ဆိုးလ် ၁ ဇန်နဝါရီ
ကိုရီးယားနှစ်နိုင်ငံ ခေါင်းဆောင်များကြား ၂၀၁၈ ခုနှစ်တွင် ထိတွေ့ဆက်ဆံမှုများ ရှိခဲ့သလို လာမည့် ၂၀၁၉ ခုနှစ် နှစ်သစ် တွင်လည်း ငြိမ်းချမ်းရေးဆွေးနွေးမှုများ တိုးမြှင့်ကျင်းပသွားရန် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက တောင်ကိုရီးယားသမ္မတ မွန်ဂျယ်အင်းထံ ယမန်နေ့တွင် စာတစ်စောင်ပေးပို့ခဲ့ကြောင်း တောင်ကိုရီးယားသမ္မတရုံးက ပြောကြားခဲ့သည်။
မြောက်ကိုရီးယားမြို့တော် ပြုံယမ်းတွင် စက်တင်ဘာလက နောက်ဆုံးကျင်းပခဲ့သည့် နှစ်နိုင်ငံခေါင်းဆောင်များ၏ ထိပ်သီး အစည်းအဝေးတွင် မြောက်ကိုရီးယားခေါင်းဆောင် ကတိပေးခဲ့သလို တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်ကို ဒီဇင်ဘာ လအကုန်တွင် လာရန်စီစဉ်ထားသော်လည်း မဖြစ်မြောက်ခဲ့သည့်အတွက် စိတ်မကောင်းဖြစ်မိကြောင်း စာထဲတွင် ဖော်ပြထားကြောင်း တောင်ကိုရီးယားသမ္မတရုံးက ဆက်လက်ပြောကြားခဲ့သည်။
သို့သော်လည်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းက တောင်ကိုရီးယားထံသို့ ပေးပို့ခဲ့သည့် စာအပြည့် အစုံကိုမူ မဖော်ပြခဲ့ကြောင်း သိရသည်။ ၂၀၁၈ ခုနှစ်ကို ပြန်သုံးသပ်မည်ဆိုပါက ခေါင်းဆောင်နှစ်ဦးကြား ထိပ်သီးဆွေးနွေးပွဲ သုံးကြိမ်ကျင်းပခဲ့ပြီး စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို အခါအားလျော်စွာ လုပ်ဆောင်ရန် သဘောတူခဲ့ကြောင်းနှင့် နိုင်ငံတကာ အရေးယူမှုအားလုံး အဆုံးသတ်ရန်လည်း မျှော်လင့်ကြောင်း သိရသည်။
ထို့အပြင် နှစ်နိုင်ငံနယ်စပ်ဒေသ တစ်လျှောက်ရှိ အစောင့်တပ်စခန်းတချို့ ဖယ်ရှားပေးရေး၊ နယ်စပ်ပန်မွန်ဂျုံရွာမှ လက်နက်များ၊ မြေမြှုပ်မိုင်းများ ရှင်းလင်းရေးအပါအဝင် သမားရိုးကျ စစ်ရေးခြိမ်းခြောက်မှုများ လျှော့ချရန်လည်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက စာထဲတွင် ၂၀၁၉ ခုနှစ်၌ တောင်ကိုရီးယားသမ္မတ မွန်ဂျယ်အင်းနှင့် မကြာခဏ တွေ့ဆုံရန် ဆန္ဒရှိသလို ဒေသတွင်း ငြိမ်းချမ်းသာယာဝပြောရေးနှင့် ကိုရီးယားကျွန်းဆွယ်ဒေသ နျူကလီးယား ကင်းစင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးသွားလိုကြောင်း ဖော်ပြထားသည်။
အေအက်ဖ်ပီ