နေပြည်တော် ၂၅ စက်တင်ဘာ
သမိုင်းမှတ်တိုင်ဆိုသည်မှာ လူသားတို့ နေထိုင်မှု ဘဝဖြစ်စဉ်များထဲမှ ထင်ရှားသော ကာလ အပိုင်းအခြားအတွင်း ထူးခြားသောပုဂ္ဂိုလ်များနှင့် ထင်ရှားသော ဖြစ်ရပ်များပင်ဖြစ်သည်။ သမိုင်းဟူသည် မေ့ပျောက်ကောင်းသော အရာမဟုတ်။ သမိုင်းမသိလျှင် အအနှင့်တူသဖြင့် သမိုင်းသိအောင် အားထုတ်ကြရမည်ဖြစ်သည်။ မြန်မာ့သမိုင်းကြောင်း၌ ထူးခြားသည့် အကြောင်းအရာများစွာ ရှိသည့်အနက် နှစ်တစ်ရာပြည့် သမိုင်းမှတ်တိုင်များသည် မျက်မှောက်လောကအတွက် အနီးစပ်ဆုံး သိမှတ်စရာများဖြစ်သည်။
လူ့သမိုင်းသည် လူသားတို့ဖြတ်သန်းနေကြသော မရပ်မနား တစ်သွားတည်းသွားနေသည့် မဆုံးနိုင်သော ခရီးလမ်းဖြစ်သည်။ အတိတ်က အတွေ့အကြုံများသည် ပစ္စုပ္ပန်အတွက် အထောက်အပံ့ ကောင်းများ ဖြစ်လာသကဲ့သို့ ပစ္စုပ္ပန်အတွေ့အကြုံတို့သည်လည်း အနာဂတ်အတွက် အထောက်အပံ့ ကောင်းများဖြစ်ရမည်မှာ ဓမ္မတာဖြစ်သည်။ ဆိုးမွေများကို သင်ခန်းစာယူ၍ ကောင်းမွေများကို နည်းနာခံကာ ပစ္စုပ္ပန်နှင့် အနာဂတ်အတွက် ကောင်းသည်ထက်ကောင်းအောင် ကြိုးပမ်း အားထုတ်နိုင်ပေသည်။
လူ့သမိုင်းတစ်လျှောက်တွင် လူ့အဖွဲ့အစည်းတို့သည် တစ်ချိန်တည်း တစ်ပြိုင်တည်း အတူတကွ ဖြစ်ပေါ်၊ ပြောင်းလဲ၊ ထွန်းကား၊ တိုးတက် လာကြခြင်းမဟုတ်။ ဖြစ်ရပ်များသည် အချိန်ကာလ အပိုင်းအခြားတစ်ခုတွင် တိုးတက်ပြောင်းလဲဖြစ်ပေါ်လာပြီး အချိန်ရှည်ကြာသော် ဆိတ်သုဉ်း ပျောက်ကွယ်သွားတတ်သည်။ လူသားတို့အတွက် အကျိုးတရားဖြစ်ထွန်းနိုင်သော ထူးခြားသည့် သမိုင်းဖြစ်ရပ်များ မေပျာက်ကွယ်စေရန် ပြန်လည်ဖော်ထုတ်ပေးမှသာ သမိုင်းအမွေအနှစ်မှသည် အထောက်အပံ့ကောင်းများ ရရှိနိုင်မည်။
အနောက်နိုင်ငံများတွင် လူ့သမိုင်းနှင့်ပတ်သက်၍ ရေတွက်ရာ၌ တစ်နှစ်ချင်းတစ်နှစ်ချင်း ရေတွက်လေ့မရှိဘဲ စင်ကျူရီခေါ် နှစ်တစ်ရာကို အခြေခံထား၍ ရေတွက်လေ့ရှိသည်။ လူ့သမိုင်း၏ ထူးခြားသည့် ဖြစ်စဉ်ဖြစ်ရပ်များ၊ ပြောင်းလဲတိုးတက်မှုများမှာလည်း နှစ်တစ်ရာ (ရာစုတစ်စု) အတွင်း ပြောင်းလဲဖြစ်ပေါ်တတ်သည်။ ထူးခြားသည့် အကြောင်းအရာများကို မျက်မှောက်လူသားများ အမှတ်တရဖြစ်စေရန်လည်းကောင်း၊ မသိရှိသေးသူများ သိရှိစေရန်လည်းကောင်း၊ အတုယူအားကျ၍ ပိုမိုကောင်းမွန်သော ပစ္စုပ္ပန်နှင့် အနာဂတ်ကို ဖန်တီးနိုင်ရန်လည်းကောင်း နှစ်တစ်ရာပြည့် ကာလကို တစ်မူထူးခြားစွာ ထုတ်ဖော်ကြသည်။
လွတ်လပ်သော အချုပ်အခြာအာဏာပိုင်သည့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးဖြစ်တည် လာခဲ့သည်မှာ နှစ်ပေါင်း ၇၀ ကျော်ခဲ့ပြီ။ လွတ်လပ်ရေးမရမီ မြန်မာတစ်မျိုးသားလုံးနှင့် သက်ဆိုင်သည့် လွတ်လပ်ရေး ကြိုးပမ်းမှုကာလ ကြိုးပမ်းဆောင်ရွက်မှုများတွင် နှစ်တစ်ရာပြည့် ထူးခြားသော သမိုင်းမှတ်တိုင်များ မည်သို့မည်ပုံ ဖြစ်ပေါ်ခဲ့သည်ကို ယနေ့ ပြည်သူများ သိရှိမှတ်သားနိုင်ရန် ဖော်ထုတ်ပေးရမည်ဖြစ်သည်။ သို့မှသာ နှောင်းအတိတ်မှ မိမိတို့မိဘဘိုးဘွားများ အမျိုးဂုဏ် ဇာတိဂုဏ်တက်ရန်၊ အမျိုးသားရေးစိတ်ဓာတ် ထက်သန်ရန် မည်သို့မည်ပုံ ကြိုးပမ်းအားထုတ်ခဲ့ကြသည်ကို သိရှိနိုင်မည်ဖြစ်သည်။
ယခုကာလတွင် ရှေးမြန်မာများ၏ စီးပွားရေးအသင်းအပင်း စတင်ဖွဲ့စည်းထူထောင်သည့် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းကြီး နှစ်တစ်ရာပြည့်၊ မြန်မာတစ်မျိုးသားလုံး အမျိုးသားရေးစိတ်ဓာတ် နိုးကြားရှင်သန်လာအောင် ပထမဆုံး စတင်ကြိုးပမ်းအားထုတ်ခဲ့သည့် ဂျီစီဘီအေအသင်းကြီး၏ နှစ်တစ်ရာပြည့် အမျိုးသားပညာရေး စတင်အခြေတည်ခဲ့သည့် မြို့မကျောင်းကြီး နှစ်တစ်ရာပြည့် ကိုလိုနီပညာရေး စနစ်ကို ပြောင်းလဲပြစ်နိုင်ခဲ့သည့် ရန်ကုန်တက္ကသိုလ် နှစ်တစ်ရာပြည့်၊ မြန်မာတို့၏ အမျိုးသားယဉ်ကျေးမှု ရုပ်ရှင်အနုပညာကို ဖော်ထုတ်ပေးခဲ့သည့် မြန်မာ့ရုပ်ရှင်နှစ်တစ်ရာပြည့် စသည့်ထူးခြားသော သမိုင်းမှတ်တိုင်များစိုက်ထူခဲ့သည့် နှစ်တစ်ရာပြည့်နေ့များ ရောက်ရှိလာပြီဖြစ်သည်။
သို့ဖြစ်ရာ နှစ်တစ်ရာတိုင် မမေ့နိုင်သည့် မြန်မာ့သမိုင်းမှတ်တိုင်များထဲမှ နှစ်တစ်ရာပြည့် ထူးခြားသော အကြောင်းအရာများကို ပြန်လည်ဖော်ထုတ်ခြင်းဖြင့် နိုင်ငံသူ နိုင်ငံသားများ၏ ပစ္စုပ္ပန်နှင့် အနာဂတ်တွင် ကောင်းမွန်သော အကျိုးရလဒ်နှင့် အထောက်အပံ့ကောင်းများ ရရှိလာမည် ဖြစ်ပါကြောင်း။ ။
ကြေးမုံ
