နှစ်သစ်ကူးသင်္ကြန် ငြိမ်းချမ်းပျော်ရွှင်စွာဆင်နွှဲ

၁၆ ဧပြီ

 

ယနေ့သည် မြန်မာသက္ကရာဇ် ၁၃၇၉ ခုနှစ် နှစ်သစ်ကူး သင်္ကြန်ပွဲတော်ကို ရိုးရာအစဉ်အလာမပျက် ပျော်ရွှင်စွာ ဆင်နွှဲကြသည့် သင်္ကြန်အတက်နေ့ ဖြစ်သည်။ သင်္ကြန်အတက်နေ့ဟု ဆိုသည့်အတိုင်း မြန်မာတို့၏ ရေသဘင်ပွဲတော် ဆင်နွှဲသည့် နောက်ဆုံးနေ့လည်း ဖြစ်သည်။ ဤနေ့ဤရက်သည် မြန်မာတို့အဖို့ ထူးမြတ်သည့်နေ့၊ ထူးကဲသည့်နေ့လည်း ဖြစ်သည်။

 

မြန်မာတို့၏ ထုံးတမ်းစဉ်လာဓလေ့ သင်္ကြန်ရေသဘင် ပွဲဆင်နွှဲခြင်း အပြီးသတ်နေ့ဖြစ်ခြင်းနှင့်အတူ မြန်မာတို့၏နှစ် မြန်မာသက္ကရာဇ် ၁၃၇၉ ခုနှစ် ကုန်ဆုံးသည့် နေ့လည်းဖြစ်၍ ထူးခြားလေးနက်သည့် အသွင်ကို ဆောင်ပေသည်။ နှစ်တစ်နှစ်၏ အဆုံးသတ်ကာလကို သင်္ကြန်ရေဖြင့် ပက်ဖျန်းခြင်းသည် နှစ်ဟောင်းမှ အညစ်အကြေးများကို သင်္ကြန်ရေဖြင့် ဆေးကြောခြင်း၊ နှစ်ဟောင်းမှ အပူအပင်များကို သင်္ကြန်ရေဖြင့် ပက်ဖျန်းကာ အေးချမ်းစေခြင်းဖြစ်၍ ဤနေ့ဤရက်သည် မြန်မာတို့အဖို့ ထူးကဲမွန်မြတ်သည့် နေ့ရက်ကောင်း တစ်ရက်ဟု ဆိုထိုက်ပါသည်။

 

ယခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်သည် ယခင်နှစ်များနှင့်မတူ ငြိမ်းချမ်းစွာ၊ ပျော်ရွှင်စွာ၊ အထိအခိုက် နည်းစွာ၊ ယဉ်ကျေးစွာ ဆင်နွှဲခဲ့ကြသည်ကို မြင်တွေ့ခဲ့ပါသည်။ နယ်မြေဒေသအလိုက် သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ ကြီးကြပ်ကွပ်ကဲမှု၊ ဦးဆောင် ကျင်းပပေးမှုတို့နှင့်အတူ ပြည်သူများကလည်း မြန်မာ့ရိုးရာ ယဉ်ကျေးမှု အစဉ်အလာကို အတတ်နိုင်ဆုံး ထိန်းသိမ်းပြီး အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြသဖြင့် နှစ်ဟောင်းကို မြန်မာ့ယဉ်ကျေးမှု အစဉ်အလာနှင့်အညီ ဖြတ်သန်းခဲ့ကြသည်ဟု ဆိုနိုင်သည်။

 

ယခုနှစ်အဖို့ တစ်မူထူးခြားစွာဖြင့် သင်္ကြန်ပွဲဆင်နွှဲခဲ့ကြရာတွင် အဓိက မြို့တော်ကြီးများဖြစ်သည့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့ကြီးများ၌ ရိုးရာယဉ်ကျေးမှု အစဉ်အလာဓလေ့များကို ပုံဖော်နိုင်ခဲ့ကြပြီး ယဉ်ကျေးသော ရှေးအစဉ်အလာ လမ်းလျှောက်သင်္ကြန်ကို ဆင်နွှဲခဲ့ကြခြင်းသည် ယဉ်ကျေးမှုအစဉ်အလာကို ထိန်းသိမ်း စောင့်ရှောက်ခြင်း မည်ပါသည်။ မုံရွာမြို့နယ်တွင် ချင်းတွင်းသင်္ကြန်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ပြီး သဲသောင်ပြင် ပန်းပုလက်ရာများနှင့် တင်ဆက်နိုင်သည်မှာ တစ်မူထူးခြားမှုပင် ဖြစ်သည်။

 

ရေသဘင်ပွဲ ဆင်နွှဲကြခြင်းနှင့်အတူ ရှေးယခင်သင်္ကြန်ကာလက ခေတ်စားခဲ့သော အလှပြယာဉ်၊ ပြိုင်ပွဲဝင် သင်္ကြန်ယာဉ်များ ပြန်လည် ပေါ်ထွန်းလာခဲ့ခြင်းမှာလည်း ရှေးအစဉ်အလာ သင်္ကြန်ပုံရိပ်ကို ပြန်လည်ပီပြင် အသက်ဝင် စေခဲ့ပါသည်။ သင်္ကြန်သံချပ်ထိုးပွဲများ ပြန်လည်ပေါ်ထွန်းလာခြင်းသည် ပွင့်လင်းမြင်သာသည့် ဒီမိုကရေစီ သရုပ်သဏ္ဌာန်ကို ပေါ်လွင်စေခဲ့ပါသည်။ သင်္ကြန်သံချပ် စာသားများမှာ ခေတ်ကာလ၏ အားနည်းချက်များ၊ အမြင်မတော်မှုများကို သရော်ထားခြင်းဖြစ်ရာ ပွင့်လင်းမြင်သာမှုကို မီးမောင်းထိုးပြခြင်းပင် ဖြစ်သည်။

 

မည်သို့ပင်ဖြစ်စေ ယခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်သည် ကျေနပ်ဖွယ်ဟု ဆိုချင်သည်။ မပြောပလောက်သော သရုပ်ပျက် ယဉ်ကျေးမှုအချို့နှင့် စည်းကမ်းမလိုက်နာမှု အနည်းငယ် ရှိမည်ဖြစ်သော်လည်း မြန်မာ့ရိုးရာယဉ်ကျေးမှုကို အတတ်နိုင်ဆုံး ထိန်းသိမ်းဆင်နွှဲခဲ့သော သင်္ကြန်ပွဲတော်ဟု ဆိုနိုင်ပါသည်။ အရက်သေစာ သောက်စားပျော်ပါးမှုများမှာလည်း ယခင်နှစ်လောက် မဆိုးရွားဟု ပြောရမည်ဖြစ်သည်။ ကောင်းမွန်သော သင်္ကြန်၊ ငြိမ်းချမ်းသော သင်္ကြန်ဟု အသိအမှတ်ပြုရမည် ဖြစ်သည်။

 

သို့ဖြစ်ရာ ၁၃၇၉ ခုနှစ် မြန်မာ့ရိုးရာ အစဉ်အလာ သင်္ကြန်အကြို၊ သင်္ကြန်အကျ၊ သင်္ကြန်အကြတ်၊ သင်္ကြန် အတက်နေ့များကို ကောင်းမွန်စွာ ဖြတ်သန်းခဲ့ကြပြီဖြစ်ရာ စိတ်သစ်၊ ကိုယ်သစ်ဖြင့် ဒီမိုကရေစီ နိုင်ငံသစ်ကို သင်္ကြန်ပွဲတော် ဆင်နွှဲသကဲ့သို့ တက်ညီလက်ညီ တက်လှမ်းကြရန် မေတ္တာရပ်ခံပါသည်။   ။


(ကြေးမုံ)