ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲအပြီး ၁၈၅၃ ခုနှစ်တွင် အောက်မြန်မာနိုင်ငံတစ်ခုလုံး ဗြိတိသျှလက်အောက်သို့ ကျရောက်သွားခဲ့သည်။ ထိုအခါ ကိုလိုနီအစိုးရ၏အလုပ်နှင့် ဥရောပတိုက်သားတို့နှင့် ဆက်ဆံလုပ်ကိုင်ရမည့် အလုပ်များအတွက် အင်္ဂလိပ်စာတတ်သူများ လိုအပ်လာသည်။ သို့ရာတွင် အဆင့်မြင့်ရာထူးများအတွက် မဟုတ်ဘဲ အဆင့်နိမ့်ရာထူးများအတွက်သာ လိုအပ်ခြင်းဖြစ်သည်။ ဗြိတိသျှအစိုးရအုပ်ချုပ်သည့် အောက်မြန်မာနိုင်ငံတွင် ပညာရေးစနစ် အပြောင်းအလဲနှင့်အတူ ၁၈၇၀ ပြည့်နှစ်မှစ၍ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာသင် အစိုးရကျောင်းများ၊ ခရစ်ယာန်သာသနာပြုကျောင်းများတည်ထောင်လာသည်။ နယ်ချဲ့အစိုးရလက်အောက်တွင် အင်္ဂလိပ်စာတတ်သည့်မြန်မာများမှာ စာရေးစာချီအလုပ်မျှကိုပင် ဂုဏ်လုပ်ကြရသည်။ စာရင်းကိုင်ရာထူး၊ ကျောင်းဆရာ ရာထူးမျိုးကို အိန္ဒိယသားတို့က လွှမ်းမိုးထားသည်။ အဆင့်မြင့်ရာထူးများတွင် မျက်နှာဖြူတို့ကသာ နေရာယူထားသည်။

ထိုစဉ်က ဗြိတိသျှအစိုးရ၏ပညာရေးမူဝါဒမှာ မြန်မာနိုင်ငံသားတို့၏ပညာရေးကို အစိုးရက တာဝန်ယူဆောင်ရွက်ရန်မဟုတ်ဘဲ ကိုယ့်ဘာသာကိုယ် တည်ထောင်သောကျောင်းများကို ထောက်ပံ့ပေးရန်၊ စည်းကမ်းချမှတ်ရန်၊ စစ်ဆေးရန်အတွက်သာဖြစ်သည်။ မြန်မာများကို အမြင့်ဆုံးပေးလိုသည့်ရာထူးမှာ စာရေးရာထူးမျှသာဖြစ်သည့်အတွက် အထက်တန်းပညာရပ်များကို များများစားစားသင်ကြားပေးရန် မရည်ရွယ်ခဲ့။ ထို့ကြောင့်ပင်အောက်မြန်မာနိုင်ငံကိုသိမ်းပိုက်ပြီး နှစ်ပေါင်း ၂၀ ကြာပြီးမှသော ၁၈၇၃ ခုနှစ်တွင် ရန်ကုန် အစိုးရဟိုက်စကူးကျောင်းကို တည်ထောင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါကျောင်းသည် ၁၈၈၄ ခုနှစ်တွင် ရန်ကုန်ကောလိပ်ဖြစ်လာပြီး ကာလကတ္တားတက္ကသိုလ်တွင် ဘွဲ့သင်တန်းများတက်ရောက်နိုင်ရန် ဥပစာအတန်းများကို သင်ကြားခဲ့သည်။ မြန်မာနိုင်ငံကို အိန္ဒိယနှင့်ပေါင်းစည်းထားခြင်းအား ခွဲထုတ်ရန်နှင့် ပညာရေးတွင်လည်း ကာလကတ္တားတက္ကသိုလ်လက်အောက်ခံမဟုတ်ဘဲ သီးခြားလွတ်လပ် သည့်တက္ကသိုလ်တည်ထောင်ပေးရန် မြန်မာတို့၏တောင်းဆိုမှုများပြင်းထန်လာခြင်းကြောင့် ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို လေးနှစ်ခန့်ကြာအောင် ရေးဆွဲခဲ့ပြီး ၁၉၂ဝပြည့်နှစ် ဇွန်လတွင်အဆိုပါပဒေကို ပြည်သူများသို့ ချပြခဲ့သည်။ ထိုအခါ ရန်ကုန်တက္ကသိုလ်အက်ဥပဒေတွင် မြန်မာပြည်သူတို့ မနှစ်သက်သည့် အချက်အလက်များ ပါဝင်လာခဲ့သည်။

မြန်မာပြည်သူတို့လက်မခံသည့် ရန်ကုန်တက္ကသိုလ်အက်ဥပဒေပါ အချက်အလက်အချို့မှာ-

(၁) အင်္ဂလိပ်စာနှင့် အခြားဘာသာရပ် တစ်တွင်ထူးချွန်စွာအောင်မြင်မှ တက္ကသိုလ်ဝင်ခွင့်ရမည်ဆိုသော အချက်

(၂) တက္ကသိုလ်တွင် အစမ်းသင်ကြားပြီးမှ ဆက်သင်ခွင့်ရ၊ မရ ဆုံးဖြတ်မည်ဆိုသောအချက်

(၃) မြန်မာပြည်တွင် တက္ကသိုလ် တစ်တည်းသာရှိပြီး ထိုတက္ကသိုလ်လက်အောက်တွင် ကောလိပ်ကျောင်းတစ်ကျောင်းသာ ရှိရမည်။ ထိုကောလိပ်ကို ရန်ကုန် နယ်နိမိတ်အတွင်း၌သာ ကန့်သတ်ထားရှိမည်ဆိုသော အချက်

(၄) ကျောင်းသားအားလုံး ကျောင်းအိပ်ကျောင်းစားနေကြရမည်ဆိုသော အချက်များဖြစ်သည်။

နယ်ချဲ့အစိုးရသည် မြန်မာပြည်တွင် တက္ကသိုလ်ကျောင်းတစ်ကျောင်းကို မဖြစ်မနေ တည်ထောင်လိုက် ရသည့်တိုင်အောင် မြန်မာလူမျိုးတို့အား အထက်တန်းပညာရပ်များကို သင်ကြားမပေးလို၊ ပညာသင်စရိတ်ကြီးမားစေရန် ဖန်တီးထားပြီး ပညာတတ်နည်းနိုင်သမျှနည်းပါးစေရန် လုပ်ကြံထားသည်။ ပညာတတ်နည်းပါးပြီး အောက်တန်းကျသည့် အလုပ်များကိုသာ လုပ်ကိုင်နိုင်စေရန် ရည်ရွယ်ထားသည်ဟူ၍ ဝေဖန်ပြစ်တင်ကာ ကျွန်ပညာရေး အလိုမရှိဟူသော ကြွေးကြော်သံများဖြင့် နယ်ချဲ့အစိုးရကို ပထမဆုံးအကြိမ်အဖြစ် စတင်အန်တုကာ နိုင်ငံရေးအရနိုးကြားလာခဲ့ကြသည်။

မည်သို့ဆိုစေ ၁၉၂၀ ပြည့်နှစ်တွင် တည်ထောင်ခဲ့သော ရန်ကုန် တက္ကသိုလ်သည် အရှေ့တောင်အာရှေ့တွင်အစောဆုံးတည်ထောင်သည့် တက္ကသိုလ်များတွင် အပါအဝင်ဖြစ်ခဲ့ပြီး အာရှတွင် ထိပ်တန်း တက္ကသိုလ်များတွင်လည်း ပါဝင်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်မှနိုင်ငံအတွက် နိုင်ငံ့ခေါင်းဆောင်များ၊ ပညာရှင်များလည်းများစွာမွေးထုတ် ပေးခဲ့သည်။ နှစ်ပေါင်းတစ်ရာသက်တမ်းအတွင်း ခြအုံလည်းဖြစ်၊ ဓားထစ်လည်းခံရသည့် လောကဓံတရားနှင့် ဆယ်စုနှစ်ပေါင်း များစွာကြုံတွေ့ခဲ့ရသည့် မြကျွန်းညိုညို တက္ကသိုလ်မှာ ယခုအခါတစ်ဖန်ပြန်လည်၍ ငယ်ရုပ်ဆင်တစ်သွင်ဆန်းဖို့ အားယူလျက် ရှိပြီဖြစ်သည်။ သမိုင်းအစဉ်အလာကြီးမားခဲ့သည့် ရန်ကုန်တက္ကသိုလ်သည် အနဂတ်တွင်လည်း ပြန်လည်ထွန်းလင်းတောက်ပလာမည် မလွဲဟု ယုံကြည်ပါကြောင်း။ ။

မြန်မာ့အလင်း