၁၇ စက်တင်ဘာ
ဘီတဲလ် တေးဂီတအဖွဲ့ရဲ့ ဂီတဘုရင် ပေါလ်မက္ကာနီရဲ့ တစ်ကိုယ်တော် သီချင်းအယ်ဘမ်ဟာ အမေရိကန်မှာ နံပါတ်တစ် ရောင်းအားအကောင်းဆုံး အဆင့်ကို အနှစ် ၃၆ နှစ်ကြာပြီးမှ ပြန်လည် ရောက်ရှိလာတာ ဖြစ်ပါတယ်။
"Egypt Station" လို့ နာမည်ပေးထားတဲ့ ပေါလ်မက္ကာနီရဲ့ တစ်ကိုယ်တော် သီချင်းခွေမှာ သီချင်း ၁၆ ပုဒ် ပါဝင်တာကို တွေ့ရပါတယ်။ အသက် ၇၆ နှစ် ရှိပြီဖြစ်တဲ့ အင်္ဂလိပ်တေးဂီတပညာရှင် ပေါလ်ဟာ နယူးယောက်ရှိ ဂရင်းစင်ထရယ်ကွင်း (Grand Central Station) မှာ ဖိတ်ကြားခံရသူများသာ ဖျော်ဖြေပေးရုံကလွဲပြီး ဒီသီချင်းခွေနဲ့ ပတ်သတ်ပြီး အရောင်းမြှင့်တင်တဲ့ ပွဲလုပ်ခဲ့ခြင်း မရှိခဲ့ပါဘူး။
စက်တင်ဘာလ ၇ ရက်နေ့က စတင်ဖြန့်ချီတဲ့ "Egypt Station" သီချင်းခွေပေါင်း တစ်သိန်း ငါးသောင်း သုံးထောင် ရောင်းချပြီးကြောင်း သိရပါတယ်။
၁၉၈၂ ခုနှစ်က ထွက်ခဲ့တဲ့ ပေါလ်ရဲ့တစ်ကိုယ်တော် သီချင်းခွေ "Tug of War" ဟာ အဲဒီအချိန်က ထိပ်ဆုံးမှာ ရောက်ရှိခဲ့ပြီး နှစ်ပေါင်း ၃၆ နှစ်ကြာမှ ထွက်ရှိလာတဲ့ တစ်ကိုယ်တော်အခွေ ကလည်း အခု အရောင်းရဆုံး စာရင်းမှာ ပါရှိလာဖြစ်ကြောင်း တေးဂီတ သုတေသီတွေက ပြောပါတယ်။
MDN
AFP