၂၉ ဒီဇင်ဘာ

 

 

ကမ္ဘာမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်မှုများတဲ့ ဘရာဇီးနိုင်ငံက ရီယိုဒီဂျနေးရိုးရှိ ကမ်းခြေတွေကို ဒီဇင်ဘာ ၃၁ ရက် နှစ်သစ်ကူးအကြိုနေ့တွင် ပိတ်ထားမယ်လို့ တာဝန်ရှိသူတွေက တနင်္လာနေ့က ကြေညာလိုက်ပါတယ်။

 

 

တားမြစ်ချက်တွေထဲမှ ရီယိုကမ်းရိုးတန်း ရဲ့ ၁၉ မိုင် အတွင်းကို မော်တော်ယာဉ်တွေ ဝင်ရောက်ခွင့် မရှိကြောင်း သိရပါတယ်။ ရီယိုကမ်းရိုးတန်းဟာ နှစ်စဉ် နှစ်သစ်ကူးညတွေမှာ မီးရှူးမီးပန်း ပစ်ဖောက်ကြိုဆိုလေ့ရှိတဲ့ နေရာဖြစ်ပါတယ်။ ကမ်းရိုးတန်း အနီးမှာ နေထိုင်သူတွေကိုတော့ လမ်းလျှောက်ခွင့် ပြုထားကြောင်း သိရပါတယ်။

 

 

စည်းကမ်းမလိုက်နာသူတွေအား အမေရိကန်ဒေါ်လာ ၂,၈၀၀ အထိ ဒဏ်ကြေးတပ်သွားမယ်လို့ သိရပါတယ်။

 

 

နှစ်သစ်ကူး ကျင်းပလေ့ရှိရာ နေရာကို ဒီဇင်ဘာ ၃၁ ရက်တွင် ည ၈နာရီမှစပြီး ဝင်ရောက်ခွင့်မရှိကြောင်း၊ တားမြစ်နယ်သို့ သယ်ယူပို့ဆောင်ရေးယာဉ်နဲ့ ပုဂ္ဂလိက ယာဉ်တွေ ဝင်ခွင့်မရှိကြောင်းနဲ့ မြေအောက် ရထားတွေပါ သွားလာခွင့် ပိတ်ထားမယ်လို့ ဆိုပါတယ်။

 

 

နှစ်သစ်ကူးပွဲကို အွန်လိုင်း သီဆိုဖျော်ဖြေမှုတွေ ပြင်ဆင်ထားပြီး တရားဝင် ကျင်းပနေကြ နှစ်သစ်ကူးပွဲ အခမ်းအနားအားလုံးကို ပြီးခဲ့တဲ့ သီတင်းနှစ်ပတ် ကတည်းက ဖျက်သိမ်းထားပြီး ဖြစ်ပါတယ်။

 

 

ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုးကြောင့် ဘရာဇီးနိုင်ငံမှာ လူပေါင်း ၁၉၁,၀၀၀ ဦး သေဆုံးခဲ့ပါတယ်။ ရီယိုဒေသ တစ်ခုတည်းမှာတင် သေဆုံးသူ ၁၅,၀၀၀ ကျော်ရှိတဲ့အတွက် လူဦးရေ ၁၀၀,၀၀၀ မှာ ၂၁၆ ဦးဟာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကြောင့် သေဆုံးတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

 

 

MDN

ကိုးကား- AFP

mdn