ရန်ကုန်  ၃၀  ဒီဇင်ဘာ 

 

နှစ်သစ်ကူးညတွင် မတော်တဆထိခိုက်ဒဏ်ရာရရှိမှုများ ကြုံလာပါက အရေးပေါ် အချိန်မီကုသနိုင်ရန် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဆေးကုသမှုဋ္ဌာနတွင် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားပြီး အထူးကုဆရာဝန်ကြီးများ အပါအဝင် ကျန်းမာရေးဝန်ထမ်းအင်အားကို နှစ်ဆခန့် တိုးမြှင့်တာဝန်ချထားကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဆေးကုသမှုဌာနမှ သိရသည်။ 

 

 

 “ဆေးရုံမှာ ပုံမှန်လူနာတွေကိုလည်းလက်ခံကုသပေးမယ့်အပြင် နှစ်သစ်ကူးနေ့မှာ ထိခိုက်ဒဏ်ရာရရှိမှုကြောင့် ထပ်မံရောက်ရှိလာမယ့် လူနာတွေကိုလည်း လက်ခံနိုင်အောင် ပြင်ဆင်ထားပါတယ်။ အများပြည်သူ ရုံးပိတ်ရက်တွေမှာလည်း လုံးဝပိတ်ထားခြင်းမရှိပါဘူး၊ ထိခိုက်ဒဏ်ရာဌာနကို ၂၄ နာရီဖွင့်ထားမှာ ဖြစ်ပါတယ်” ဟု ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် ဆေးတက္ကသိုလ်(၁) အရိုးရောဂါပညာဌာနနှင့် လက်ပိုင်းဆိုင်ရာခွဲစိတ်ကုပညာဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာခင်မောင်မြင့်က ပြောသည်။

 

“သာမန်အားဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနမှာ တစ်နေ့ကိုဆရာဝန် ၉ ဦးတာဝန်ချထားပါတယ်။ ဒီဇင်ဘာ ၃၁ ရက်မှာ ထိခိုက်ဒဏ်ရာရလာတဲ့ လူနာတွေကိုပိုပြီး လက်ခံကုသပေးနိုင်အောင် အထူးကုဆရာဝန်တွေအပါအဝင် ဆရာဝန် ၁၉ ဦးရှိမှာဖြစ်တဲ့အတွက် ဆရာဝန်အင်အားအရင်ကထက် နှစ်ဆတိုးပြီးတာဝန် ချထားပါတယ်” ဟု၎င်းက ဆက်လက် ပြောသည်။

 

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် နှစ်သစ်ကူးကာလ၌ ထိခိုက်ဒဏ်ရာရရှိသူလူနာများအတွက် ကြိုတင်ပြင်ဆင်မှုများ နှစ်စဉ်ဆောင်ရွက်ထားလေ့ရှိပြီး ယခုနှစ်တွင်လည်း နှစ်ကူးကာလဖြစ်သည့် ဒီဇင်ဘာ ၃၁ ရက် နံနက်ပိုင်းမှ စတင်၍ နောက်တစ်နေ့ ဇန်နဝါရီ ၁ ရက် နံနက်  ၈ နာရီအထိ အရေးပေါ်ကာလအဖြစ် သတ်မှတ်ထားပြီး ထိခိုက်ဒဏ်ရာရရှိသူ အရေးပေါ် အခြေအနေလူနာများကို လက်ခံကုသပေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။ 

 

“ပြီးခဲ့တဲ့နှစ်သစ်ကူးတုန်းက ကားမတော်တဆမှုတွေ၊ ဆိုင်ကယ်မတော်တဆမှုတွေနဲ့ ခိုက်ရန်ဖြစ်ပွားမှုတွေကြောင့် လူ ၂၀ လောက် ကုသခဲ့ရပါတယ်။ အရင်နှစ်တွေက အရက်သေစာသောက်စားပြီး မူးယစ်ရမ်းကားဒဏ်ရာရလို့ လူနာတော်တော်များ များကုသခဲ့ဖူးတယ်။ ၂၀၁၇ခုနှစ် နောက်ပိုင်းမှာနည်းသွားပြီ။ ကျွန်တော်တို့ဘက်က သေသေချာချာ ပြင်ဆင်ထားပါတယ်။” ဟုပါမောက္ခဌာနမှူး ဒေါက်တာခင်မောင်မြင့်က ပြောသည်။

 

နှစ်သစ်ကူးကာလ၌ ထိခိုက်ဒဏ်ရာရရှိသူလူနာများအတွက် လိုအပ်သည့်သွေးနှင့် ဆေးဝါးပစ္စည်း ကိရိယာစုံလင်စွာ စီစဉ်ပေးထားပြီးဆရာဝန်၊ သူနာပြု၊ ဓာတ်ခွဲ၊ ဓာတ်မှန်နှင့် အောက်ခြေဝန်ထမ်းများမကျန် တာဝန်အပြည့် ထမ်းဆောင်ကြမည့် ဝန်ထမ်းများအတွက် အစားအစာများ စီစဉ်ပေးထားကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးဆေးရုံအုပ် ဒေါက်တာ ခင်သိဂီ ၤမြင့်ထံမှ သိရသည်။

 

ရန်ကုန်ပြည်သူ့ဆေးရုံကြီးသည် ခုတင် ၂၀ဝ၀ ဆံ့ သင်ကြားရေးဆေးရုံဖြစ်ပြီး ဆေးရုံကြီး၏ အရေးပေါ်ဆေးကုသမှုဌာနတွင် တစ်နိုင်ငံလုံးမှ ရောက်ရှိလာသည့် လူနာများကို ၂၄ နာရီပတ်လုံး လက်ခံကုသပေးနေသည့် ဆေးရုံကြီးဖြစ်ကာ သာမန်ထိခိုက်ဒဏ်ရာရရှိမှုများအတွက် မြောက်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ အင်းစိန်မြို့နယ်တို့ရှိ ဆေးရုံများ၊ ရန်ကုန်အရှေ့ပိုင်းနှင့် အနောက်ပိုင်း ဆေးရုံများတွင် ထိခိုက်ဒဏ်ရာကုသမှုဌာနခွဲများ ဖွင့်လှစ်ထားကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ သိရသည်။ 

 

သတင်းနှင့်ဓာတ်ပုံ - သီသီမင်း