နှစ်တစ်ရာပြည့် မြို့မအမျိုးသားကျောင်း

မြို့မအမျိုးသားကျောင်း ရာပြည့်အကြိုဂုဏ်ပြုဆောင်းပါး

 

ဒေါက်တာသန်းဦး

ါျ်ျ

 

“နာဂတ်သက်သေ၊ ကမ္ဘာကြေလည်း၊

မကျေတို့စွာ၊ အံ့မောရာသည်၊

နောင်လာပြောဖို့၊ ဥဒါန်းတည်း။

မန်လည်ဆရာတော်ကြီး

မဟာသုတကာရီ မဃဒေဝလင်္ကာသစ်

အပုဒ် (၇၈)၊ စာ ၄၈။

၁။

သမိုင်းနောက်ခံ

မြန်မာနိုင်ငံတွင် မြန်မာ့သမိုင်းတစ်လျှောက် မြန်မာ့ ဘုန်းတော်ကြီးကျောင်းများက ပညာသင်ကြားပို့ချ ပေးခြင်း၊ အတတ်ပညာများကို သင်ကြားလေ့ကျင့် ပေးခြင်း၊ ကိုးကွယ်သည့် ဘာသာတရားနှင့်အညီ ယဉ်ကျေးအောင် ဆိုဆုံးမပေးခြင်းစသည်တို့ကို ပြုလုပ် ခဲ့သည်။ မြန်မာ့ဘုန်းတော်ကြီးကျောင်းများ၏ ကျေးဇူး တရားကြောင့် မြန်မာနိုင်ငံသားအများ စာတတ်ကြသည်။ ပညာတတ်ကြသည်။ သက်မွေးဝမ်းကျောင်း အတတ် ပညာများလည်း တတ်မြောက်လာကြသည်။ မြန်မာတို့ ယဉ်ကျေးသိမ်မွေ့ကြသည်မှာ မြန်မာ့သမိုင်း၌ အထင်အရှားတွေ့ရှိခဲ့ရသည်။

တစ်ဆယ့်ရှစ်ရာစု၊ တစ်ဆယ့်ကိုးရာစုကာလတွင် အနောက်နိုင်ငံများမှ သာသနာပြုသူများ (Missionary) မြန်မာနိုင်ငံသို့ ရောက်ရှိလာ၍ သာသနာပြုကြရင်း သာသနာပြုကျောင်းများ (Missionary Schools) များ တည်ထောင်ဖွင့်လှစ်ကြ၍ ဘာသာတရားသင်ကြားမှု နှင့်အတူ အနောက်တိုင်းယဉ်ကျေးမှုများ ပြန့်ပွား ထွန်းကားလာခဲ့သည်။

အဆိုပါကာလအတွင်း အနောက်နိုင်ငံများမှ အာရှသို့ နယ်သစ်ရှာလာကြသော ကုန်သည်များ (Merchants) သည်လည်း မြန်မာနိုင်ငံသို့ ရောက်ရှိလာ၍ ကုန်ရောင်းကုန်ဝယ်မှုပြုလာရင်း မြန်မာနိုင်ငံသားများနှင့် အငြင်းပွားမှု၊ အချင်းများမှုတို့ပင်လျှင် ရှိလာခဲ့သည်။

ထိုအငြင်းပွားမှု၊ အချင်းများမှုတို့ကို အကြောင်းပြု၍ အနောက်နိုင်ငံမှ နယ်ချဲ့သမားတို့သည် လက်နက်ကိုင် များ (Military) တပ်ဖွဲ့များ စေလွှတ်ကာ ကျူးကျော် စစ်များကို ဖန်တီး၍ လက်နက်အားကိုးဖြင့် သုံးကြိမ်တိုင် မြန်မာနိုင်ငံကို စစ်ပြုကျူးကျော်တိုက်ခိုက် သိမ်းပိုက် စိုးမိုးခဲ့ကြသည်။

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးသည်လည်း ဆုံးရှုံးခဲ့ရ သည်။ အထက်တွင်တင်ပြခဲ့သော M သုံးလုံးကို အထူး မှတ်သား သတိထားမိပါသည်။

ဗြိတိသျှနယ်ချဲ့သမားတို့သည် မြန်မာနိုင်ငံကို ကိုလိုနီအဖြစ် ထာဝရကျွန်ပြုစိုးမိုးထားနိုင်ရေးအတွက် လော့မက်ကောလေး (Lord Macaulay) (၁၈၃၅) ၏ ပညာရေးမူဝါဒအရ ကိုလိုနီပညာရေးစနစ်ကို သွတ်သွင်း ချမှတ်ကျင့်သုံး (၁၈၆၆) ခဲ့သည်။ ကိုလိုနီပညာရေး စနစ်ကြောင့် မြန်မာနိုင်ငံသား အများအပြားမှာ စာမတတ်ခြင်း၊ နိုင်ငံချစ်စိတ်၊ အမျိုးချစ်စိတ်များ တစ်စ တစ်စ ခေါင်းပါးလာရခြင်း၊ ရောဂါဘယ ထူပြောလာခြင်း၊ ဆင်းရဲမွဲတေလာခြင်းတည်းဟူသော ဆိုးကျိုးအနိဋ္ဌာရုံ များမှာ ဗြိတိသျှတို့လက်အောက် ကျွန်သပေါက်ဘဝတွင် တစ်နေ့တခြား တိုးပွားများပြားလာခဲ့ရပါသည်။

၂။

၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက် ဗုဒ္ဓဟူးနေ့တွင် ကန့်ကွက်နေမှုများကြားက ရန်ကုန်တက္ကသိုလ်ဥပဒေကို ဇွတ်အတည်ပြုခဲ့သည်။ ထိုဥပဒေအရ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၇ ရက် အင်္ဂါနေ့တွင် ရန်ကုန်တက္ကသိုလ်ကျောင်း ကို ဖွင့်လှစ်ရန်ကြေညာသည်။ အဆိုပါ ရန်ကုန်တက္ကသိုလ် ဥပဒေကို လက်မခံနိုင်သည့် သပိတ်မှောက်ကောလိပ် ကျောင်းသားကြီးများ (ဘွိုင်ကော်တာများ) က တက္ကသိုလ် ကျောင်းမဖွင့်မီ နှစ်ရက်စော၍ မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက် (၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်) တနင်္ဂနွေနေ့တွင် စတင်သပိတ်မှောက်၍ တက္ကသိုလ်ကျောင်းမှ ထွက်ခွာလာခဲ့ကြသည်။

ထိုနေ့သည်ကား မြန်မာနိုင်ငံသမိုင်းနှင့် မြန်မာ့ ပညာရေးသမိုင်းတွင် အဓိကရထင်ထင်ရှားရှား သမိုင်း တွင်ရစ်သည့်၊ သမိုင်းတင်ထားရသည့် သမိုင်းဝင်နေ့ကြီး တစ်နေ့ ဖြစ်လာပါသည်။ ထိုနေ့ကိုပင် အကြောင်းပြု၍ နောင်တွင် မြန်မာနိုင်ငံ၌ “အမျိုးသားနေ့” (နေရှင်နယ်ဒေး) (National Day) အဖြစ် အညီအညွတ်သတ်မှတ်ခဲ့၍ နှစ်စဉ်နှစ်တိုင်း အမျိုးသားအောင်ပွဲနေ့ကို မပျက်မကွက် ကျင်းပလျက်ရှိပါသည်။

 

၃။

ရန်ကုန်တက္ကသိုလ် ပထမကျောင်းသားသပိတ် လှုပ်ရှားမှုကြီး၏ ရလဒ်အဖြစ် အမျိုးသားရေးစနစ်ကြီး၏ အမြုတေဟု ဆိုအပ်သော “အမျိုးသားကျောင်း” အမျိုးသား ပညာရေးဗိမာန်ကို သပိတ်မှောက်ကျောင်းသားကြီးများက ဦးစီးဦးဆောင်ပြုကာ ဗဟန်းကျောင်းတော်ရာ ရွှေကျင် တိုက် ဦးအရိယကျောင်းတွင် မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ် နတ်တော်လဆန်း ၇ ရက် (၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၇ ရက်) သောကြာနေ့ နံနက် ၁၀ နာရီတိတိအချိန်တွင် စတင် တည်ထောင်ဖွင့်လှစ်ခဲ့သည်။

ထိုနေ့သည်ကား မြန်မာနိုင်ငံတွင် “အမျိုးသားကျောင်း” ကို စတင်ထူထောင်သော နေ့ထူးနေ့မြတ်တစ်ရပ် ဖြစ်လာ ပါသည်။

 

“မင်္ဂလာ မြန်မာတိုင်းတွင်ဖြင့် ကောင်းမြတ်ဖို့ထူ” ဟူသော အမျိုးသားကျောင်းဘွဲ့ မင်္ဂလာစည်တော်၌ သမိုင်းဝင်မှတ်တမ်းတင်ထားခဲ့ပါသည်။

 

“မြို့မတိုင်းရင်းသား အထက်တန်းကျောင်း” ဟူသော အမည်သစ်ကိုမူ မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ် ပြာသိုလပြည့် ကျော် ၇ ရက် (၁၉၂၁ ခုနှစ် မတ်လ ၁ ရက်) အင်္ဂါနေ့၌ ခံယူ ကြောင်း သမိုင်းအထောက်အထားများ တွေ့ရှိရသဖြင့် ထပ်လောင်းသိရှိ မှတ်သားထားရပါသည်။

မြို့မအမျိုးသားကျောင်း ထူထောင်မှုနှင့် မရှေး မနှောင်းကာလအတွင်း နိုင်ငံတစ်ဝန်း၌ သပိတ်မှောက် ကျောင်းသားကြီးများ၏ ဦးစီးဦးဆောင်မှုဖြင့် အမျိုးသား ကျောင်းပေါင်း ၉၃ ကျောင်း ပေါ်ထွန်းလာခဲ့ပါသည်။ ဝမ်းမြောက်ဂုဏ်ယူဖွယ် ကောင်းလေစွ။

၁၉၂၀ ပြည့်နှစ် ရန်ကုန်တက္ကသိုလ်ကျောင်းသား ပထမသပိတ်မှောက်မှုနှင့် တစ်ဆက်တည်း သပိတ်မှောက် ကျောင်းသားများ တက္ကသိုလ်ဆက်မတက်ဘဲ အမျိုးသား ကျောင်းများ နိုင်ငံတစ်ဝန်း ထူထောင်မှုသည်-

(က) နယ်ချဲ့ဗြိတိသျှတို့အား မြန်မာတို့၏ မဟုတ်မခံ သူ့ကျွန်မခံ၊ အုံကြွတွန်းလှန်မှုဖြင့် ပထမအကြိမ် စိန်ခေါ်လိုက်သည့် လှုပ်ရှားမှုကြီးတစ်ရပ် ဖြစ်လာသောကြောင့် နယ်ချဲ့ဗြိတိသျှတို့အဖို့ များစွာတုန်လှုပ်ချောက်ချား သွားစေသည့် ပထမအကျိုးတရားသည် ထင်ရှားပေါ်ထွက် လာစေခဲ့သည်။

(ခ) သွေးအေးနေသော၊ မီးခဲပြာဖုံးဖြစ်နေသော မြန်မာတစ်မျိုးသားလုံးအား ဤတက္ကသိုလ် ကျောင်းသားသပိတ် (တစ်နိုင်ငံလုံးရှိ အခြေခံ ပညာသင်ကျောင်းသားများပါ ပါဝင်သပိတ်မှောက်မှု) ကြီးက တိုက်ပွဲခေါ်သံအဖြစ် တစ်မျိုးသားလုံးကို လှုပ်နှိုးတပ်လှန့်လိုက်မှုဖြင့် ဝံသာနုရက္ခိတ တရား၊ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်၊ ဇာတိသွေး၊ ဇာတိမာန်တို့ကို ထက်သန် လာစေသည့် ဒုတိယအကျိုးတရား တစ်ရပ် ထင်ရှားထွက်ပေါ်လာစေခဲ့သည်။

ဤပထမသပိတ်မှောက်မှုနှင့် အမျိုးသားကျောင်း များ ထူထောင်မှု၏အကျိုးရလဒ်သည် မြန်မာနိုင်ငံ သူ့ကျွန်ဘဝမှ လွတ်မြောက်ရေး၊ လွတ်လပ်ရေးကြိုးပမ်း လှုပ်ရှားရေးတို့အတွက် ကြီးမားသော မောင်းနှင်အား (Drive) တစ်ရပ်လည်း ဖြစ်လာပေသည်။ ဤသို့ သုံးသပ်ရရှိပါသည်။

 

ရာပြည့်အမျိုးသားကျောင်း

၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၇ ရက် သောကြာနေ့ တွင် ကောင်းစွာ သန္ဓေတည်မွေးဖွားခဲ့သည့် “မြို့မ အမျိုးသားကျောင်း” ကြီးသည် လာမည့် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၀ ရက် တနင်္ဂနွေနေ့တွင် ကျောင်းသက်တမ်း အားဖြင့် “နှစ်တစ်ရာ” တိတိ ပြည့်မည် ဖြစ်ပါသည်။

ဤကြုံတောင့်ကြုံခဲလှ၊ ဆုံတောင့်ဆုံခဲလှသော “မြို့မအမျိုးသားကျောင်း ရာပြည့်” အထိမ်းအမှတ် အခမ်းအနားကို “ရာပြည့်သဘင်” အဖြစ် အထူးအမှတ် တရအနေဖြင့် ခြိမ့်ခြိမ့်သဲသဲ တစ်ခဲနက် ဆင်နွှဲကျင်းပ ရမည်သာ ဖြစ်ပါကြောင်း…။

 

၄။

“မြို့မအမျိုးသားကျောင်း” ကြီးကို ထိုကဲ့သို့ စတင် ထူထောင်၍ နှစ်ပေါင်းတစ်ရာ ကာလတစ်လျှောက် ယခု ကဲ့သို့ မားမားမတ်မတ်ကြံ့ကြံ့ခံ ရပ်တည်နိုင်လာခဲ့မှုကို ယခုအခါ ကောင်းစွာပြန်လည်သတိတရ ဆန်းစစ်သုံးသပ် မှတ်တမ်းတင်မှု ပြုလုပ်အပ်ပါသည်။

“မြို့မအမျိုးသားကျောင်း” ၁၉၂၀ ပြည့်နှစ်အဖြစ် စတင်ရပ်တည်လာစဉ်က မြို့မအမျိုးသားကျောင်း၏ ပတ်လည်ဝန်းကျင်၌ စိန့်ပေါ၊ စိန့်ဂျွန်၊ စိန့်မေရီ၊ စိန့်ဖင်နိုမင်နာစသည့် စိန့်သာသနာပြု ပုဂ္ဂလိက ကျောင်းများ၊ ဘက်ပတစ်၊ မက်သဒစ်စသည့် သာသနာပြု ပုဂ္ဂလိကကျောင်းများ၊ ဗဟိုအစိုးရ အထက်တန်းကျောင်း ကဲ့သို့သော အစိုးရကျောင်းများ ဝိုင်းဝိုင်းလည် တည်ရှိ နှင့်ပြီး ဖြစ်နေသည်။ ထိုထိုသော ပုဂ္ဂလိကကျောင်းများနှင့် ရင်ဆိုင်ယှဉ်ပြိုင် နေရပါသည်။ ထိုထိုသော ပုဂ္ဂလိကနှင့် အစိုးရကျောင်းများ၏ အလယ်တွင် တင့်တင့်တယ်တယ် ထည်ထည်ဝါဝါ၊ မားမားမတ်မတ် ထီးထီးကြီး ကြံ့ကြံ့ခံ ရပ်တည်ရှင်သန်နိုင်အောင် ကြီးထွား ကြီးမားသော အောင်မြင်မှုကို ရရှိနိုင်အောင် သတ္တိရှိရှိ၊ ဇွဲ၊ လုံ့လ၊ ဝီရိယ၊ စွမ်းအား၊ စွမ်းပကားတို့ဖြင့် စွမ်းစွမ်းတမံ အထူးကြိုးစား ကာ အားသွင်း၊ အားထည့်၊ အားထုတ်ခဲ့မှု ဆောင်ရွက်မှု အရပ်ရပ်ကို ယခုအခါ “ခါချိန်တန်သင့်၊ ပန်းနှယ်ပွင့်” ဟူသော ဆိုရိုးစကားနှင့်အညီ မြန်မာ့အမျိုးသားဂုဏ်ရောင် ကို ထွန်းပြောင်စေသည့် ဂုဏ်ဆောင်ကျောင်းတော်ကြီး အဖြစ် ကျောင်းတော်ကြီး၏ ရာပြည့်ကာလသမယ၌ နှစ်ထောင်းအားရ ဝမ်းမြောက်ဝမ်းသာ နှစ်နှစ်ကာကာ ဂုဏ်ပြုအပ်ပါသည်။

 

မြို့မအမျိုးသားကျောင်းတံဆိပ် (Logo) တွင် တံဆိပ်၏ ထိပ်ဆုံး၌ “ပညာရဲရင့်ပွဲလယ်တင့်” ဟူသောစာသားပါရှိသည်။ ထိုစာသားအောက်တွင် ကမ္ဘာ့ အထိမ်းအမှတ်ဖြစ်လာ နေ (ဒေါင်း) လ (ယုန်) ရုပ်တို့ကို ဒိုင်းပေါ်တင်၍ ဖော်ပြထားပါသည်။ ဒိုင်းကြီး၏ အတွင်းထိပ်တွင် “Knowledge is Power” ဟူသော စာသားကိုလည်း ဖော်ပြထားသည်။ ဒိုင်းကြီး၏အတွင်း၌ မြို့မအမျိုးသမီး အမျိုးသားကျောင်း ရန်ကုန်ဟူသော စာသားကိုလည်း ဖော်ပြထားသည်။ ဒိုင်းကြီး၏ တစ်ဖက် တစ်ချက်၌ အားမာန်အပြည့် သတ္တိရှိရှိဖြင့် မျက်နှာ ချင်းဆိုင် အသင့်ရင်ဆိုင်ထိုင်နေကြသော ခြင်္သေ့ရုပ်ကြီး နှစ်ရုပ်ပါရှိပါသည်။ ထိုကျောင်းတံဆိပ် အောက်ပိုင်း၌မူ “MYOMA CO – EDUCATIONAL SCHOOL” ထိုအောက်၌ RANGOON ဟူသော အင်္ဂလိပ်စာသားကိုပါ ဖော်ပြပါရှိ ထားသည်။ မြို့မအမျိုးသားကျောင်းတံဆိပ်သည် ကျောင်း၏အနှစ်သာရကို လိုရင်းတိုရှင်း ဖော်ဆောင် ထားခြင်းဖြစ်ပေသည်။

မြို့မအမျိုးသားကျောင်း၏

ပညာရေးဆောင်ပုဒ် - သုံးခု

“ပညာရဲရင့် ပွဲလယ်တင့်”

“ပညာရွှေအိုး လူမခိုး”

“ပညာမျိုးသာ ကိုယ့်ဥစ္စာ”

“မြို့မအမျိုးသားကျောင်း” ကြီးသည် မြန်မာ တစ်မျိုးသားလုံး ကြီးစွာမြတ်နိုးလေးစား တန်ဖိုးထား သည့် “ပညာ” တည်းဟူသော ရတနာကို အလေးအနက် ထားသည့် စာစကား ဆောင်ပုဒ်များဖြစ်ကြသော- “ပညာရဲရင့် ပွဲလယ်တင့်”၊ “ပညာရွှေအိုး လူမခိုး”၊ “ပညာမျိုးသာ ကိုယ့်ဥစ္စာ” ဟူသည့် မြန်မာ့နှလုံးသား၌ ထာဝရစွဲမြဲစွာ ထည့်သွင်းကိန်းအောင်စေသည့်၊ ဦးထိပ်၌လည်း ပန်ဆင်စေသည့် “ဆောင်ရန်” တို့ကို ဆောင်ပုဒ်များအဖြစ် စွဲမြဲစွာဆောင်စေခြင်း ဖြစ်ပါ ပေသည်။

မြို့မအမျိုးသားကျောင်း အဓိဋ္ဌာန်

“အမျိုးသားကျောင်း တို့ကျောင်း

တို့ကောင်းအောင်

ကြိုးစားမည်။

အနာဂတ်မျိုးဆက်သစ်

တို့ ဖြစ်ရမည်။

မျိုးချစ်စိတ်၊ အခြေတည်

စွမ်းဆောင်ရည်မြင့်မား

စိတ်ဓာတ်၊ စည်းကမ်း၊ ပညာနှင့်

ရှေးအစဉ်အလာ ထိန်းသိမ်းကြ

မြို့မကျောင်းသား။

ဤမြို့မအမျိုးသားကျောင်း အဓိဋ္ဌာန်သည်လည်း “မြို့မစိတ်ဓာတ်” ဖြစ်သော မိမိတို့အမျိုး (တစ်မျိုးသားလုံး)(ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံး)၊ မိမိတို့အားလုံး၏ အကျိုးကို ကောင်းစွာ သယ်ပိုးကြရာ၌ ကောင်းမြတ်သော အစဉ်အလာနှင့်အညီ ဝံသာနုရက္ခိတတရားအရင်းခံ အခြေခံ ထားကာ စဉ်ဆက်မပြတ် လက်ဆင့်ကမ်းထမ်းဆောင် သယ်ဆောင်သွားကြမည့် အမျိုး၊ ဘာသာ၊ သာသနာနှင့် ပညာတို့ကို အစဉ်ထာဝရ ထိန်းသိမ်းစောင့်ရှောက်သွားကြ မည်ဟူသော ရဲရဲတောက် အဆုံးအဖြတ်ဖြင့် အခိုင်အမာ၊ အညီအညွတ်ရွတ်ဆို “အဓိဋ္ဌာန်” ပြုထားခြင်းဖြစ်ပါသည်။

“မြို့မစိတ်ဓာတ်” သည် “မိသားစုစိတ်ဓာတ်” ဖြစ်သည်။ တစ်နည်းအားဖြင့် “ပြည်ထောင်စုစိတ်ဓာတ်’’ ပင် ဖြစ်ပါသည်။

မြို့မအမျိုးသားကျောင်းတူညီဝတ်စုံ

မြို့မအမျိုးသားကျောင်း၌ ပညာရည်နို့သောက်စို့ ကြရသည့် ကျောင်းသား ကျောင်းသူအားလုံး၊ ပညာ သင်ကြားပို့ချနေကြသည့် ဆရာကြီးနှင့်အတူ ဆရာ ဆရာမ များအားလုံးသည် တစ်စိတ်တည်း တစ်ဝမ်းတည်း တစ်သဘောတည်း တူတူညီညီရှိကြသည်ဟူသော အထိမ်းအမှတ် အမှတ်အသားအဖြစ် တူညီဝတ်စုံ ကို သတ်မှတ်ဝတ်ဆင်ကြပါသည်။

မြို့မအမျိုးသားကျောင်း၏ တူညီဝတ်စုံ(Uniform) မှာ လုံချည်၊ ထဘီအစိမ်း၊ အင်္ကျီအဖြူ၊ တိုက်ပုံပင်နီတို့ ဖြစ်ပါသည်။

(ဤစာရေးသူသည် အခြေခံပညာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်တာဝန်ယူစဉ်က အခြေခံပညာကျောင်း ကျောင်းသား ကျောင်းသူ၊ ဆရာ ဆရာမများအားလုံး လုံချည်၊ ထဘီအစိမ်း ကျောင်းတူညီဝတ်စုံအဖြစ် ဝတ်ဆင် ကြရန် သတ်မှတ်ပေးခဲ့ပါသည်။)

မြို့မအမျိုးသားအထက်တန်းကျောင်း (ယခု လက်ရှိကျောင်း) သည် သုံးထပ်ကျောင်းဆောင် ဖြစ်ပါသည်။ မြန်မာမှုဟန်အပြည့်ဖြင့် တည်ဆောက်ထားသည့် ဘုံဆင့် ပြာသာဒ်နှင့် မြန်မာဗိသုကာလက်ရာမြောက်သော မြန်မာ့ ဂုဏ်ဆောင်ကျောင်းဆောင်လည်း ဖြစ်ပါသည်။ အဝေး ကပင် မြင်နိုင်ပါသည်။ ကျောင်းအိပ် ကျောင်းစားနေထိုင်ရန် ဘော်ဒါဆောင်လည်း တစ်ပါတည်း ပါရှိပါသည်။ ကျောင်းအင်္ဂါရပ်နှင့် ကုံလုံပြည့်စုံသော ကျောင်းတစ်ကျောင်း ဖြစ်ပါသည်။ ဤ “မြို့မအမျိုးသားကျောင်း” မိခင် ကျောင်းတော်ကြီးက စဉ်ဆက်မပြတ် မွေးထုတ်ပေးခဲ့သော၊ ပြုစုပျိုးထောင်ပေခဲ့သော မြို့မကျောင်းသား ကျောင်းသူများ အားလုံးသည် မိခင်၏ သားကောင်း၊ မိခင်၏ သမီးမွန် ပီသစွာ-

လွတ်လပ်ရေးမရမီကာလ

(၁၉၂၀ ပြည့်နှစ်မှ ၁၉၄၈ ခုနှစ်အထိ)(၂၈ နှစ်)

မြန်မာနိုင်ငံ သူ့ကျွန်ဘဝမှ လွတ်မြောက်ရေး၊ လုံးဝ လွတ်လပ်မှု ရရှိရေးတို့အတွက် ရှေ့တန်းမှလည်းကောင်း၊ နောက်တန်းမှလည်းကောင်း ကြိုးပမ်းအားထုတ်ကြရာ၌ ထူးထူးချွန်ချွန်၊ ထက်ထက်မြက်မြက်၊ စွမ်းစွမ်းတမံ၊ ထင်ထင်ရှားရှား ကြိုးစားအားထုတ်ခဲ့ကြပါသည်။

လွတ်လပ်ရေးရပြီးကာလ

(၁၉၄၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ)

(၇၂နှစ်)

အသက်၊ ချွေးတို့ဖြင့် စတေး၍ ရယူထားသော မြန်မာ့အချုပ်အခြာအာဏာပိုင် နိုင်ငံတော်ကို အဓွန့်ရှည်စွာ တည်တံ့စေအံ့သောငှာ၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် စေအံ့သောငှာ ရှေ့တန်းမှလည်းကောင်း၊ နောက်တန်းမှ လည်းကောင်း ပါဝင်ကြိုးပမ်းအားထုတ်ကြရာ၌ ကျရာ နေရာမှ ကျရာတာဝန်တို့ကို တာဝန်သိသိ သစ္စာရှိရှိဖြင့် နိုးနိုးကြားကြား ရိုးရိုးသားသား ကြိုးကြိုးစားစားဆောင်ရွက် အားထုတ်မှုပြုကြသူများလည်း ဖြစ်ကြပါသည်။

သို့ဖြစ်၍ “မြို့မအမျိုးသားကျောင်း” မိခင် ကျောင်းတော်ကြီး၏ ရာပြည့်အထိမ်းအမှတ်အဖြစ် အမှတ် တရတင်ပြအပ်သော ဤတင်ပြချက်ကို “မြို့မကျောင်း ဘွဲ့သံချပ်” ဖြင့် နိဂုံးကမ္ပတ် အဆုံးသတ်လိုက်ရ ပါသတည်း။

မြို့မကျောင်းဘွဲ့သံချပ်

မိုး၊ မိုး၊ မိုးလားမောင်တို့

လေ၊ လေ၊ လေလားမောင်တို့

မြို့မကျောင်းကြီးကျက်သရေ

ကမ္ဘာသင်္ချေ ပြောလို့မဆုံး

ကျောင်းတော်ပြီးလို့ လွန်စွာကျယ်၊

ဝံသာအနွယ် ကောင်းဖို့ပါပဲ။

တိုက်ကျောင်းသစ်နှင့် ကျက်သရေဆောင်

တက်နေအရောင် ထွန်းတဲ့ကျောင်းကြီး၊

ဆရာကြီးဘွဲ့ ဦးဘလွင်

အထူးစတင် ဆောက်တဲ့ကျောင်းဗျ။

မြို့မကျောင်းနှင့် ဂုဏ်ထူးဆောင်

မကြုံဖူးအောင် ထူးတဲ့ကျောင်းပဲ၊

ရိုင်းပင်းကြပါ မျိုးမြန်မာ

တန်ခိုးပါဝါ ရှိဖို့ပါပဲ၊

ဝံသာနုနှင့် ရက္ခိတာ

စိတ်ကျေနပ်စွာ စောင့်တဲ့ကျောင်းသား

လုံချည်စိမ်းနှင့် ပင်နီဖြူ

ရွှေပြည်တော်သူ ကြိုက်တဲ့အဆင်ပဲ။

တိုက်ကျောင်းဖွင့်တဲ့ နေရှင်နယ်

ဖွေသင်တကယ် ကောင်းတဲ့ကျောင်းကြီး။

မြို့မအမျိုးသားကျောင်းတော်ကြီး၊ ကမ္ဘာ တည်သရွေ့ အဓွန့်ရှည်စွာ တည်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသတည်း။ ။