မန္တလေး ၁ ဇန်နဝါရီ 

 

မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ မြန်မာအနုပညာ ဗိသုကာလက်ရာများ စံပြုကျောင်းဖြစ်သော ရွှေနန်းတော်ကျောင်း(ရွှေကျောင်း)သို့ နှစ်သစ်ကူးကာလ ပိတ်ရက်များတွင် ပြည်တွင်းပြည်ပ ခရီးသွားများ လာရောက်လေ့လာမှု များပြားလျက်ကြောင်း သိရသည်။

 

“ရွှေကျောင်းကြီး၊ ရွှေကျောင်းကြီးဆိုပြီး ကြားဖူးနေတာကြာပါပြီ။ အခုမှပဲ လက်တွေ့ ရောက်ဖူးတော့တယ်၊ အရမ်းပဲ ခမ်းနားထည်ဝါပါတယ်။ သူငယ်ချင်းတွေနဲ့ပိတ်ရက်မှာ စုပြီး ဘုရားဖူးထွက်လာတာပါ၊ ကုသိုလ်တော် ဘုရားဖူးရင်းနဲ့ ရွှေကျောင်းကြီးကိုလည်း ဝင်ရောက်လေ့လာတာပါ။ ရှေးမြန်မာတွေရဲ့ အနုပညာလက်ရာ တွေကို ခုလိုအနီးကပ်လေ့လာခွင့်ရတာ အရမ်းလည်းဂုဏ်ယူပါတယ်’’ ဟု ရန်ကုန်မြို့မှ လာရောက် လည်ပတ်သူတစ်ဦးက ပြောသည်။

 

ရွှေကျောင်းဟု လူသိများသော ရွှေနန်းတော်ကျောင်းသည် နှစ်ပေါင်း ၁၃၀ ကျော် သက်တမ်းရှိပြီး ကုန်းဘောင် ခေတ်(၁၉)ရာစု မြန်မာအနုပညာဗိသုကာလက်ရာ စံပြုကျောင်းကြီးဖြစ်သည်။ ရွှေနန်းတော်ကြီးမှာ အမိုးသုံးဆင့်၊ လယ်ပေါ်နှစ်ထပ်၊ စမြင်ပါသော ဇေတဝန်ဆောင်ဖြစ်သည်။ 

 

ကျောင်းကြီး တစ်ဆောင်လုံးတွင် အရှေ့အနောက်တိုင် ၁၅ လုံးတန်းနှင့် တောင်မြောင် ၁၀ လုံးတန်းရှိခြင်းကြောင့် တိုင်ပေါင်း ၁၅၀ တိုင်၊ နယားရုပ်ထောက်တိုင်ပေါင်း ၅၄ တိုင်နှင့် သရက်ကင်းအုတ်လှေကား ငါးစင်းဖြင့် တည်ဆောက်ထားသည်။

 

ကျောင်းကြီးတစ်ခုလုံးတွင် မြန်မာမှုသစ်သားပန်းပု အခြေခံ ခြူးပန်း၊ ခြူးနွယ်အပြောက်အမွှမ်းများ၊ ရုပ်လုံး ရုပ်ကြွများ၊ ကျေးငှက်တိရစ္ဆာန်ရုပ်များ၊ နံရံကပ်ရုပ်ကြွများနှင့် အတွင်းမာရဘင် အရှေ့ပိုင်ကွန်းစင်တိုင် အခြေတွင် ဇာတ်ကြီးဆယ်ဘွဲ့၊ တောထွက်ခန်း၊ မဟာပဒုမဇာတ်၊ ဥတေနဇာတ်တော်များကို စိတ်ဝင်စားဖွယ် လက်ရာမြောက်စွာ အနုစိတ်တပ်ဆင်ထားကြောင်း မှတ်တမ်းများအရ သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)