မောင်ကမ္ဘာ
ကရင်တိုင်းရင်းသားရိုးရာဝတ်စုံကိုယ်စီနှင့် တက်ကြွပျော်ရွှင်စွာသွားလာနေကြသည့် သမီးငယ်လေးများကို မြင်ရသည်မှာ ကြည်နူးစရာကောင်းလှသည်။ သည်နေ့ကား ကရင် တိုင်းရင်းသားတို့၏ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ပေမို့ ကရင်ပြည်နယ်အပါအဝင် အမြို့မြို့ အရွာရွာတွင် ကရင်နှစ်သစ်ကူးပွဲတော်များကို စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။ စောစောက မြင်တွေ့ခဲ့သည့် ကရင်တိုင်းရင်းသူ လှပျိုဖြူလေးများကတော့ ရန်ကုန်မြို့ သာကေတ မြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည့် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲများကို သွားကြလေ မလားဟု မှန်းဆနေမိပါ၏။
“Happy New Year”။ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးများတွင် နိုင်ငံတကာ နှစ်သစ်ကူးနေ့ ဂီတဖျော်ဖြေပွဲများ၊ ဈေးပွဲတော်များ၊ ပျော်ပွဲရွှင်ပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပ ခဲ့ကြသည်။ ဒီဇင်ဘာလ ၃၁ ရက်ညတွင် မြန်မာပြည်သူများ အထူးသဖြင့် မြန်မာလူငယ်များသည် နှစ်ဟောင်းဖြစ်တော့မည့် ၂၀၂၄ ခုနှစ်ကိုနှုတ်ဆက်၍ ၂၀၂၅ ခုနှစ် နှစ်သစ်ကို Countdown ရေတွက်၍ ပျော်ရွှင်စွာ ကြိုဆိုခဲ့ကြပြန်သည်။
အငြင်းပွားစရာမရှိ
ခေတ်စနစ်တွေ ဘယ်လိုပင်ပြောင်းပြောင်း လူငယ်ဆိုသည်မှာတော့ ပျော်ရွှင်မြူးထူး၊ ပျော်ပါး လိုကြသည်။ ကျွန်တော်တို့ လူငယ်ဘဝကလည်း သူတို့လိုပင် နိုင်ငံတော်၏ နေ့ထူးနေ့မြတ်များ၊ အခါကြီးရက်ကြီး ပွဲလမ်းသဘင်များစွာကို ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြပါသည်။ ကျွန်တော်တို့က လမ်းစဉ်ပါတီခေတ်တွင် လူလားမြောက်လာခဲ့ကြသူများဖြစ်၍ ယခုခေတ်သို့နှယ် ရုပ်ဝတ္ထုပစ္စည်းများ များများစားစားမရှိခဲ့ပေ။ အလွန်အင်မတန်မှ ရှားပါး လှပါသည်။ သို့ရာတွင် လွတ်လပ်မှု၊ ငြိမ်းချမ်းမှု၊ နောက်ဆံမငင်ရသည့် ပျော်ရွှင်မှုများကတော့ တင်းပြည့်ကျပ်ပြည့် အပြည့်အဝပင်။ ကျွန်တော်တို့ သူငယ်ချင်းအုပ်စုထဲတွင် ကရင်လည်းပါသည်။ ရခိုင်လည်းပါသည်။ အစ္စလာမ်ဘာသာဝင်လည်း ရှိသည်။ ခရစ်ယာန်ဘာသာဝင်လည်းရှိသည်။ သို့တစေဘာသာရေးအားဖြင့်၊ လူမျိုးရေးအားဖြင့် ဝိဝါဒကွဲပြား အငြင်းပွားစရာ ဘာတစ်ခုမျှမရှိခဲ့။
ခရစ္စမတ်နေ့တွင် ခရစ်ယာန်ဘာသာဝင် သူငယ်ချင်းအိမ်သို့သွားပြီး မုန့်တွေစားကြသည်။ အစ္စလာမ်ဘာသာဝင် သူငယ်ချင်းက ရမ်ဇမ်ဥပုသ်လတွင် ဥပုသ်ပြုထားလျှင် ကျွန်တော်တို့ ကျန်သူငယ်ချင်းများက အလိုက်တသိ ဆက်ဆံပြောဆိုကြသည်။ သူတို့ကလည်း ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ် အခါကြီးရက်ကြီးများတွင် ကျွန်တော်တို့နှင့်အတူ ရွှေတိဂုံဘုရားသို့ တက်ရောက်ကြည်ညိုကြသည်။ သီတင်းကျွတ်ပွဲတော်၊ တန်ဆောင်တိုင်ပွဲတော်၊ မဟာ သင်္ကြန်ပွဲတော်၊ ကျိုက္ကစံပြည်ထောင်စုပွဲတော်များ ဆိုပါက သူတို့က ကျွန်တော်တို့ထက်ပင် ပိုပျော်ကြသည်။ မင်းက ရခိုင်၊ မင်းက ကရင်၊ ငါက ဗမာ၊ မင်းက ခရစ်ယာန်၊ အစ္စလာမ်၊ ငါက ဗုဒ္ဓဘာသာဟူ၍ ဘယ်တုန်း ကမျှမရှိခဲ့။ အလွန်တရာ ရိုးသားဖြူစင်ခဲ့ကြပါ၏။
ယခုမျက်မှောက်ခေတ်တွင် ဝိဝါဒကွဲပြား စရာများ ပေါများလာသည်။ အထူးသဖြင့် နိုင်ငံရေး၊ ပြီးလျှင် လူမျိုးရေး။ ဆိုရှယ်မီဒီယာခေတ်တွင် အွန်လိုင်းပေါ်မှ ဘေးတီးသူများကလည်း အဆက်မပြတ် တီးကြသည်။ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအကြောင်းပြ၍ ရှေးအတီအတေကတည်းက ချစ်ချစ်ခင်ခင်၊ စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်၊ တစ်မြေတည်းနေ တစ်ရေတည်း သောက်သုံးနေထိုင် လာခဲ့ကြသော တိုင်းရင်းသား ပြည်သူအချင်းချင်းကြား သွေးခွဲသပ်လျှိူသမှု ပြုခဲ့ကြသည်။
ဗမာလူမျိုးကြီးဝါဒကျင့်သုံးမိ
ကြာလာလျှင် ဂျာမနီနာဇီခေတ် ဟစ်တလာ၏ “မဟုတ်တာကိုများများပြော၊ ပြောတဲ့သူကိုယ်တိုင် အဟုတ်ထင်လာလိမ့်မယ်”ဟူသည့် အဆိုအမိန့်အတိုင်း မျိုးဆက်သစ်လူငယ်များမဆိုထားဘိ ကိုယ်ကိုယ်တိုင်ပင် ဗမာလူမျိုးကြီးဝါဒကျင့်သုံး မိလေသလားဟု စောကြောရမလိုဖြစ်လာသည်။ ထိုသူများသည် လူငယ်များ၏ အနာဂတ်၊ တစ်နည်းအားဖြင့် မြန်မာနိုင်ငံ၏အနာဂတ်ကို ချိုးဖျက်ရိုက်ချိုးနေသူများဟုဆိုရမည်။ အနာဂတ်ကို အမြော်အမြင်ရှိရှိ သုံးသပ်ပါက လက်ရှိ ၃၀ တန်း၊ ၄၀ တန်း၊ ၅၀၊ ၆၀ တန်း မျိုးဆက်များသည် နောင်နှစ်ပေါင်း ၅၀၊ ၆၀၊ ၇၀ ကျော်ဆိုလျှင် ရှိကြ တော့မည်မဟုတ်ပေ။ ကျွန်တော်တို့လည်း ရှိတော့ မည်မဟုတ်။
သို့ဆိုလျှင် ကျွန်တော်တို့သည် အနာဂတ် မျိုးဆက်သစ်များကို ဝိဝါဒကွဲပြားမှုများ၊ နာကြည်း မုန်းတီးမှုများ၊ ဒေါသအာဃာတများကို လက်ဆင့် ကမ်းပေးခြင်းဖြင့် သူတို့အတွက် အကျိုးရှိ၊ မရှိ၊ တိုးတက်ရာတိုးတက်ကြောင်းရှိ၊ မရှိ စဉ်းစားသုံးသပ် ချိန်ဆသင့်ပေသည်။
နိုင်ငံတကာမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးပညာရှင်တစ်ဦး၏ “ကျွန်ုပ်တို့သည် ကမ္ဘာမြေကြီးကို ဘိုးဘွားတို့ထံမှ အမွေဆက်ခံခဲ့ခြင်းမဟုတ်၊ မျိုးဆက်သစ်တို့ထံမှ ခေတ္တငှားရမ်း ယူထားခြင်းသာ ဖြစ်သည်” ဟူသည့် အဆိုအမိန့်ကို ကျွန်တော်ခေါင်းထဲစွဲသည်အထိ နှစ်ခြိုက်လှသည်။
ထို့အတူပင် လက်ရှိမျိုးဆက်များသည် ယခု မျိုးဆက်သစ်များ၊ လာလတ္တံ့သော အနာဂတ် မျိုးဆက်သစ်များအတွက် ကောင်းမွန်သောအခြေခံကောင်းများနှင့် ပိုမိုကောင်းမွန်သောအနာဂတ် အခွင့်အလမ်းကောင်းများကို ချန်ရစ်ထားနိုင်ရန် တာဝန်ရှိပေသည်။
စုပေါင်းလုပ်မှအကျိုးရှိနိုင်
လက်ရှိကာလတွင် တိုင်းရင်းသားလူမျိုး မျိုးနွယ်စုမဆိုထားဘိ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးပင် ထီးထီးကြီးရပ်တည်၍ မရနိုင်ပေ။ အပြန်အလှန် အမှီသဟဲပြု ပေါင်းစုမဟာမိတ်ပြု၍ ရပ်တည်နေ ကြရသည်။ ကမ္ဘာကြီးပင်လျှင်ရွာကြီးတစ်ရွာ ဖြစ်လာခဲ့သည်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက တိုင်းရင်းသားလူမျိုးပေါင်းစုံ ဖြင့်ဖွဲ့စည်းထားသော ပြည်ထောင်စု မြန်မာနိုင်ငံတော်တွင် ဗမာကတစ်မျိုး၊ ကရင်ကတစ်ဖုံ၊ ရှမ်းကတခြား အကွဲကွဲအပြားပြား လုပ်နေကြလျှင် အကျိုးရှိမည်မဟုတ်။ စုပေါင်းလုပ်မှအကျိုးရှိနိုင်မည်။ လုပ်ကြည့်မှလည်း အကျိုးရှိကြောင်းသိနိုင်မည်ဟု မိန့်ကြားခဲ့ပါသည်။
ထို့အတူပင် ၁၉၄၅ ခုနှစ် ဩဂုတ်လတွင် ကျင်းပခဲ့သည့် နိုင်ငံရေးခေါင်းဆောင်များ အစည်းအဝေးတွင် ဗိုလ်ချုပ်က “ကျွန်တော်တို့မြန်မာပြည်ရဲ့အရေးဟာ မြန်မာပြည်သူပြည်သားတွေ၊ ခေါင်းဆောင်တဲ့လူတွေ ညီညွတ်စွာလုပ်တတ်ရမယ်။ လုပ်မယ်ဆိုရင် အေးအေးဆေးဆေးနဲ့ ပြီးမြောက်နိုင်မယ်။ ရာထူးဝေစားရုံသာဖြစ်တဲ့ ညီညွတ်ရေးမျိုး၊ ရွေးကောက်ပွဲချိန် မီးငြိမ်းရုံ လောက်တတ်နိုင်အောင် ညီညွတ်ရေး မျိုဆိုရင်တော့ ဘယ်နည်းနဲ့မှဖြစ်မှာမဟုတ်ဘူး” ဟူ၍ မိန့်ကြားခဲ့ပါသည်။
တစ်ဖန် ဗိုလ်ချုပ်က ကွန်မြူနစ်၊ ဆိုရှယ်လစ်၊ ပြည်သူ့ရဲဘော် စသည့် လက်ဝဲလူငယ် နိုင်ငံရေး သမားများအား ရည်ညွှန်း၍ “လူငယ်နိုင်ငံရေးသမားတွေဟာ လွတ်လပ်ပြီးတဲ့ ဗမာပြည်မှာ သိပ်မမိုက်ဘဲ၊ တစ်ဦးနဲ့တစ်ဦး ညီညီညွတ်ညွတ်လုပ်ကြဖို့လိုတယ်။ ဒီလိုမှမလုပ်ရင် လွတ်လပ်တဲ့ဗမာပြည်ဟာ လွတ်လပ်တဲ့အရသာကို ကျပ်ပြည့်တင်းပြည့် ခံစား ရမှာမဟုတ်ဘူး”ဟု သတိပေးမိန့်ကြားခဲ့ပါသည်။
ရလဒ်ကောင်းများပိုမိုရရှိ
နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့ကကျရောက်သည့် ကရင်အမျိုးသား နှစ်သစ်ကူးနေ့အခါသမယတွင် “ယနေ့နိုင်ငံတော် တွင် လိုအပ်လျက်ရှိသော တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် ကရင်ပြည်နယ်မှ ကရင် တိုင်းရင်းသားများအပါအဝင် တိုင်းရင်းသားပြည်သူ အားလုံးက ဝိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ပါသည်။ ကရင်ပြည်နယ်အပါအဝင် မိမိတို့နေထိုင်ရာ နေရာဒေသများအတွင်း တိုက်ပွဲများနှင့် ဆူပူအကြမ်းဖက်မှုများ လျော့နည်းပပျောက်လာစေရန် အချင်းချင်းဝိုင်းဝန်းဆောင်ရွက်ပြီး တိုင်းရင်းသားများအားလုံး စည်းလုံးညီညွတ်ခြင်းဖြင့် ပြည်ထောင်စုကြီးအေးချမ်းသာယာ ဝပြောရေးဖော်ဆောင်ကြကာ တည်ငြိမ်အေးချမ်းမှု နှင့် ဖွံ့ဖြိုးတိုးတက်မှုရလဒ်ကောင်းများကို ပိုမိုရရှိ နိုင်ပါစေကြောင်း” စသည်ဖြင့် သဝဏ်လွှာပေးပို့ခဲ့ ပါသည်။
ထို့အတူ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့က ကျရောက်ခဲ့သည့် နှစ်(၅၀)ပြည့် ရွှေရတုအထိမ်း အမှတ် ရခိုင်ပြည်နယ်နေ့အခမ်းအနားတွင်လည်း နိုင်ငံတော်အကြီးအကဲက “နိုင်ငံတော်အစိုးရသည် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုး ရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ သမဝါယမနှင့် စက်မှုလက်မှုလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေး မတည်ရန်ပုံငွေမှ ထောက်ပံ့ငွေကျပ် ၁၀ ဘီလီယံကို ခွင့်ပြုထားပြီး ဖြစ်ပါသည်။ ယခုအခါ အဆိုပါမတည်ငွေကို တောင်သူဦးကြီးများ၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင် သူများ၊ သမဝါယမအသင်းများနှင့် စက်မှုလက်မှု လုပ်ငန်းဆောင်ရွက်သူများသို့ ခွဲဝေဆောင်ရွက်ထားပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိနေကြပြီဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်ပေးနေခြင်းသည် ရခိုင်ပြည်နယ်နှင့် ရခိုင်ဒေသ တိုင်းရင်းသား ပြည်သူများအပေါ်ထားရှိသည့် နိုင်ငံတော်၏ စေတနာနှင့် တိုင်းရင်းသား ညီနောင်အချင်းချင်း မိသားစုစိတ်ဓာတ်၊ စစ်မှန်သည့်မျိုးချစ်စိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်တို့ကို မြင်တွေ့ရမည် ဖြစ်ပါသည်” စသည်ဖြင့် သဝဏ်လွှာပေးပို့ခဲ့ပါသည်။
တစ်ဆက်တည်းမှာပင် နိုင်ငံတော်အကြီးအကဲ က “ယနေ့အချိန်အခါတွင် ပြည်တွင်းမှ ပြည်ဖျက် သစ္စာဖောက်များနှင့် အင်အားကြီးနိုင်ငံများ၏ အကျိုးစီးပွားအတွက် မိမိတို့ တိုင်းရင်းသားများကို ဆင်းရဲဒုက္ခရောက်စေပြီး မိမိတို့နေထိုင်ရာဒေသ ဖွံ့ဖြိုးတိုးတက်မှုနှင့် အရင်းအမြစ်များကို ဖျက်ဆီးနေမည့်အစား မိမိတို့ရှင်သန်ကြီးပြင်းခဲ့ရာဒေသနှင့် နိုင်ငံတော်၏အကျိုးအတွက် အားလုံးကအရှည်ကို မြော်တွေးကြရန် အရေးကြီးသည့်အချိန်ဖြစ်ပါသည်။ မိမိတို့အချင်းချင်း သွေးကွဲနေကြမည်ဆိုလျှင် နိုင်ငံတော်၏စွမ်းအား များ လျော့နည်းပြီး သူတစ်ပါးအလိုကျ လိုက်ပါ ဆောင်ရွက်ကြရသော လူမျိုးများအဖြစ် သမိုင်းမှတ်တမ်းကျန်ရစ်မည်ကို သတိချပ်ကြရန်” တိုက်တွန်းမှာကြားခဲ့ပါသည်။
ကျွန်တော်သည် မူလက ဤဆောင်းပါးစာစုကို ရေးရန် မရည်ရွယ်ခဲ့ပါ။ ကရင်အမျိုးသားနှစ်သစ်ကူး နေ့တွင် ကရင်နှစ်သစ်ကူးပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲမည့် ကရင်တိုင်းရင်းသူ သမီးငယ်လေးများကို လည်းကောင်း၊ နိုင်ငံတကာ နှစ်သစ်ကူးနေ့တွင် နှစ်သစ်ကူးပွဲတော်ကို ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနေကြ သော မြန်မာလူငယ်အပေါင်းကိုလည်းကောင်း တွေ့မြင်ရသည်မှအစပြု၍ ရင်တွင်းဖြစ်ပေါ်လာသော ခံစားချက်များကြောင့် ရေးဖွဲ့မိခြင်း ဖြစ်သည်။
ချန်ရစ်လိုသည့်အရာများနှင့် သယ်ဆောင်လိုသည့်ဆန္ဒများ
နိုင်ငံတကာနှစ်သစ်ကူးပွဲတော်တွင် ပါဝင်ဆင်နွှဲနေကြသော မြန်မာလူငယ်မောင်မယ်များကို ရုပ်သံဌာနများက လျှပ်တစ်ပြက် တွေ့ဆုံမေးမြန်းမှုများကိုလည်း ရုပ်မြင်သံကြားဖန်သားပြင်မှ တစ်ဆင့် ကြည့်ရှုနားဆင်ခဲ့ရပါသည်။ ရုပ်သံဌာနတစ်ခုက ၂၀၂၄ ခုနှစ်တွင် ချန်ရစ်လိုသည့် အရာများနှင့် ၂၀၂၅ ခုနှစ်တွင် သယ်ဆောင်လိုသည့်ဆန္ဒများကို မေးမြန်းစောကြောကြရာ သမီးငယ်လေးများကလည်း လူငယ်များပီပီ သူတို့ထင်မြင်ခံစားရသည်များကို ပေါ့ပေါ့ပါးပါး၊ ရယ်ရယ်မောမောနှင့် ဖြေဆိုကြသည်။
ပီဘိဖြူဖြူစင်စင်၊ တက်တက်ကြွကြွ၊ လန်းလန်း ဆန်းဆန်းနှင့် ပျော်ရွှင်နေသော လုံမပျိုသမီးငယ် လေးများကိုကြည့်ရင်း မငြိမ်းချမ်းနိုင်သေးသော ဒေသအချို့မှ မြန်မာလူငယ်မောင်မယ်များ၊ မျိုးဆက် သစ် အနာဂတ်ရင်သွေးငယ်များကို တွေးထင်၊ မြင်ယောင်လာမိသည်။ ၂၀၂၅ ခုနှစ် နှစ်သစ်တွင် မြန်မာလူငယ်မောင်မယ်များ၊ မြန်မာနိုင်ငံနှင့် တိုင်းရင်းသားပြည်သူများအတွက် အလိုအပ်ဆုံး ဆောင်ကြဉ်းပေးရမည့် နှစ်သစ်လက်ဆောင်မှာ “ငြိမ်းချမ်းခြင်း၊ ပျော်ရွှင်ခြင်း”သာ ဖြစ်ပါသည်။
ကမ္ဘောဒီးယားနိုင်ငံသည်ပင်လျှင် ယခုရက်ပိုင်း ဖြစ်သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ကမ္ဘောဒီးယားငြိမ်းချမ်းရေးနေ့နှင့် ကမ္ဘောဒီးယားပြည်တွင်းစစ်အဆုံးသတ်မှု (၂၆) နှစ်မြောက် နှစ်ပတ် လည်နေ့အခမ်းအနားကို ကျင်းပခဲ့ပါသည်။ ကမ္ဘော ဒီးယားတို့သည် လွန်ခဲ့သော ၁၉၉၈ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့်သာ အောင်မြင်စွာ ဖြေရှင်းအကောင် အထည်ဖော်နိုင်ခဲ့ကြပါသည်။
မြန်မာနိုင်ငံအနေဖြင့်မူ လက်နက်ကိုင်ပဋိပက္ခအတွင်းက နှစ်ပေါင်း ၇၀ ကျော်ကြာသည့်တိုင် ရုန်းမထွက်နိုင် ရှိနေဆဲပင်။ အနာဂတ်မျိုးဆက်သစ်များအတွက် ငြိမ်းချမ်းခြင်း၊ ပျော်ရွှင်ခြင်းများကို ဖန်တီးသယ်ဆောင်ပေးရန်မှာ တိုင်းရင်းသား ခေါင်းဆောင်များအပါအဝင် လက်ရှိမျိုးဆက်များ၏ သမိုင်းပေးတာဝန်တစ်ရပ်သာဖြစ်ပေသည်။ ၂၀၂၅ ခုနှစ် နှစ်သစ်အခါသမယတွင် မြန်မာပြည်ကြီး စည်ပင်သာယာဝပြောပြီး လူငယ်မျိုးဆက်သစ်များလည်း ငြိမ်းချမ်းပျော်ရွှင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရပါသည်။