သံဖြူဇရပ်  ၃၁  ဒီဇင်ဘာ 

 

ဒီဇင်ဘာလ နောက်ဆုံးပတ်၏ စနေ၊ တနင်္ဂနွေနေ့နှင့် နိုင်ငံတကာနှစ်သစ်ကူး အများပြည်သူ အလုပ်ပိတ်ရက် လေးရက်အပြင် ဒီဇင်ဘာကျောင်းပိတ်ရက်ကာလနှင့် ဆုံရက်ဖြစ်ခြင်းကြောင့် မွန်ပြည်နယ်အတွင်းသို့ ဘုရားဖူးခြင်းနှင့် ဒေသန္တရဗဟုသုတ လေ့လာရေးခရီးအဖြစ် မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှ ပြည်သူများ၊ ကျောင်းသားကျောင်းသူများသည် သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီရေလယ်ဘုရားသို့ ဘုရားဖူးလာရောက်ခြင်းနှင့် စက်စဲအပမ်းဖြေကမ်းခြေသို့ မော်တော်ယာဉ်ကြီး ယာဉ်ငယ်များဖြင့် လာရောက်သူများ အထူးများပြား စည်ကားကြောင်း သိရသည်။

 

ဘုရားဖူးလာရောက်သူ ပခုက္ကူမှ ဦးမျိုးလွင်က "ဘုရားဖူးယာဉ် အဖွဲ့နဲ့ လာပါတယ်။ ကျိုက္ခမီဘုရားဖူးလာသူတွေ အလွန်များပါတယ်။ လမ်းခရီးမှာလည်း ဘုရားဖူးအဖွဲ့ကားတွေ အများကြီးတွေ့ရတယ်။ ရပ်ဝေးကလာတဲ့ အဖွဲ့တွေများတော့ တည်းခိုနေထိုင်ရေး အခက်အခဲနည်းနည်း ရှိပါတယ်။" စက်စဲပင်လယ်ကမ်းခြေသို့ အလည်အပတ်လာရောက်သည့် ရန်ကုန်မြို့ ယဉ်ကျေးမှု တက္ကသိုလ်ကျောင်းသူ မအိပိုပိုကလည်း "ရုပ်ရှင်အထူးပြုနဲ့ဘွဲ့ယူပြီးတော့ အဆောင်နေသူငယ်ချင်းများနဲ့ ကျိုက္ခမီ၊ စက်စဲခရီးစဉ်ကို ရက်ရှည်ပိတ်ရက်မှာ အလည်အပတ်ထွက်ခဲ့တာပါ၊ အလုပ်ပိတ်ရက်မှာ ဒီစက်စဲကမ်းခြေကို အပမ်းဖြေလာသူအလွန်များပြားတာ တွေ့ရပါတယ်၊လမ်းခရီးသွားလာရတာလည်း အဆင်ပြေပါတယ်" ဟု ပြောသည်။

 

ထို့အတူ သံဖြူဇရပ် သေမင်းတမန်မီးရထားပြတိုက်တွင်လည်း ရပ်ဝေးဒေသအသီးသီးမှ ရောက်ရှိလေ့လာသူ များသည် နံနက်ပိုင်းမှစတင်၍ ညနေချိန်အထိ မိသားစုအလိုက် အစုအဖွဲ့အလိုက် အထူးများပြားစွာဖြင့် ဝင်ရောက်လေ့လာကြသည်။ အထူးသဖြင့် ဒီဇင်ဘာ ၃၀ နှင့် ၃၁ ရက်တို့တွင် သံဖြူဇရပ်မြို့နယ်အတွင်းသို့ ရပ်ဝေးမှရောက်ရှိသူ အလွန်များပြားကြောင်းသိရသည်။

 

ကျော်ဝင်း(သံဖြူဇရပ်)