မန္တလေး ၂ စက်တင်ဘာ
မြန်မာနိုင်ငံ၏ ဘူမိဗေဒဘာသာရပ်တွင် ပထမဆုံးအဖြစ် နှစ်သန်းပေါင်း ၂၀ဝ ကျော်သက်တမ်းရှိ ဒိုင်နိုဆောမျိုးနွယ်ဝင် ပင်လယ်ပျော် ကျောရိုးရှိ တွားသွားသတ္တဝါ၏ ကျောက်ဖြစ်ရုပ်ကြွင်းကို ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အနောက်ဘက်ရှိ ရဲဘော်ဟောင်း ကျောက်တောင်မှ သုတေသနပြု ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါကျောက်ဖြစ်ရုပ်ကြွင်းအား ရတနာပုံတက္ကသိုလ် ဘူမိဗေဒဌာနမှ ၂၀၁၈ ခုနှစ်အတွင်းက ရှာဖွေရှိခဲ့ပြီး လက်ရှိတွင် လွန်ခဲ့သည့်နှစ်သန်းပေါင်း ၂၁၀ နှင့် ၂၃၀ ကြားရှိ ပင်လယ်ပျော် ကျောရိုးရှိ တွားသွားသတ္တဝါ (Pachypleurosaurs) ကျောက်ဖြစ်ရုပ်ကြွင်းဟု ယေဘုယျသတ်မှတ်ထားပြီး ဖွတ်၊ ပုတတ်၊ ပုတ်သင်ညိုကဲ့သို့ ခေါင်းသေး၍ လည်ပင်းရှည်ကာ အရွယ်အစားမှာ ၂၀ စင်တီမီတာမှ ၁ မီတာအထိ ရှည်လျားသည့်အပြင် မေးရိုးတွင် သေးငယ်ချွန်ထက်သည့် သွားများပါရှိကာ ငါးများကို စားသုံးသည့်သတ္တဝါအဖြစ် ၎င်း ရုပ်ကြွင်းနှင့် ငါးရုပ်ကြွင်းများကိုလည်း တွေ့ရှိရကြောင်း ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမောင်မောင်နိုင်က ပြောကြားသည်။
''အခုလို နှစ်သန်းပေါင်း ၂၀ဝ ကျော်သက်တမ်းရှိတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းကို မြန်မာနိုင်ငံမှာ ပထမဆုံး တွေ့ရှိမှုက ဘူမိဗေဒဘာသာရပ်အနေနဲ့ တန်ဖိုးကြီးမားတဲ့ တွေ့ရှိမှုတစ်ခုဖြစ်တဲ့အတွက် သမိုင်းမှတ်တိုင်တစ်ခုအဖြစ် မှတ်တမ်းတင်ရမှာပါ။ ဒီရုပ်ကြွင်းကို တွေ့ရှိခြင်းအားဖြင့် သူနဲ့မျိုးနွယ်တူနဲ့ ဒိုင်နိုဆော သတ္တဝါတွေလည်း ကျွန်တော်တို့နိုင်ငံမှာ ရှိခဲ့တယ်ဆိုတာကို ဆက်လက်ရှာဖွေလေ့လာနိုင်ဖို့ လမ်းပွင့်သွားမှာပါ။ မကြာခင်ကာလမှာ ဒီကျောက်ဖြစ်ရုပ်ကြွင်းနဲ့ပတ်သက်လို့ နိုင်ငံတကာ ပညာရှင်တွေနဲ့ ပူးပေါင်းပြီး သုတေသနလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်သွားမှာပါ ''ဟု ၎င်းက ပြောသည်။
ယခုတွေ့ရှိခဲ့သည့် ကျောက်ဖြစ်ရုပ်ကြွင်းနှင့်ပတ်သက်၍ သုတေသနစာတမ်းများ ပြုစုရေးသားကာ အင်္ဂလန်နိုင်ငံရှိ The University of Edinburgh မှ ပညာရှင်များပူးပေါင်း၍ Acta Palaeontologica Polonica ဂျာနယ်တွင် နိုင်ငံတကာမှ သိရှိစေရန် ပုံနှိပ်ထုတ်ဝေပြီး ဖြစ်ကြောင်း အဆိုပါ ရုပ်ကြွင်းအား ရှာဖွေတွေ့ရှိ၍ သုတေသနစာတမ်းများ ဆောင်ရွက်ခဲ့သည့် ရတနာပုံတက္ကသိုလ် ဘူမိဗေဒဌာနမှ ပါမောက္ခ ဒေါက်တာ ခိုင်ခိုင်စန်းက ပြောသည်။
''ဒီသတ္တဝါတွေကို ကမ္ဘာပေါ်မှာ ဥရောပဒေသနဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်နဲ့ ကွမ်းကျိုးပြည်နယ်တွေမှာ အများဆုံးတွေ့ရှိရပါတယ်။ ဒီရုပ်ကြွင်းကို တွေ့ရှိခဲ့တဲ့အတွက် သင်ကြားရေးလုပ်ငန်းတွေမှာလည်း အထောက်အကူပြုစေတဲ့အပြင် ဒိုင်နိုဆောနဲ့ မျိုးနွယ်တူတဲ့အတွက် ကမ္ဘာနိုင်ငံ အတော်များများမှာ တွေ့ရှိပြီး မြန်မာနိုင်ငံမှာ မတွေ့ရှိခဲ့ဘူးသေးတဲ့ ဒိုင်နိုဆောသတ္တဝါတွေကို တွေ့ရှိလာနိုင်တယ်ဆိုတဲ့ အလားအလာကောင်းတွေလည်း ရရှိလာမှာပါ''ဟု ၎င်းက ပြောသည်။
ယခုတွေ့ရှိခဲ့သည့် ကျောက်ဖြစ်ရုပ်ကြွင်းသတ္တဝါ၏ မျိုးရင်းကိုသာသတ်မှတ်နိုင်ပြီး မျိုးစုနှင့်မျိုးစိတ်များ ထပ်မံခွဲခြားသတ်မှတ်နိုင်ရန် အဆိုပါသတ္တဝါများ ထပ်မံတွေ့ရှိရန် ဆက်လက်လေ့လာရှာဖွေရမည့် လုပ်ငန်းများအပြင် ၎င်းဒေသတွင် ဒိုင်နိုဆောများတွေ့ရှိရန်လည်း ရှာဖွေမှုလုပ်ငန်းများ ဆက်လက်လုပ်ဆောင်သွားရန် အစီအစဉ်များရှိကြောင်း သိရသည်။
မင်းထက်အောင် (မန်းကိုယ်ပွား)


