မင်းဘူး ၃၁     ဒီဇင်ဘာ

 

နှစ်သစ်ကူးရုံးပိတ်ရက်အတွင်း မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ရှိ ရှင်ပင်စက္ကိန်းတဲဘုရားနှင့် နဂါးပွတ်တောင်တော်တို့တွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ လာရောက်လည်ပတ်ခြင်းဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

 

“စက္ကိန်းတဲဘုရားကို ယခုနှစ်သစ်ကူး ရုံးပိတ်ရက်တွင် ဘုရားဖူးပြည်သူ ညအိပ် လာရောက်ကြသူတွေကို ကျွန်တော်တို့အနေနဲ့ အခမဲ့တည်းခိုဆောင်တွေ စီစဉ်ပေးထားပါတယ်၊ စက္ကိန်းတဲဘုရား ရင်ပြင်ပေါ်မှာရှိတဲ့ နဂါးရုံဘုရားလမ်းများကို ကွန်ကရစ်လမ်းခင်းခြင်းနှင့် နေပူခံ ကျောက်ပြားများကို ခင်းကျင်းထားပါတယ်၊ ဘုရားလမ်းကိုလည်း ကွန်ကရစ်လမ်းခင်းခြင်းနှင့် ကတ္တရာလမ်းခင်းခြင်းများ ဆောင်ရွက်ပြီးစီးသွားပြီဖြစ်လို့ အများပြည်သူများ၊ ဘုရားဖူးပြည်သူများအနေဖြင့် မင်းဘူးမြို့ရဲ့ အထင်ကရနေရာ တစ်ခုဖြစ်တဲ့ စက္ကိန်းတဲဘုရားသို့ လာရောက်ဖူးမြော်ကြဖို့ ဖိတ်ခေါ်ပါတယ်” ဟု ဘုရားဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးဇော်သိန်းက ပြောပါသည်။

 

“ကျွန်တော်က ရန်ကုန်မြို့မှ ပရဟိတအသင်းကဖြစ်ပါတယ်၊ ချင်းပြည်နယ် မင်းတပ်မြို့က ကလေးတွေကို လှူရင်းနဲ့ နတ်မတောင်၊ ဝိတိုရိယတောင်တို့ကို တက်ခဲ့ပါတယ်၊ မိဘမဲ့ကျောင်းများနဲ့ ဘုန်းတော်ကြီးသင်ကျောင်းများကိုလည်း လှူဒါန်းခဲ့ပါတယ်၊ မင်းတပ်မြို့နယ် အတွင်းရှိ ကျောင်းများကိုတော့ လူကိုယ်တိုင် မသွားနိုင်တဲ့အတွက် အခြားဘုန်းတော်ကြီးကျောင်းများမှတစ်ဆင့် လှူဒါန်းခဲ့ပါတယ်၊ လူဉီးရေ စုစုပေါင်း(၄၇)ယောက်ပါပါတယ်၊ ဆရာဝန်၊ သူနာပြုတွေလည်း ပါတယ်၊ ဓာတ်ခွဲခန်း ဝန်ထမ်းတွေလည်း ပါရှိပြီး အခြားစီးပွားရေး လုပ်ငန်းရှင်တွေလည်းပါပါတယ်၊ ရှင်ပင်စက္ကိန်းတဲဘုရား ဖူးပြီးရင် နတ်မောက်မြို့က ဗိုလ်ချုပ်အိမ်ပြခန်းကို သွားမှာပါ” ဟု ဦးမြင့်စိုးလတ်၊ ဗိုလ်ချုပ်ဈေး (ရန်ကုန်)မှ ပြောပါသည်။

 

ကျော်စိုးဝင်း(မင်းဘူး)