နေပြည်တော်  ဧပြီ ၁၁

 

မြန်မာတို့၏ ၁၂ လရာသီပွဲတော်များတွင် အဦးဆုံးဖြစ်သော သင်္ကြန်ပွဲတော်ကို ကြိုဆိုသောအားဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ထမ်းများ၏ မဟာသင်္ကြန်အကြို ပျော်ပွဲ ရွှင်ပွဲ ကို ဧပြီ ၈ ရက် နံနက်ပိုင်းက နေပြည်တော်၌ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပရာ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများ၊ တက္ကသိုလ်များမှ နိုင်ငံ ဝန်ထမ်းများက တပျော်တပါး ပါဝင်ဆင်နွဲခဲ့ကြသည်။

 

တနှစ်တာကာလအတွင်း နိုင်ငံတာဝန်ထမ်းဆောင်ခဲ့သည့် ပင်ပန်းနွမ်းနယ်မှုများ ပပျောက်ကြစေရန်၊ နှစ်သစ်တွင် တက်ကြွပျော်ရွှင်စွာ နိုင်ငံအကျိုးဆတက်ထမ်းပိုး စွမ်းဆောင်နိုင်ကြစေရန် ရည်ရွယ် ကျင်းပသည့် မဟာသင်္ကြန်အကြို ပျော်ပွဲရွှင်ပွဲသို့  ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ အမြဲတမ်း အတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့် အရာထမ်း အမှုထမ်းများ ပါဝင်ဆင်နွဲ ခဲ့ကြပြီး ဌာနများအလိုက် ဧည့်ခံကျွေးမွေးကြသည့် မြန်မာ့ရိုးရာ စားသောက်ဖွယ်ရာများကို ပျော်ရွှင်စွာ သုံးဆောင်ကြရာ ဦးစီးဌာနများ တက္ကသိုလ်များ၏ ကိုယ်စားပြုအဖွဲ့များက အကပဒေသာများဖြင့် ဧည့်ခံ ဖျော်ဖြေခဲ့ကြသည်။

 

အခမ်းအနားတွင် အတာရေများ အပြန်အလှန် ပက်ဖျန်းခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူ များက ဦးစီးဌာနများ တက္ကသိုလ်များ၏ ကိုယ်စားပြုအကအဖွဲ့များအား အမှတ်တရဆုများ ချီးမြှင့်ပေး အပ်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)