ရေစကြို ၁၃ စက်တင်ဘာ
ရှင်မတောင်သစ်တောကြိုးဝိုင်း ဧရိယာမှာ နှစ်ပေါင်း ၂၀ ခန့်အတွင်း တောရိုင်း တိရစ္ဆာန်အချို့ ရှားပါးလာကြောင်း ဒေသခံများထံမှ သိရသည်။
တောရိုင်းတိရစ္ဆာန်အမျိုးအစား ၂၀ နီးပါးနေထိုင်ကျက်စားခဲ့သည့် ရှင်မတောင်သစ်တောကြိုးဝိုင်းမှာ တောကြောင်၊ တောကြက်၊ ခွေးအ၊ ခါငှက်စသည့် သတ္တဝါများ သိသိသာသာရှားပါးသွားသည်ဟု အဆိုပါဒေသ၌ ကြာမြင့်စွာနေထိုင်လာသည့် ဒေသခံများထံက သိရသည်။
“ကျွန်တော်တို့ငယ်ငယ်ကပေါ့ လွန်ခဲ့တဲ့ နှစ်၂၀ လောက်ကဆိုရင် ရှင်မတောင်တောင်တစ်ဝိုက်မှာ ခါ တွေတော်တော်ပေါတာ။ ခါတွန်သံတွေလည်းကြားရတယ်။ အခု ခါတွေမတွေ့ရတော့ သလောက်ပဲ တွန်သံလည်းမကြားတော့ဘူး။ တောကြက်တို့ တောကြောင်တို့လည်းရှားသွားပြီး။ တောကြက်ကတွေ့သေးတယ် တောကြောင်ဆိုရင် မတွေ့တော့ဘူး။” ရှင်မတောင်ခြေအနီးရှိ ဂွေးပင်ယာကျေးရွာက ဒေသခံတစ်ဦးက ပြောသည်။
ယခင်က ရှင်မတောင်တစ်ဝိုက်သည် တောနေသတ္တဝါများ ပေါများခဲ့ပြီး ရှင်မတောင် တောင်ခြေတွင် ကျားသစ်များပါရှိခဲ့ပြီး ခွေးအ အူသံများလည်း မကြာခဏကြားရကြောင်း၊ ယခုအခါ ခွေးအ အူသံများ မကြားရသလောက်ပင် ဖြစ်လာကြောင်း ဒေသခံအချို့ကပြောသည်။
“ ဟိုးခေတ်တုန်း ကျားသစ်ရှိတယ်။ လွန်ခဲ့တဲ့ အနှစ် ၄၀ ကျော်လောက်ကပေါ့။ သူက ရွာတွေထဲဝင်ပြီးတော့ နွားတွေလာလာဆွဲတော့ ရဲခေါ်ပြီး သေနတ်နဲ့ပစ်ခိုင်းရတယ်။ ရွာတောင်ဘက်မှာ သေတယ်။ အခုကတော့ တောကြောင်တို့ ခွေးအတွေရှားသွားပြီ ခွေးအဆို မွှေးရှည်ကြီးတွေနဲ့ တစ်ခါတစ်ခါတောထဲမှာတွေ့တာ သူတို့ကလည်းလူကြောက်တယ်။ လူမြင်တာနဲ့ ပျောက်သွားတာ လူထက်လျင်တယ် အခုတော့ ခွေးအလည်းမတွေ့တော့တာကြာပြီ အူသံတွေလည်း သိပ်မကြားတော့ဘူး။ တစ်ခါတလေပဲ တစ်ကောင်တစ်လေ အူသံဘဲကြားတော့တယ်” ဟု ရှင်မတောင်ခြေအနီးရှိ ဘောင်ဘဲ့တန်းကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။
ရှင်မတောင်သစ်တောကြိုးဝိုင်း ဧရိယာမှာ ၁၄၉၉၅ ဧက ကျယ်ဝန်းသည်။ အဆိုပါရှင်မတောင် သစ်တောကြိုးဝိုင်းအတွင်းတွင်၊ ရွှေသမင်၊ သမင်၊ ဂျီ၊ တောယုန်၊ မျောက်၊ ခွေးအ၊ သိန်းငှက်၊ ဖွတ်၊ ပဒတ်၊ မြွေ၊ တောကြက်၊ ရေကြက်၊ ဟင်္သာငှက်၊ ငုံး၊ ခါ၊ ဂျိုး၊ ဆက်ရက် စသည့်တိရစ္ဆာန်များ နေထိုင်ကျက်စားလျက်ရှိကြောင်း ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလထုတ် ရေစကြိုမြို့နယ် ဒေသဆိုင်ရာ အချက်အလက်စာရင်းများအရ သိရသည်။
ထို့အပြင် ကမ္ဘာပေါ်တွင် မျိုးသုန်းလုနီးပါးဖြစ်နေသည့် ရွှေသမင်ကဲ့သို့သော တိရစ္ဆာန်များလည်း နေထိုင်ကျက်စားကြလျက်ရှိကြောင်း သိရသည်။
ရှင်မတောင်သစ်တောကြိုးဝိုင်းအတွင်းတွင် တိရစ္ဆာန်ကောင်ရေနှင့် တိရစ္ဆာန်မျိုးစိတ်များကို အသေးစိတ်သိရှိနိုင်ရန် သက်ဆိုင်ရာဌာနဆိုင်ရာများမှ စာရင်းပြုစုထားခြင်းမရှိသောကြောင့် တိရစ္ဆာန်များကို ထိန်းသိမ်းစောင့်ရှောက်ရေးများ ပြုလုပ်နိုင်ရန် ခက်ခဲရလျက်ရှိကြောင်း တောင်ရိုင်းတိရစ္ဆာန် စောင့်ရှောက်နေသည့် အဖွဲ့များမှ သိရသည်။
“အဓိက ကတော့ ဒီရှင်မတောင်သစ်တောကြိုးဝိုင်းထဲမှာရှိတဲ့ တိရစ္ဆာန်ကောင်ရေနဲ့ တိရစ္ဆာန်မျိုးစိတ်တွေကို စာရင်းပြုစုပြီးတော့ သုတေသနလုပ်ငန်းတွေ လုပ်ဖို့လိုနေတာပါ။ သုတေသနလုပ်ငန်းတွေ လုပ်နိုင်မှ တိရစ္ဆာန်တွေရဲ့ အမူအကျင့်တွေကို သိရမှ ထိန်းသိမ်းစောင့်ရှောက်တဲ့နေရာမှာ ပိုပြီးတော့ ထိရောက်လွယ်ကူနိုင်မှာပါ” ဟု ရေစကြိုမြို့ ရွှေသမင်နှင့် တောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းဟန်က ပြောသည်။
ရှင်မတောင်ဒေသရှိ တိရစ္ဆာန်ကောင်ရေနဲ့ တိရစ္ဆာန်မျိုးစိတ်များကို လေ့လာနိုင်ရန် ကင်မရာထောင်ချောက်များနှင့် GPS တပ်ဆင်ခြင်းကဲ့သို့သော လုပ်ငန်းများအား လုပ်ကိုင်ရန် မြင်းခြံမြို့မှ တိရစ္ဆာန်ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့မှ ကူညီပေးမည်ဟု ကမ်းလှမ်းခြင်းများရှိခဲ့သော်လည်း အဖွဲ့အနေဖြင့် ရန်ပုံငွေ မတတ်နိုင်သေးသောကြောင့် အဆိုပါလုပ်ငန်းများအား လုပ်ကိုင်နိုင်ခြင်း မရှိသေးကြောင်း ဦးသန်းဟန်က ပြောသည်။
ရှင်မတောင်ဒေသမှ တိရစ္ဆာန်တစ်ချို့ ပျောက်ဆုံးလုနီးပါး ရှားပါးလာရခြင်းမှာ ယခုနှစ်များအတွင်း ရှင်မတောင်ဒေသတွင် မိုးခေါင်ခြင်း၊ ရာသီဥတု ပိုမိုပူပြင်းခြင်းတို့ ဖြစ်ပေါ်ခဲ့သဖြင့် ရှင်မတောင်ဒေသတွင် နေထိုင်ကြသော တိရစ္ဆာန်များ သေဆုံးခဲ့ရကြောင်း သိရသည်။
"ရှင်မတောင်တစ်ဝိုက်မှာက ရာသီဥတုကလည်း ပုံမှန်မဟုတ်တော့ အစာနဲ့ရေစာရှားလာတယ်။ ရှင်မတောင်ရဲ့ ဟိုးဘက်စွန်းမှာ တောင်ဖီလာတောင်ဆိုတာရှိတယ်။ ပြီးခဲ့တဲ့လတွေထဲက အဲဒီဘက်မှာ သမင်ဖိုကြီး တစ်ကောင်သေတယ်။ ရေရှားပြီးတော့ ရေမသောက်ရလို့ သေတယ်လို့ ကောက်ချက်ချကြတာပေါ့။ တောင်ခြေက တချို့ရွာတွေမှာ ရေရှိတယ် လူနားနီးတဲ့နေရာထိလည်း အဲကောင်တွေက မသွားရဲဘူး။ ကြားဖူးတာတော့ တချို့သမင်တွေက ရေအငတ်ခံပြီး သေကြတယ်လို့ကြားဖူးတယ်’’ ဟု ရှင်မတောင်ခြေအနီးရှိ ဂွေးပင်ယာကျေးရွာမှ ကိုမြင့်ဇော် ကပြောသည်။
ရှင်မတောင်သစ်တောကြိုးဝိုင်းအနီးရှိ ဒေသခံများအား တိရစ္ဆာန်များကို ထိန်းသိမ်းစောင့်ရှောက်တတ်စေရန် မြန်မာနိုင်ငံ သစ်ပင်ချစ်သူများအသင်း မှ ပညာပေးလုပ်ငန်းများကို ဆောင်ရွက်သွားရန်ရှိကြောင်း မြန်မာနိုင်ငံ သစ်ပင်ချစ်သူများအသင်း ဥက္ကဋ္ဌ ဦးသန်းထိုက်ဦးက ပြောသည်။
လတ်တလောအနေဖြင့် ဒေသခံပြည်သူများအတွင်းတွင် တောလိုက်မုဆိုးရှိသည့် သတင်းမျိုးမှာ အနည်းငယ်သာ ကြားသိရပြီး ယခုအခါ တောတောင်အတွင်း သောက်သုံးနေနည်းပါးပြီး အလေ့ကျပေါက်ပင်များ ပျက်စီးလျက်ရှိကာ တိရစ္ဆာန်များအတွက် ဂေဟစနစ် ပျက်စီးလျက်ရှိသဖြင့် ဂေဟစနစ်ပြည့်စုံပါက သားပေါက်နှုန်းမြင့်တက်လာကာ မျိုးထိန်းနှုန်း အောင်မြင်နိုင်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။
ယခုနှစ်နွေရာသီတွင် ရှင်မတောင်ဒေသမှ တိရစ္ဆာန်များသောက်နိုင်ရန် တောင်ခြေတစ်ဝိုက်ရှိ သဘာဝရေကန်များတွင် ရေအလှူရှင်များက ရေဖြည့်ဆည်းပေးခဲ့ကြရေကြောင်း အဖွဲ့မှသိရသည်။
ယခုအခါလာမည့် နွေရာသီတွင် ရှင်မတောင်သစ်တောကြိုးဝိုင်းအတွင်းမှ တိရစ္ဆာန်များသောက်နိုင်ရန် မြန်မာနိုင်ငံသစ်ပင် ချစ်သူများအသင်းမှ ဦးဆောင်ကာ မြေသားရေကန်များကို တူးဖော်လျက်ရှိကြောင်း သိရသည်။
အိမွန်ဆွေ(ရေစကြို)


