နှင်းမိုးအိမ်

၂၀၂၄ ခုနှစ် နှစ်သစ်အစမှာပဲ ဂျပန်နိုင်ငံမှာ ပြင်းအား ၇ ဒသမ ၆ မဂ္ဂနီကျုရှိတဲ့ ငလျင်လှုပ်ခဲ့ပါတယ်။ ဂျပန်နိုင်ငံ အလယ်ပိုင်း အိုရှိခဝါ စီရင်စုမှာ ဇန်နဝါရီ ၁ ရက်နေ့က ငလျင်လှုပ်ခဲ့ပါတယ်။ ဂျပန်ပင်လယ်ပြင်တစ်လျှောက် ဆူနာမီသတိပေးချက်ထုတ်ပြန်မှုများကို ဂျပန်မိုးလေဝသအေဂျင်စီကနေ အဆင့်လျှော့ချရုပ်သိမ်းခဲ့ပါတယ်။ ဒါပေမယ့်လည်း ပြင်းအားများတဲ့ငလျင်တွေ တစ်ပတ်အတွင်း လှုပ်လာနိုင်တာကြောင့် ဒေသခံများအနေနဲ့ သတိထားကြဖို့ မိုးလေဝသ အေဂျင်စီကနေ သတိပေးထားပါတယ်။

အမြန်ဆုံးကယ်တင်ဖို့လို

ပြင်းအား ၇ ဒသမ ၆ မဂ္ဂနီကျုရှိတဲ့ ငလျင်လှုပ်ပြီးတဲ့နောက် နောက်ထပ်လှုပ်ခါမှုပေါင်း ၁၀၀ ခန့် တွေ့ရှိခဲ့တယ်လို့ မိုးလေဝသအေဂျင်စီကပြောပါတယ်။ ညနေ ငါးနာရီနောက်ပိုင်းမှာတော့ ဂျပန်ဝန်ကြီးချုပ် ကီရှီဒါဖူမီယိုက သဘာဝဘေးသက်သာချောင်ချိရေးလုပ်ငန်းတွေမှာ သူကိုယ်တိုင် ဦးစီးဦးဆောင်ပြုလုပ်သွားမယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ သဘာဝဘေးဒဏ်ခံဒေသမှာ ငလျင်ဒဏ်ကြောင့်လမ်းတွေ ပျက်စီးကုန်တာဖြစ်လို့ ဂျပန်တပ်ဖွဲ့ဝင်တွေကို စေလွှတ်ဖို့မလွယ်ကူးဘူးလို့ ဂျပန်ဝန်ကြီးချုပ်က ပြောပါတယ်။ အဆောက်အအုံတွေဟာ ပြိုကျမယ့်အန္တရာယ်နဲ့ ကြုံတွေ့နေရတာဖြစ်တဲ့အတွက် အဆောက်အအုံအတွင်း ပိတ်မိနေသူတွေကို အမြန်ဆုံးကယ်တင်ဖို့ လိုတယ်လို့ သူကဆက်ပြောပါတယ်။ 

ဒဏ်ရာရရှိသူတဖြည်းဖြည်းတိုးလာ 

သောက်သုံးရေ၊ အစားအစာ၊ စောင်၊ စက်သုံးဆီများ အပါအဝင် လိုအပ်သည့်ပစ္စည်းများ ပေးပို့ဖို့လည်း အရာရှိတွေကို ဝန်ကြီးချုပ်က အမိန့်ပေးထားပါတယ်။ ဇန်နဝါရီ ၂ ရက် နံနက်ပိုင်းမှာတော့ အိုရှိခဝါ စီရင်စုမှာ အအေးဓာတ်ပြင်းထန်လိမ့်မယ်လို့ မိုးလေဝသအရာရှိတွေက ပြောပါတယ်။ ဒဏ်ရာရရှိသူနဲ့  ပျက်စီးဆုံးရှုံးမှုစာရင်းတွေကတော့  တဖြည်းဖြည်းတိုးလို့လာပါတယ်။ ဇန်နဝါရီ ၁ ရက် ည ၁၁ နာရီအထိ အိုရှိခဝါ၊ နာအီဂီတာ၊ တိုယိုမာ၊ ဂီဖုနဲ့ဖူကူအီ စီရင်စုတွေမှာ ဒဏ်ရာ ရရှိသူတွေ ဆေးရုံသို့လာရောက်ကြတယ်လို့ မီးသတ်ဌာနတွေနဲ့ ဆေးရုံတွေက တာဝန်ရှိသူတွေက အင်န်အိတ်ချ်ကေကို ပြောပါတယ်။ ဒဏ်ရာရရှိသူ အများစုကတော့ အရာဝတ္ထုတွေပြုတ်ကျတာကြောင့်  ကျိုးပဲ့ဒဏ်ရာရတဲ့သူတွေ လာပြတာများတယ်လို့ သိရပါတယ်။ 

အကူအညီတောင်းခံသူတွေများပြား 

ငလျင်ကြောင့် အိမ်ပြိုကျပြီးနောက် အိမ်ပျက်ထဲကနေ မထွက်နိုင်တဲ့သူတွေဆီကနေ အကူအညီတောင်းခံမှုတွေ အများအပြား လက်ခံရရှိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ အိုရှိခဝါမှာတော့ ပြိုကျနေတဲ့အဆောက်အအုံအောက်ခြေမှာ ပိတ်မိနေတဲ့လူတွေဟာ မီးသတ်ဌာနထံ အကူအညီတောင်းခံခဲ့တယ်လို့သိရပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေပြီဖြစ်သလို ပျက်စီးဆုံးရှုံးမှု ပမာဏကိုလည်း အာဏာပိုင်တွေက အကဲဖြတ်နေကြပါတယ်။ ဒါပေမယ့်လည်း အကူအညီတောင်းခံတဲ့ဖုန်းခေါ်ဆိုမှု အလွန်များနေတာကြောင့် သူတို့မှာ ဝန်ပိနေတယ်လို့ အာဏာပိုင်တွေကပြောပါတယ်။ 

လမ်းတွေပျက်စီး 

နေအိမ်ပျက်စီးဆုံးရှုံးသွားတဲ့ လူပေါင်း ၅၀ ဆီကနေ အကူအညီတောင်းခံတဲ့ဖုန်းတွေ လက်ခံရရှိခဲ့တယ်လို့ ဝါဂျီးမားမြို့ မီးသတ်ဌာနက ပြောပါတယ်။ အချို့သော အကူအညီတောင်းခံတဲ့ ဖုန်းတွေဆိုရင် အဆောက်အအုံအောက်မှာ ပိတ်မိနေတဲ့အတွက် အကူအညီတောင်းခံ ကြတာပဲဖြစ်ပါတယ်။ ဆေးရုံတွေမှာဆိုရင်လည်း  လမ်းတွေပျက်စီး နေတဲ့အတွက် ဆရာဝန်တွေ အချိန်မီရောက်နိုင်ဖို့ အခက်တွေ့နေရပါတယ်။ 

လျှပ်စစ်မီးပြတ်တောက် 

လျှပ်စစ်မီးလည်း ပြတ်တောက်နေလို့ အရန်မီးစက်တွေမောင်းပြီး ဆေးရုံကိုလည်ပတ်နေရပါတယ်။ ဝါဂျီးမားမြို့က နောက်ထပ်ဆေးရုံတစ်ရုံမှာတော့ လူနာတွေကို ကားပါကင်မှာပဲ ဆေးကုသပေးနေရပါတယ်။ အိုရှိခဝါမှာဆိုရင်တော့ လူပေါင်း ၁၀၀ ခန့်ဟာ မြို့တော်ခန်းမ အဓိကအဆောက်အအုံမှာပဲ လာရောက်ခိုလှုံနေထိုင်နေရပါတယ်။ ယာမာဂါတာခရိုင်မှာတော့ လူပေါင်း ၂၀၀၀ ခန့်ကို ဘေးလွတ်ရာနေရာသို့ ပြောင်းရွှေ့ပေးခဲ့ရပါတယ်။ အိုရှိခဝါစီရင်စုမှာနေအိမ်ပေါင်း ၃၃၀၀၀ ခန့်ဟာ လျှပ်စစ်မီးပြတ်တောက်တဲ့ဒဏ်ကို ခံစားနေရတယ်လို့ ဟိုကူရီကူ လျှပ်စစ်ဓာတ်အားပေးကုမ္ပဏီက ပြောပါတယ်။
 
ရထားအတွင်း ပိတ်မိသူ ၁၄၀၀ ခန့်ရှိ 

အင်အားပြင်းထန်တဲ့  ငလျင်လှုပ်ပြီးတဲ့နောက် ဟိုကူရီ ကူရှင်ကန်ဆန် ကျည်ဆန်ရထားပြေးဆွဲမှုတွေကိုလည်း ဆိုင်းငံ့ခဲ့ရပါ တယ်။ ကျည်ဆန်ရထားပြေးဆွဲမှု ရပ်တန့်သွားတဲ့အတွက် ခရီးသည်ပေါင်း ၁၄၀၀ ခန့်ဟာ ရထားထဲမှာပဲပိတ်မိနေခဲ့ပါတယ်။ နာဂိုနို ဘူတာရုံ နဲ့ ကာနာဇာဝါဘူတာရုံကြား ပြေးဆွဲတဲ့ရထားကို ရပ်နားခဲ့ရပြီး နောက်ထပ်ရထားလေးစင်းဟာလည်း ပြေးဆွဲမှုရပ်နားထားတယ်လို့ ရထားကုမ္ပဏီက ပြောပါတယ်။ 

အစားအသောက်တွေပေးပို့ 

ရထားအတွင်း ပိတ်မိနေတဲ့အခြေအနေမှာ ခရီးသည်နှစ်ဦးဟာ အဖျားတက်တဲ့အခြေအနေရှိနေပေမယ့် စိုးရိမ်ရတဲ့အခြေအနေတော့မရှိဘူးလို့ ရထားကုမ္ပဏီက ပြောပါတယ်။ ရထားတွေမှာ လျှပ်စစ်မီး ပြတ်တောက်သွားခြင်းမရှိဘဲ လေအေးပေးစက်တွေလည်း ကောင်းကောင်း အလုပ်လုပ်သေးတယ်လို့ ကုမ္ပဏီကပြောပါတယ်။ ရထားကုမ္ပဏီကဝန်ထမ်းတွေဟာ ခရီးသည်တွေဆီကားနဲ့သွားကာ အစားအသောက်တွေ ကူညီပေးပို့ခဲ့တယ်လို့ သိရပါတယ်။ ဇန်နဝါရီ ၂ ရက် မွန်းလွဲပိုင်းအထိ ပြေးဆွဲမှုရပ်နားထားမယ့်အစီအစဉ်ရှိတယ်လို့ ရထားအော်ပရေတာက ပြောပါတယ်။

သေဆုံးသူထပ်တိုးနိုင် 

ငလျင်ကြောင့် သေဆုံးသူဦးရေကတော့ အိုရှိခဝါမှာ သေဆုံးသူ ၄၈ ဦးခန့်ရှိပြီး အပျက်အစီးတွေအောက် ပိတ်မိနေတဲ့သူ အများအပြား ရှိနေသေးတဲ့အတွက် သေဆုံးသူဦးရေထပ်တိုးလာနိုင်ပါသေးတယ်။ ဝါဂျီးမားမြို့မှာတော့ အဆောက်အအုံ ၂၅ လုံးပြိုကျခဲ့ပြီး ၁၄ ဦးထက် မနည်းပိတ်မိနေတယ်လို့ သိရပါတယ်။ ငလျင်ကြောင့် ဖြစ်ပေါ်လာ တဲ့မီးလောင်မှုကြောင့် ဝါဂျီးမားမှာ နေအိမ်ပေါင်း ၂၀၀ ခန့် ပျက်စီး ခဲ့ရပါတယ်။ ဇန်နဝါရီ ၂ ရက် မွန်းလွဲပိုင်းအထိ မီးသတ်သမားများက ကြိုးစားငြှိမ်းသတ်လျက်ရှိပါတယ်။
 
နှစ်သစ်ကူးမိန့်ခွန်းပြောမည့်အစီအစဉ်ဖျက်သိမ်း 

ဂျပန်တော်ဝင်မိသားစုရဲ့  နှစ်သစ်ကူး မိန့်ခွန်းပြောကြားမယ့် အစီအစဉ်ကိုလည်း ငလျင်ဘေးကြောင့် ဖျက်သိမ်းလိုက်ရပါတယ်။ တော်ဝင်မိသားစုရဲ့ပြည်သူတွေဆီပြောကြားမယ့် နှစ်သစ်ကူးမိန့်ခွန်းကို ဖျက်သိမ်းလိုက်ကြောင်း တော်ဝင်မိသားစုအေဂျင်စီက ကြေညာခဲ့ပါတယ်။ သဘာဝဘေးကြောင့် ပြည်သူတွေဆီ နှစ်သစ်ကူးမိန့်ခွန်း ပြောကြားမယ့် အစီအစဉ်ဖျက်သိမ်းလိုက်ရတာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့လည်း အေဂျင်စီက ပြောပါတယ်။  ။

ကိုးကား - အင်န်အိတ်ချ်ကေ