည်သယ်ဆောင်ရေး အစီအစဉ် မန်နေဂျာ ဂျန်ဝင်းဂါ့ က ပြောပြသည်။
ရိုးဒ်အမန်ဆန် ဟာ တောင်ဝင်ရိုးစွန်းကို ပထမဆုံး ရောက်ရှိခဲ့သူဖြစ်ခဲ့ပြီး အာတိတ်သမုဒ္ဒရာ ရေခဲပြင် လေ့လာရေးခရီးများနှင့် မြောက်ဝင်ရိုးစွန်း တစ်လျှောက် ရွက်သင်္ဘော Maud နှင့် ရွက်လွှင့်လိုသည့် ဆန္ဒရှိခဲ့သည်။ “ဒီ သမိုင်းဝင် လေ့လာရေးခရီးစဉ်အကြောင်း နော်ဝေလူမျိုးတွေကို ကျွန်တော်တို့ ပြောပြချင်ပါတယ်” ဟု မန်နေဂျာ ဂျန်ဝင်းဂါ့ ကပြောသည်။
ရိုးဒ်အမန်ဆန်သည် ၁၉၀၆ ခုနှစ်တွင် ဥရောပမှ အာရှကို ရေလမ်းခရီးဖြင့် ပထမဆုံးအကြိမ် ခရီးထွက်ခဲ့ပြီး ၁၉၁၈ မှ ၁၉၂၀ အတွင်း ရွက်သင်္ဘော Maud ဖြင့် အနောက်မြောက်ဒေသကို ရွက်လွှင့်ထွက်ခွာခဲ့သည်။ အဆိုပါ ခရီးစဉ်တွင် မြောက်ဝင်ရိုးစွန်းထိ မရောက်ရှိခဲ့သော်လည်း သိပ္ပံရပ်ဆိုင်ရာတွေ့ရှိချက် များစွာဖြင့် ပြန်လာနိုင်ခဲ့သည်။
ရိုးဒ်အမန်ဆန်က ရွက်လှေနာမည်ကို နော်ဝေ ဘုရင်မ Maud ၏ နာမည်ကို အစွဲပြုပေးခဲ့ပြီး ၁၉၂၅ ခုနှစ်တွင် စီးပွားရေး ကျဆင်းလာမှုကြောင့် ဟော့ဒ်ဆန် ကုမ္ပဏီသို့ ရောင်းချခဲ့သည်။
အဲဒီနောက်ပိုင်းတွင် ရေပေါ် ကုန်လှောင်ရုံတစ်ခုအဖြစ်လည်းကောင်း၊ ဒေသတွင်း ရေဒီယိုအသံလွှင့် ဌာနအဖြစ်လည်းကောင်း အသုံးပြုခဲ့ပြီး ၁၉၃၀ ခုနှစ်တွင် ကနေဒါနိုင်ငံ နူနာဗတ် မြို့ရှိ ကင်းဘရစ် ပင်လယ်အော်တွင် နစ်မြုပ်သွားခဲ့သည်။ အဆိုပါ သင်္ဘောပျက်ကို ၁၉၉၀ ခုနှစ်တွင် နော်ဝေနိုင်ငံ အက်စကာ ကောင်စီက ပြန်လည်ဝယ်ယူခဲ့ပြီး သင်္ဘော ဆယ်ယူရေးအတွက် ကင်းဘရစ်ပင်လယ်အော်တွင် နေထိုင်သူ ဒေသခံများက ကန့်ကွက်ခြင်းများ ရှိခဲ့သည်။ သို့သော် ၂၀၁၂ ခုနှစ်တွင် ကနေဒါနိုင်ငံ ယဉ်ကျေးမှုပစ္စည်းများ ပြည်ပပို့ဆောင်မှု ဆန်းစစ်ရေး ဘုတ်အဖွဲ့က ရွက်သင်္ဘောကို ပြန်လည်ဆယ်ယူခွင့်နှင့် နော်ဝေနိုင်ငံသို့ သယ်ဆောင်ခွင့်ပြုခဲ့ရာ နော်ဝေနိုင်ငံ၏ သမိုင်းဝင် ရှေးဟောင်းအမွေအနှစ်တစ်ခု ဖြစ်သည့် ရွက်သင်္ဘော Maud ဟာ နှစ်ပေါင်း ၁၀ဝ ကျော်ကြာမြင့်ပြီးနောက် မိခင်နိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်သည်။
SMZaw (MDN)
Source > AFP