ရန်ကုန် ၆ ဧပြီ

 

သရုပ်ဆောင် ဒါရိုက်တာ ကြည်သာ (ပွဲကြိုက်ခင်)နှင့် (ပန်တျာ)ဒေါ်သိင်္ဂီတို့ ပူးပေါင်းတင်ဆက်သော နှစ်ဖက်လှ နိုင်ငံကျော်ဂီတစာဆို ကိုလေးလွင် အတွက် အမှတ်တရ ဖျော်ဖြေပွဲကြီးကို ဧပြီလ ၉ ရက်တွင် ကျင်းပပြုလုပ်သွားမည်ဟု သိရသည်။

 

"ကျွန်တော်တို့ ဒီပွဲကိုပြုလုပ်ရတဲ့ အဓိကအချက်ကတော့ ကိုလေးလွင် ကွယ်လွန်ခြင်း အမှတ်တရ အနေနဲ့ လုပ်တာပေါ့။ လုပ်မယ်လုပ်မယ်နဲ့ ရည်ရွယ်ထားခဲ့တာ ကြာပါပြီ။ အခုတော့ လုပ်ဖြစ်ပြီပေါ့နော်။ သူရေးခဲ့တဲ့ သီချင်းတွေက အဆိုတော်များရဲ့ အောင်မြင်မှုကို ပံ့ပိုးခဲ့တဲ့သူ။ အဲ့တော့ သူ့ပွဲလေးမှာ သူ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ ပထမဆုံး အကြိမ်လုပ်ဖြစ်တာပါ" ဟု  ပွဲဖြစ်မြောက်ရေး တာဝန်ခံက ပြောသည်။

 

အဆိုပါ နှစ်ဖက်လှ ဂီတဖျော်ဖြေပွဲကြီးတွင် တေးသံရှင် တင်ဦးလေး၊ ဂရေဟမ်၊ စည်သူလွင်၊ ဖြိုးပြည့်စုံ ၊ ဇေယျာပြည့်ဖြိုး၊ ရဲထိုက်၊ နေထူး၊ လုလင်၊ ချိုပြုံး၊ မေခလာ၊ အိမ့်ချစ်၊ အိုင်းရင်းဇင်မာမြင့်၊ ပန်းရောင်ခြယ်၊ မေသူကျော်၊ ပန်းအိဖြူ၊ အိအိချွန်၊ စိမ်းလဲ့လဲ့၊ အိအိမွန်၊ စိမ့်နေခြည်၊ သူဇာအောင် ၊ သီတာသိမ့်၊ စံပယ်ဖြူသိန်း၊ မောင်မောင်ထိပ်၊ ကိုလတ်၊ ခေတ်သစ်စိန်၊ ညိုဝင်းဖေ၊ ချောချစ်စံ၊ နန္ဒာထက်တို့နှင့် အတူ နိုင်ငံကျော် တေးသံရှင်များစွာ ပါဝင်မည် ဖြစ်သည်။ 

 

နှစ်ဖက်လှ နိုင်ငံကျော် ဂီတစာဆို ကိုလေးလွင် ဖျော်ဖြေပွဲကြီးကို ယင်းနေ့ ည(၆) နာရီတွင် ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသား ကဇာတ်ရုံတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး လက်မှတ်တစ်စောင်လျှင် ၂ သောင်းကျပ်နှင့် ၃ သောင်းကျပ်တို့ဖြင့် ရောင်းချသွားမည်ဟု သိရသည်။

 

ကိုလင်း