ခင်သန်းမြင့်
၂၀၂၃ ခုနှစ်ကို နောက်ဆုံးနှုတ်ဆက်တဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့က တနင်္ဂနွေအားလပ်ရက်လည်းဖြစ်၊ ဝန်ထမ်းတွေ လစာထုတ်ပြီးစလည်းဖြစ်တော့ ရပ်ကွက်ဈေးထဲမှာ ခါတိုင်းထက် စည်ကားလိုက်တာဖြစ်ခြင်း။
ကုန်ဈေးနှုန်းကတော့ ပန်းပန်လျက်ပါပဲ။ ဆိတ်သားက တစ်ပိဿာ ကျပ်သုံးသောင်း၊ ဝက်သားက တစ်ပိဿာ ကျပ်နှစ်သောင်း၊ ဆိတ်နံရိုးက ကျပ်တစ်သောင်းခွဲ၊ ဒါပေမဲ့ နှစ်ဟောင်းကို နှုတ်ဆက်ပြီး နှစ်သစ်ကို ပျော်ရွှင်စွာကြိုဆိုကြမယ့် အဖွဲ့တွေများနေလို့ သားငါးတန်းကတိုးမပေါက်ဘူး။ တီလားဗီးယားငါးတွေ၊ ဆိတ်သား၊ ဝက်သားသည် တွေလည်း လက်မလည်ရှာကြဘူး။
မီးဖိုချောင်နိုင်ငံရေး
ဆိတ်သားသည်ကြီးက ဆိတ်သားတွေ၊ ဆိတ်နံရိုးတွေကို စဉ်းတီတုံးပေါ် တဒုန်းဒုန်းခုတ်ထစ်လိုက်၊ “ကင်မှာလား၊ ချက်မှာလား” လို့ မေးလိုက်နဲ့ လက်ရော ပါးစပ်ရောမအားရှာဘူး။ ရှေ့ကနှစ်ပိဿာ၊ သုံးပိဿာ၊ ပိဿာလိုက် သောင်းနဲ့ချီဝယ်နေကြသူ တွေကိုစောင့်ရင်း တစ်ခေတ်တစ်ခါက နာမည်ကျော် စာရေးဆရာကြီး သော်တာဆွေရဲ့မီးဖိုချောင် နိုင်ငံရေးဆိုတဲ့ အသုံးအနှုန်းလေးကို အမှတ်ရမိတယ်။ ဆရာကြီးက ကျွန်မတို့လို အိမ်ရှင်မတွေ စဉ်းတီတုံးပေါ်မှာ သားငါးတွေ တဒုန်းဒုန်းခုတ်ထစ်နေရင် တိုင်းပြည်စည်ပင်သာယာဝပြောတာပဲလို့ ရေးခဲ့ဖူးတယ်။
ဟုတ်ပါတယ်။ အိမ်ရှင်မတွေ ပျော်ပျော်ပါးပါး စဉ်းတီတုံးပေါ်မှာ သားငါးတွေ တဒုန်းဒုန်း ခုတ်ထစ်နေနိုင်ဖို့ဆိုတာကလည်း အိမ်ထောင်ဦးစီးတွေ၊ အခြေခံလူတန်းစားတွေ၊ လူလတ်တန်းစားတွေ ဝင်ငွေတိုးတက်မှဖြစ်မှာပါ။ မိသားစုတစ်စုမှာဝင်ငွေထက် ထွက်ငွေက ပိုများနေရင်တော့ ကျပ်တည်းမှာပေါ့။ နိုင်ငံတစ်နိုင်ငံအနေနဲ့ဆိုလည်း ဝင်ငွေထက် ထွက်ငွေကပိုများနေရင် ပို့ကုန်ထက်သွင်းကုန်က ပိုများနေရင် ရုန်းကန်နေရဦးမှာပါပဲ။
ဒါကြောင့်မို့ မိသားစုဝင်ငွေ တိုးတက်စေဖို့ မိသားစုအလိုက်ပိုပြီး ကြိုးစားရှာဖွေကြရမှာဖြစ်သလို နိုင်ငံ့ဝင်ငွေ ပိုမိုတိုးတက်ရရှိလာစေဖို့ဆိုလည်း ပို့ကုန်နှစ်ဆ တိုးမြှင့်ကြဆိုတဲ့အတိုင်း ပြည်ပပို့ကုန်တွေ ပိုမိုတင်ပို့ရောင်းချနိုင်အောင် အားလုံးတက်ညီ လက်ညီကြိုးစားကြရမှာဖြစ်ပါတယ်။
အိန္ဒိယက မြန်မာ့မတ်ပဲနဲ့ ပဲစင်းငုံတန်ချိန်သန်းနဲ့ချီပြီး ဝယ်ယူဖို့စီစဉ်
ယခုလတ်တလောမှာပဲ အိန္ဒိယက ပဲလိုအပ်ချက်ကြောင့် မြန်မာ့မတ်ပဲနဲ့ ပဲစင်းငုံတန်ချိန် သန်းနဲ့ချီပြီး ဝယ်ယူဖို့စီစဉ်နေတယ်လို့ သိရတယ်။ အိန္ဒိယနိုင်ငံမှာ မတ်ပဲဈေးနှုန်းက အရင်ထက် ၁၈၊ ၁၉ ရာခိုင်နှုန်း၊ ပဲစင်းငုံက ၄၀ ရာခိုင်နှုန်းလောက်အထိ ဈေးတက်နေတဲ့အပြင် စိုက်ဧကနည်းတာနဲ့ အထွက်နှုန်းလျော့နေတာကြောင့် အိန္ဒိယပြည်တွင်းမှာ စားသုံးမှုဖူလုံစေဖို့နဲ့ ဈေးတက်နေတာကို ထိန်းချုပ်နိုင်ဖို့အတွက် မြန်မာ့မတ်ပဲတန်ချိန် တစ်သန်းနဲ့ ပဲစင်းငုံတန်ချိန် လေးသိန်းကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ နဲ့ဖေဖော်ဝါရီလအတွင်း တင်သွင်းဖို့ စီစဉ်နေတယ်လို့ မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များ အသင်းရဲ့ထုတ်ပြန်ချက်အရ သိရတယ်။ အိန္ဒိယနိုင်ငံရဲ့ ကမ်းလှမ်းမှုအပေါ် ပြည့်မီအောင်တင်ပို့နိုင်ဖို့ အသင်းက အတတ်နိုင်ဆုံးပြင်ဆင် ဆောင်ရွက်သွားမယ်လို့လည်းဆိုတယ်။
၂၀၂၁ ခုနှစ် နှစ်နိုင်ငံ နားလည်မှုသဘောတူစာချုပ်အရ အိန္ဒိယနိုင်ငံဟာ မြန်မာ့မတ်ပဲတန်ချိန် နှစ်သိန်းခွဲနဲ့ ပဲစင်းငုံတန်ချိန် တစ်သိန်းကို နှစ်စဉ် ဝယ်ယူလျက်ရှိရာကနေ အခုနှစ်မှာတော့ ထပ်မံတိုးမြှင့်ဝယ်ယူဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံဟာ လွန်ခဲ့တဲ့ လေးနှစ်ကစပြီး ပြည်ပနိုင်ငံတွေကို မတ်ပဲတန်ချိန် ခုနစ်သိန်းခန့်အထိ တင်ပို့နိုင်ခဲ့ပြီး အိန္ဒိယနိုင်ငံကိုတော့ ၂၀၂၂ ခုနှစ်နဲ့ ၂၀၂၃ ခုနှစ်တွေမှာ ပဲစင်းငုံတန်ချိန် နှစ်သိန်းအထိ တင်ပို့နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာ့ထောပတ်သီးတွေဝယ်ယူဖို့ ကမ်းလှမ်း
ဒါ့အပြင် အိန္ဒိယနိုင်ငံ ကုမ္ပဏီတစ်ခုက မြန်မာ့ထောပတ်သီးတွေဝယ်ယူဖို့ ကမ်းလှမ်းလာတဲ့အတွက် စရိတ်သက်သာမယ့်ရေလမ်းခရီးက တင်ပို့နိုင်အောင် ရှမ်းပြည်နယ်အစိုးရအဖွဲ့နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက ကြိုးပမ်းနေတယ်လို့ဆိုတယ်။ အလားတူ တရုတ်နိုင်ငံကိုလည်း မြန်မာ့ထောပတ်သီးတွေ တရားဝင်တင်ပို့နိုင်ဖို့ ကြိုးစားနေတယ်လို့ သိရတယ်။
ထို့အတူ ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာ ရေကြောင်းနဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကတစ်ဆင့် ဒေါ်လာ ၁၀ သန်းကျော်တန်ဖိုး ပြောင်းတန်ချိန် ၄၄၀၀၀ ကျော် တင်ပို့ရောင်းချနိုင်ခဲ့တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စာရင်းများအရ သိရတယ်။ ပြောင်းသီးနှံဟာ ပြည်ပ တင်ပို့တဲ့ မြန်မာ့ထွက်ကုန်များအနက် နိုင်ငံခြားဝင်ငွေ ဒုတိယအများဆုံးရရှိတဲ့ ကုန်စည်ဖြစ်တယ်လို့လည်းဆိုတယ်။
ဒါကြောင့်ထင်ပါရဲ့။ မနက်ကဈေးထဲမှာ ပြောင်းဖူး အစိမ်းတစ်ဖူး ကျပ်လေးရာတဲ့။ ကိစ္စမရှိပါဘူး၊ နိုင်ငံခြားဝင်ငွေရရှိမယ့် မြန်မာ့ထွက်ကုန်တွေ ကျွန်မတို့ မစားရလည်း ဘာမှမဖြစ်ပါဘူး။ နိုင်ငံတော်က ဝင်ငွေရမှ ကျွန်မတို့ပြည်သူတွေလိုအပ်တဲ့ အခြေခံ အဆောက်အအုံတွေကို ပိုပြီးတည်ဆောက်နိုင်မှာ မဟုတ်လား။
အထူးရွှေတံဆိပ်တစ်ခု ရရှိခဲ့
အခုလတ်တလော မြန်မာ့ထွက်ကုန်တွေ ကမ္ဘာ့ဈေးကွက်မှာ မျက်နှာပန်းလှနေတယ်လို့ ဆိုရမယ်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ တရုတ်နိုင်ငံ Shenzhen မြို့မှာကျင်းပခဲ့တဲ့ ကမ္ဘာလုံးဆိုင်ရာအကြီးဆုံး လက်ဖက်ပြပွဲတွေက တစ်ခုဖြစ်တဲ့ Global Tea Fair Shenzhen (Autumn)- 2023 ပြပွဲမှာ မြန်မာနိုင်ငံက လက်ဖက်ခြောက်ထုတ်ကုန်တစ်ခုဖြစ်တဲ့ TGT Tea Co., Ltd က အထူးရွှေတံဆိပ်တစ်ခု ရရှိခဲ့တယ်လို့ သိရတယ်။
ဒီပြပွဲမှာ နိုင်ငံတကာ ပြခန်းပေါင်း ၄၇၀၀ ကျော် ပါဝင်ပြသခဲ့ကြရာမှာ မြန်မာနိုင်ငံက မြန်မာ့လက်ဖက်ယဉ်ကျေးမှုကို ဖော်ထုတ်ပြသနိုင်ဖို့ ရည်ရွယ်ပြီး မြန်မာ့လက်ဖက်အသင်းအကူအညီနဲ့ မြန်မာကိုယ်စားပြုပြခန်း ခုနစ်ခန်း ပါဝင်ခင်းကျင်း ပြသခဲ့တယ်လို့ဆိုတယ်။ TGT Tea ရဲ့ Jade Leaf ဟာ ယခုနှစ်နဲ့ဆိုရင် သုံးကြိမ်မြောက် ရွှေတံဆိပ်ဆု ရရှိခဲ့တာဖြစ်ပြီး အခုအထူး ရွှေတံဆိပ်ဆုက ကြယ်ငါးပွင့်နဲ့ညီမျှတဲ့ဆုလို့ သိရတယ်။
ကျွန်မတို့မြန်မာတွေ နံနက်တိုင်းစားနေကျ မုန့်ဟင်းခါးကလည်း နိုင်ငံတကာအဆင့်ကို တက်လှမ်းဖို့ ဟန်ပြင်နေပြီ။ အပြည်ပြည်ဆိုင်ရာ Belt & Road အဖွဲ့အစည်းရဲ့ ဆုံးဖြတ်ချက်အရ မြန်မာ့ရိုးရာအစားအစာ မုန့်ဟင်းခါးကို အပြည်ပြည်ဆိုင်ရာ Belt & Road အစားအစာအဖြစ် ဂုဏ်ပြုသတ်မှတ်လိုက်တယ်လို့ သိရတယ်။
ဂုဏ်ပြုလွှာကိုလည်း အပြည်ပြည်ဆိုင်ရာ Belt & Road ဥက္ကဋ္ဌ Mr. Chen Entian က မြန်မာ့ အနုပညာနှင့် ယဉ်ကျေးမှုအသင်း အတွင်းရေးမှူး ဦးသန်းထွန်းစိုးထံ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက် နေ့က ရန်ကုန်မြို့ Wyndham Hotel မှာ ပေးအပ်ခဲ့ပါတယ်။
နိုင်ငံတကာက အသိအမှတ်ပြုလာအောင် စွမ်းဆောင်
မြန်မာ့ရိုးရာအစားအစာ မုန့်ဟင်းခါးတို့၊ လက်ဖက်တို့၊ မြန်မာ့ထွက်ကုန် ကော်ဖီတို့ကို နိုင်ငံတကာက အသိအမှတ်ပြုလာအောင် စွမ်းဆောင်ပေးတဲ့ အသင်းအဖွဲ့တွေကိုလည်း ကျွန်မတို့ကျေးဇူးတင်ကြရမှာပါ။ ဒီလိုမှမလုပ်ရင် ကျွန်မတို့ နောက်ကျကျန်ရစ်နေဦးမှာ။ လတ်တလောမှာ ထိုင်းနိုင်ငံက ဆုန်ခရန်သင်္ကြန်ပွဲတော်တောင် ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်သွားပြီ မဟုတ်လား။
ဒီနေ့တော့ ကျွန်မလည်း ဆိတ်နံရိုး ငါးထောင် ဖိုးဝယ်ခဲ့တယ်။ ပဲနဲ့ရောချက်ရင် မိသားစု ညမနက် စားလောက်တာပေါ့။ နှစ်သစ်မှာ ဘုရားကို ပန်းကပ်လှူပူဇော်ဖို့အတွက်လည်း ဘုရားပန်းဝယ်ရသေးတယ်။ သပြေတစ်ငုတ် ကျပ်တစ်ထောင်နဲ့ ဂန္ဓမာတစ်စည်း ကျပ်သုံးထောင်ပေးဝယ်ခဲ့တယ်။ အသီးအရွက်ကတော့ ကြက်ဟင်းခါးသီး ဝယ်ခဲ့တယ်။ တစ်လုံးကို ကျပ်ငါးရာတဲ့။ ကျွန်မက “ဒီဈေးမှာ ကြက်ဟင်းခါးသီးက အပေါဆုံးပါလား” လို့ဆိုတော့ ဈေးသည်လေးက ရယ်ပါလေရော။
ဘာပဲပြောပြော ဈေးထဲမှာ ရောင်းသူဝယ်သူ တွေတရုန်းရုန်းနဲ့ ဝယ်ကြခြမ်းကြ၊ ရောင်းဝယ်ဖောက်ကား စည်ကားနေကြတာ မြင်ရတော့ ကုန်ဈေးနှုန်းကိုမေ့ပြီး စိတ်ထဲမှာပျော်သလိုလို ဖြစ်လာတယ်။
လာမယ့် နှစ်သစ်မှာ ပြည်သူတွေဝင်ငွေ တိုးတက်ပြီး ရောင်းပန်းဝယ်ပန်းတွေ ယခုထက် ပိုမိုပွင့်လန်းလာကြစေဖို့၊ အစစအရာရာ အဆင်ပြေကြစေဖို့အပြင် မြန်မာပြည်ကြီးလည်း ငြိမ်းချမ်းသာယာဝပြောပြီး မြန်မာ့ထွက်ကုန်ပစ္စည်းတွေ ကမ္ဘာ့ဈေးကွက်မှာ ယခုထက်ပိုပြီး မျက်နှာပန်းလှလှနဲ့ တွင်တွင်ကျယ်ကျယ် ရောင်းချနိုင်စေဖို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ ။