အန်ကာရာ ဒီဇင်ဘာ ၂၆

 

နှစ်သစ်ကူးကာလအတွင်း အကြမ်းဖက်တိုက်ခိုက်ရန်ပြင်ဆင်နေသည့် အိုင်အက်စ်အဖွဲ့ဝင်ဟု သံသယရှိသူ တစ်ဦးကို တူကီယဲနိုင်ငံ အရှေ့ပိုင်း မာလာတီယာပြည်နယ်၌ ယနေ့ဖမ်းဆီးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက သတင်းဖော်ပြခဲ့သည်။

 

အမျိုးသားထောက်လှမ်းရေးအဖွဲ့က အီဘရာဟင် ဘာတာကူစင် ဟု ယူဆသည့် အဆိုပါသံသယရှိ သူသည် တူကီယဲနိုင်ငံအတွင်းနှင့်ပြင်ပရှိ အိုင်အက်စ်အဖွဲ့ဝင်များနှင့် အဆက်အသွယ်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု နိုင်ငံပိုင်ရုပ်သံလွှင့်ဌာန တီအာရ်တီ က ဖော်ပြခဲ့သည်။

 

၎င်းသည် အကြမ်းဖက်မှုလုပ်ဆောင်ရန်နှင့် အိုင်အက်စ်အဖွဲ့နှင့်ပူးပေါင်းရန် ပဋိပက္ခဇုန်များသို့ ခရီးထွက်ရန် စီစဉ်နေကြောင်း ထောက်လှမ်းရေးအဖွဲ့၏ စစ်ဆေးမှုများအရသိရသည်။

 

တူကီယဲလုံခြုံရေး တပ်ဖွဲ့ဝင်များက မာလာတီယာမြို့၌ ၎င်းကိုရှာဖွေဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ စစ်ဆင်ရေး အတွင်း ဒစ်ဂျစ်တယ်ပစ္စည်းများနှင့် အခြားသောဆက်စပ်ပစ္စည်းများကို ၎င်း၏နေအိမ်မှ သိမ်းဆည်းရမိခဲ့ပြီး လက်ရှိတွင် စစ်ဆေးလျက် ရှိသည်။

 

ခရစ္စမတ်နှင့် နှစ်သစ်ကူးအားလပ်ရက်များတွင် အိုင်အက်စ်အဖွဲ့က အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်နိုင်ကြောင်း ထောက်လှမ်းရေးအဖွဲ့က သတိပေးခဲ့ပြီးနောက် နိုင်ငံတစ်ဝန်း၌ အကြမ်းဖက်မှု တန်ပြန်ရေးကြိုးပမ်းမှုများ ဆောင်ရွက်လျက်ရှိစဉ် ယခုကဲ့သို့ ဖမ်းဆီးခံရခြင်း ဖြစ်သည်။

 

အလားတူ ဒီဇင်ဘာ ၂၅ ရက်တွင် တူကီယဲ ရဲတပ်ဖွဲ့က အစ္စတန်ဘူလ်မြို့၌ အကြီးစားစစ်ဆင်ရေး တစ်ခုအတွင်း အိုင်အက်စ်အဖွဲ့ဟု သံသယရှိသူ ၁၁၅ ဦးကို ဖမ်းဆီးခဲ့သည်။

 

တူကီယဲနိုင်ငံက အိုင်အက်စ်အဖွဲ့အား အကြမ်းဖက်အဖွဲ့အဖြစ် ၂၀၁၃ ခုနှစ်တွင် တရားဝင် သတ်မှတ်ခဲ့သည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အောင်ကျော်ကျော်