ရန်ကုန် ၆ အောက်တိုဘာ
မြန်မာနိုင်ငံပညာရေးလောကတွင် (၁၀)နှစ်အထက် ခွင့်ရက်မပျက်ပဲ သင်ကြားရေးတာဝန်များကို ထမ်းဆောင်နေသည့် ဆရာဆရာမများစွာရှိနေပြီး နှစ်ပေါင်း ၃၀ ကျော် ခွင့်ရက်မပျက်ခဲ့သူ ရန်ကုန်တိုင်းဒေသကြီးမှ အလယ်တန်းပြဆရာမ (၅)ဦးကို ပညာရေးဝန်ကြီးဌာနက မှတ်တမ်းတင်ဂုဏ်ပြုလွှာနှင့် ဆုငွေများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
နေပြည်တော်၊ ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂၁) အစည်းအဝေးခန်းမ၌ အောက်တိုဘာ ၅ ရက်က ကျင်းပသည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအအမှတ်အခမ်းအနား၌ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဆရာမတစ်ဦးလျှင် ငွေကျပ် ၅ သိန်းစီနှင့် ဂုဏ်ပြုလွှာများ ပေးအပ်ခဲ့ခြင်းဖြစ်သည်။
“ဒီဆုကို ရမယ်လို့လည်း မမျှော်လင့်ခဲ့ဖူးဘူး။ ကျွန်မက မူလတန်းသင်တော့ ကလေးလေးတွေ အတန်းထဲမှာ ရန်ဖြစ်နေမလား။ တစ်ခုခုများဖြစ်ခဲ့ရင်ဆိုတဲ့ အတွေးနဲ့ ကျောင်းကိုရောက်အောင် သွားဖြစ်ခဲ့တယ်။ တစ်ခါတစ်လေအိမ်မှာ အမေနေမကောင်းတာတို့၊ ကိုယ်တိုင်ချော်လဲတာတို့၊ မျက်စိနာတာတို့ ဖြစ်ခဲ့တာတောင် ရောက်အောင်တက်ဖြစ်ခဲ့ပါတယ်။ တာဝန်ရှိသူတွေက အသိအမှတ်ပြုပြီး ဆုပေးတော့လည်း ဝမ်းသာကြည်နူးရတာပေါ့” ဟု ဆရာမ ဒေါ်ဌေးဌေးကြည်က ပြောပြသည်။
ပညာရေးဝန်ကြီးဌာနက ရန်ကုန်တိုင်းဒေသကြီး၊ အ.ထ.က(၁)ကမာရွတ်မှ ဆရာမ ဒေါ်စောနန်းမိုမို (ခွင့်ရက်မပျက် ၃၅ နှစ်)၊ အ.မ.က (၁၇) မြောက်ဥက္ကလာပမှ ဆရာမ ဒေါ်ခင်သန်းဌေး (ခွင့်ရက်မပျက် ၃၃ နှစ်)၊ အ.မ.က(၁၈) တာမွေ မှ ဆရာမ ဒေါ်ဌေးဌေးကြည် (ခွင့်ရက်မပျက် ၃၃ နှစ်)၊ အ.ထ.က(၃) အင်းစိန်မှ ဆရာမ ဒေါ်စန်းစန်းမော် (ခွင့်ရက်မပျက် ၃၀ နှစ်)၊ အ.မ.က(၁) လသာမှ ဆရာမ ဒေါ်ဝင်းမာ (ခွင့်ရက်မပျက် ၃၀ နှစ်) တို့ဖြစ်ကြောင်း မှတ်တမ်းတင်ထားသည်။
“ဘယ်နေရာ၊ ဘယ်ဒေသ၊ ဘယ်လုပ်ငန်းမှာမဆို စေတနာထားပြီးတော့ တိုင်းပြည်တာဝန်ကို အုတ်တစ်ချပ်၊ သဲတစ်ပွင့်လို ကျရာတာဝန်က ထမ်းဆောင်နိုင်ပါစေလို့ ဘဝတူဆရာ၊ ဆရာမတွေကို ဆန္ဒပြုလိုပါတယ်” ဟု ၃၅ နှစ်တိုင် ခွင့်ရက်မပျက်ခဲ့သည့် ဆရာမ ဒေါ်စောနန်းမိုမိုက ပြောသည်။
ပညာရေးဝန်ထမ်းများအတွက် ခွင့်ရက်မပျက်ဆုကို ၂၀၁၇ ခုနှစ်မှသာ စတင်ချီးမြှင့်ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ဆရာမတစ်ဦး လုပ်ဆောင်ရမည့် ကျင့်ဝတ်ငါးသွယ်နှင့် တာဝန်များကို မွန်မြတ်သော စိတ်အရင်းခံဖြင့် လုပ်ဆောင်နိုင်ခဲ့ခြင်းကြောင့် ဆုရခြင်းဖြစ်သည်ဟု ခံယူကြောင်း ၃ နှစ်ဆက်တိုက် ခွင့်ရက်မပျက်ဆုရရှိသူ ဆရာမ ဒေါ်ခင်သန်းဌေးက ပြောပြ၍ သိရသည်။
ဇေယျတု(မကွေး)


