မကွေး ၁၃  သြဂုတ် 

 

မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်  ကန်ပြားကျေးရွာ(အရှေ့ရွာ)  မန်ကျီးတော ဘုန်းတောကြီးကျောင်း၌ မင်းတုန်းမင်း လက်ထက် ရဟန်းသံဃာတော်များ ဥပုသ်ပဝါရဏာ ကံကြီးကံဖော် ဆောင်ရွက်နိုင်ရန်အတွက် သိမ်တည်ခွင့် ပြုရေး ဘုရင့်ထံလျှောက်တင်သော ပေရွက်စာချွန်လွှာ ၊ မင်းတုန်းမင်းကြီးကသိမ်တည်ခွင့်ပြုသော ဘုရင့်အမှတ်တံဆိပ် ရိုက်နှိပ် ထားသည့် သိမ်အလှူပေရွက်စာချွန်လွှာများကို ထိန်းသိမ်းထားပြီး လာရောက်လေ့လာနိုင်ကြောင်း ကျောင်းထိုင် ဆရာတော်ထံမှ သိရသည်။

 

 

“ဘုန်းတော်အလွန်ကြီးမြတ်တော်မူလှသော ရေမြေ့အသျှင်ဆန္ဒန်ဆင်မင်းသခင်ဆင်ဖြူများရှင် လက်နက်စကြာ သခင်အသျှင် ဘဝရှင်မင်းတရားကြီးဘုရား သက္ကရာဇ်၁၂၂၆ခု နယုန်လဆန်းတစ်ရက် ၅တေးနေ့ ” ဟုအစချီထားသည့် လျှောက် တင်လွှာ ပေစာကိုလည်းကောင်း ၊ “ မကွေးမြို့သူကြီး မြို့စားရတို့နှင့် ကန်ပျားရွာ သူကြီးခေါင်ဘကြီးတို့ ဦးရှိန်ရှစ်ခိုး သံတော်ဦး တင်ချက်အတိုင်း ကန်ပျားရွာမြောက်ကျောင်းအရံအတွင် စတုရန် ရာစိမြေကိုဝ်ချေိန်ကဝိသုမ်ဂါမမြေစား သနားတော်မြတ်ခံ၍ ကု သိုလ်တော် ပွာခဏ္ဍသိမ် သမုတ်လှူဒါန်စေ ” ဟု ဖော်ပြပါရှိသည့် ဘုရင့်ခွင့်ပြုပြန်ကြားလွှာပေစာကိုလည်းကောင်း မန်ကျီးတော ကျောင်းတိုက်၌ လေ့လာနိုင်မည်ဖြစ်သည်။ 

 

“ ရဟန်းလောကမှာ ဥပုသ်ပဝါရဏာ ကံကြီးကံငယ်ဆောင်ရွက်အတွက် သိမ်ဆိုတာ မရှိရင်မဖြစ်ဘူး။  ရဟန်း ကိစ္စမှာ အထွဋ်အထိပ်ဖြစ်တဲ့ ကံကြီးကံငယ်ဆောင်(ရဟန်းခံ၊ရှင်ပြု)ချင်တယ် ။ ဥပုသ်ပြုချင်တယ်။ ပဝါရဏာပြုချင်တယ်။ ဒီ ကိစ္စတွေအတွက် ဘုရင့်ထံ သိမ်မြေတောင်းရတာ။ သိမ်မရှိတဲ့ဘုန်းကြီးကျောင်းတွေမှာ ဒီကိစ္စတွေပြုချင်တယ်ဆိုရင်တော့ မိုး လေးလပတ်လုံး ရေတည်တဲ့နေရာဟာ သိမ်ပဲ။ မြစ်နဲ့နီးရင်မြစ်၊ ကန်နဲ့နီးရင်ကန်၊ အင်းနဲ့နီးရင်အင်း ၊ ချောင်းနဲ့နီးရင်ချောင်း အဲဒီ့ နေရာမှာဖောင်လုပ်ပြီး ဖောင်ပေါ်မှာ ရဟန်းခံ၊ရှင်ပြု နဲ့ ဥပုသ်ပဝါရဏာတွေ ပြုကြရတယ်။သံဃာတော်တွေကို ဒုက္ခမများရအောင် ဘုရင်က သိမ်လှူပေးခဲ့တာ ” ဟု မန်ကျီးတောကျောင်းတိုက်ဆရာတော် ဦးတေဇနိယ က မိန့်ကြားသည်။

 

 

ပေဘူးထဲတွင် နှစ်ပေါင်း (၁၅၀) ကျော်သိမ်းဆည်းထားသည့် ပေစာများအပြင် နှစ်ပေါင်းရာချီသက်တမ်းရှိ မန်ကျီး စေ့ကမ္မဝါစာ ၊ ရွှေပေစာ ၊ ပုရပိုက်များ ၊ ကြွေပန်းကန်ကြီးများ နှင့် တရားစာပေများသိမ်းဆည်းသည့် စာတိုက်တို့ကိုလည်း ထိန်း သိမ်းထားလျှက်ရှိရာ သမိုင်းလေ့လာသူများအနေဖြင့် မှတ်တမ်းပြုကိုးကားစရာဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

 

ဇေယျတု(မကွေး)