ရန်ကုန် ၈ ဇူလိုင်
နှစ်ပါးသွား Update ရုပ်ရှင်ဇာတ်ကား အထူးပွဲကို ယမန်နေ့ညက ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ Gold Class Cinema အဆင့်မြင့် ရုပ်ရှင်ရုံ၌ပြသခဲ့ပြီး ရုပ်ရှင်ရုံကြီးများတွင် ဇူလိုင် ၁၈ ရက်မှစတင်ပြသမည်ဟု သိရသည်။
နှစ်ပါးသွား Update ရုပ်ရှင်ဇာတ်ကားတွင် အကယ်ဒမီ နေတိုး၊ အကယ်ဒမီ ဝတ်မှုံရွှေရည်၊ ယွန်းရွှေရည်၊ ဦးအောင်လွင်၊ ညောင်ညောင်၊ ငှက်ပျောကြော်၊ ဟိန်းမင်း၊ ကိုပေါက်၊ မျိုးမျိုးခိုင်၊ ကစ်ကစ်နှင့်သရုပ်ဆောင်များစွာပါဝင်ပြီး ဒါရိုက်တာ ကျော်ဇောလင်း (အတွေးပုံရိပ်)က အချစ်ဟာသဇာတ်မြူးရုပ်ရှင်ကားအဖြစ် ရိုက်ကူး ပုံဖော်ထားသည်။
“ကိုကျော်ရဲ့ဇာတ်လမ်းကို ကျွန်တော်တို့ကို လာပေးတော့ ဇာတ်လမ်းအဆင့်မှာပဲ စိတ်ဝင်စားမိတယ်၊ ဇာတ်ညွှန်းမပြီးခင်မှာ လက်ခံလိုက်ပါတယ်၊ အားလုုံးအဆင် ပြေပါတယ်၊ ဒီကားလေးက ရှားရှားပါးပါး funcy ဟာသကားလေးပါ။ အဲဒီလို ကားလေး ရိုက်ချင်တယ်ဆိုတော့ ကျွန်တော်တို့လည်း လွန်ခဲ့တဲ့ ၁၀နှစ် လောက်က လူငယ်တွေပုံစံ ဖက်ရှင်လေးနဲ့ ၁၀နှစ် လောက်ငယ်အောင်စဉ်းစားပြီး ကလေးဆန်တဲ့ အမူအရာလေးတွေနဲ့ သရုပ်ဆောင်ခဲ့ရတယ်၊ ချစ်စရာကောင်းပြီး ရယ်ရတဲ့ကားလေး ဖြစ်လို့ ပျော်ရွှင်ခြင်းနဲ့အတူ ချစ်ခြင်း Romance အရသာလေးကို ခံစားရမှာမို့ လာကြည့်ဖို့ဖိတ်ခေါ်အပ်ပါတယ်”ဟု အကယ်ဒမီနေတိုုးကပြောသည်။
ဤဇာတ်ကားကို ရန်ကုန်မြို့နှင့် ပြင်ဦးလွင်တို့တွင် လွန်ခဲ့သည့်နှစ်နှစ်ကျော်က ရိုက်ကူးခဲ့ကြောင်း နေတိုး၏ လူယုံနေရာတွင် ပါဝင်သရုပ်ဆောင်ထားသည့် ဇာတ်ပို့အရံ ဦးမင်းဟိန်းကပြောသည်။
သန့်ဇင်ဝင်း