နှစ်တစ်ရာပြည့်ရန်ကုန်တက္ကသိုလ်နှင့် နှစ်တစ်ရာပြည့်အမျိုးသားအောင်ပွဲနေ့မှသည် 

သတင်းဆောင်းပါး - လင်းအောင်   

ယနေ့အချိန်အခါတွင် ထူးခြားသည့် ရန်ကုန်တက္ကသိုလ် ရာပြည့်၊   အမျိုးသားအောင်ပွဲနေ့ရာပြည့်  စသည်ဖြင့် သမိုင်းဝင်နှစ်တစ်ရာပြည့် ကာလကို ဂုဏ်ယူစွာ ဖြတ်သန်း ခွင့်ရရှိသည့် စာရေးသူတို့ မြန်မာနိုင်ငံသားများအနေဖြင့် ယခုကဲသို့ ကျင်းပခွင့်၊ ကြုံတွေ့ ဖြတ်သန်းခွင့်ရရှိနိုင်ရေး အတွက် လွန်ခဲ့သည့် နှစ် ၁၀၀ ကာလက ကိုယ်ကျိုးကို မငဲ့ကွက်ဘဲ ကြိုးပမ်းခဲ့ကြသည့် အမျိုးသားခေါင်းဆောင် ကြီးများ၊ အမျိုးသားသူရဲကောင်းများ၏ ဂုဏ်ကျေးဇူးကို အထူးသတိရလျက် မျိုးဆက်သစ်များသို့ သမိုင်းကြောင်း ကို လက်ဆင့်ကမ်း အသိပေးကြရမည်ဖြစ်ပါသည်။

သမိုင်းပေးအခြေအနေကောင်းကို ကြုံကြိုက်ရရှိခဲ့မှု

မြန်မာ့လွတ်လပ်ရေး       ကြိုးပမ်းမှုသမိုင်းစဉ်ကို လေ့လာပါက ၁၈၈၅ ခုနှစ် ဒီဇင်ဘာလတွင်  သီပေါမင်း ပါတော်မူပြီးနောက်     မျိုးချစ်တိုင်းရင်းသားများ၏ လက်နက်ကိုင်    တော်လှန်မှုများကို     ၂၀   ရာစု နှောင်းပိုင်းကာလတွင် ဗြိတိသျှအစိုးရအနေဖြင့် အပြင်း အထန်နှိမ်နင်းခဲ့ရသည်။  ယင်းနောက်ပိုင်း  ၂၀  ရာစု ခေတ်ဦးပိုင်းကာလတွင်   အမျိုးသားရေးစုစည်းမှုဖြင့် နယ်ချဲ့အစိုးရအပေါ် ပြန်လည်၍ ဆန့်ကျင်တော်လှန်မှုများ အတွက် ၁၉၂၀ ပြည့်နှစ် ပထမကျောင်းသားသပိတ်သည် မီးရှူးတန်ဆောင်အဖြစ်လည်းကောင်း၊ တပ်လှန့်သံအဖြစ် လည်းကောင်း ပေါ်ပေါက်လာခဲ့သည်ကို  တွေ့ရှိရမည် ဖြစ်သည်။ 

ယင်းသို့ အမျိုးသားရေးအတွက် အရေးကြီးသော ရန်ကုန်တက္ကသိုလ်၏ ထိုစဉ်ကာလက  ပေါ်ထွန်းလာမှု သည် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုအတွက်သာမက အမျိုးသားပညာရေးအတွက် အချိန်အခါသင့် တိုက်ဆိုင် ရရှိခဲ့သော အနာဂတ်မြန်မာနိုင်ငံ၏ ကုသိုလ်ကံကောင်း တစ်ရပ်ဟုပင် ဆိုချင်ပါသည်။ ၁၉၂၀ ပြည့်နှစ် ရန်ကုန် တက္ကသိုလ်ဥပဒေပြဋ္ဌာန်းခဲ့ချိန်သည်  ထိုစဉ်က  မြန်မာ တိုင်းရင်းသားများ၏ အကျိုးအတွက် မဟုတ်ခဲ့သော်လည်း ပထမကမ္ဘာစစ် (၁၉၁၄ -၁၉၁၈) ပြီးဆုံးခဲ့ပြီးနောက် ဗြိတိသျှအင်ပါယာ    အိန္ဒိယကိုလိုနီအတွင်း   ရှိနေဆဲ မြန်မာနိုင်ငံအတွက် ကိုယ်ပိုင်တက္ကသိုလ်တစ်ခု သီးခြား ရရှိစေရန် အခြေအနေကောင်းတစ်ခု ဖန်တီးလာမှုတစ်ခု ဖြစ်ခဲ့ပါသည်။

အကယ်၍သာ  ထိုကာလထက်  ၁၀  စုနှစ်  တစ်ခု နောက်ကျခဲ့ပါက ၁၉၂၉ -၁၉၃၀ ပြည့်နှစ်တွင် ကမ္ဘာ စီးပွားပျက်ကပ်     ကြုံတွေ့နေရချိန်        ဖြစ်သကဲ့သို့ နောက်ထပ်  ၁၀  စုနှစ်တစ်ခုအကြာတွင်လည်း  ဒုတိယ ကမ္ဘာစစ် (၁၉၃၉ - ၁၉၄၅) ဖြစ်ပွားမှုကို ကြုံတွေ့ခဲ့ရမည် ဖြစ်သည်။ ဒုတိယကမ္ဘာစစ်မတိုင်မီ ရန်ကုန်တက္ကသိုလ် ပေါ်ပေါက်နေခဲ့မှုကြောင့်    အနာဂတ်မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှုနှင့် လွတ်လပ်ပြီးနိုင်ငံကို ဦးစီး ဦးဆောင်ပြုမည့်    နိုင်ငံ့ခေါင်းဆောင်  လောင်းလျာ          ကျောင်းသားခေါင်းဆောင်လူငယ်များကို တက္ကသိုလ် နယ်မြေတွင်  ပေါင်းစည်းမွေးထုတ် ပေါ်ထွန်းလာစေခဲ့ ပါသည်။
တက္ကသိုလ်      အသစ်တစ်ခု ထူထောင်ရန် လွယ်ကူသည့် အခြေ အနေမဟုတ်ခဲ့သော နိုင်ငံ့လွတ်လပ် ရေးရရှိပြီးချိန် ၁၉၄၉-၅၀ ပြည့်နှစ် အခြေအနေများ၊ လွတ်လပ်ရေးရပြီး ၁၀  နှစ်  ကာလ ၁၉၅၀ - ၁၉၆၀  ပြည့်နှစ်အတွင်း  ပြည်တွင်းပြည်ပ   အကျပ်အတည်းမျိုးစုံ   ကြုံကြိုက် နေခဲ့ရချိန်များကို   လေ့လာပါက လည်း   ယနေ့ကာလ  မြန်မာနိုင်ငံ အတွက်  နှစ်တစ်ရာပြည့်  ရန်ကုန် တက္ကသိုလ်ကို ထူထောင်ရရှိနိုင်ခဲ့မှု သည်  နိုင်ငံ့အတွက်  ထူးခြားသော ကုသိုလ်ကံကောင်းခြင်း   တစ်ရပ် အဖြစ် တင်ပြလိုခြင်း ဖြစ်ပါသည်။

တက္ကသိုလ်ကျောင်းကြီးများ၏ (Good Breeding) ၏ တန်ဖိုး

ပုံမှန်အားဖြင့်       ကျောင်းသား လူငယ်တစ်ဦး၏   လူငယ်ဘ၀ ဖြတ်သန်းမှုနှင့်  ရင့်ကျက်ဖွံ့ဖြိုးမှု အတွက် တက္ကသိုလ်ကျောင်းသား ဘဝဖြတ်သန်းမှုသည် အရေးကြီး ကြောင်း ဆရာကြီး ရွှေဥဒေါင်း၏ ရေးသားခဲ့မှုကိုလည်း  တင်ပြလိုပါ သည်။ မြန်မာစာပေလေ့လာလိုက် စားသူများ   အားလုံးသိရှိပြီးဖြစ် သည့်အတိုင်း   ဆရာကြီးသည် ကိုလိုနီခေတ်     တက္ကသိုလ်ဝင် စာမေးပွဲ (၉) တန်း အောင်မြင်၍     ထိုခေတ်က     ရန်ကုန်ကောလိပ်သို့ တက်ရောက်ရန် အခြေအနေမပေး ခဲ့သော်လည်း   လူငယ်ဘဝတွင် Charles Dickens, Author Conan Doyle, Francis Bacon, Thomas Carlyle, Macaulay, John Ruskin      စသည့်     ပညာရှင် စာရေးဆရာကြီးများ ရေးသားခဲ့သည့် စံပြုအင်္ဂလိပ်စာပေ (Classic English) နှင့် ကမ္ဘာကျော် ဝတ္ထုများ  ၁၀၀ ကျော် ကို ဖတ်ရှုထားနိုင်ခဲ့ပြီး   ကမ္ဘာ့စာပေများကို   မြန်မာစာပေ လောကသို့ အစောဆုံး  မိတ်ဆက်ပေးနိုင်ခဲ့သည့်  မြန်မာ စာရေးဆရာကြီးတစ်ဦးပင် ဖြစ်ပါသည်။ 

ဆရာကြီးရွှေဥဒေါင်း၏    ကျော်ကြားသောဘဝ           အတ္ထုပ္ပတ္တိဖြစ်သည့် “တစ်သက်တာမှတ်တမ်းနှင့် အတွေး အခေါ်များ’’ စာအုပ်တွင် တက္ကသိုလ်တက်ရောက်မှုနှင့် စပ်လျဉ်း၍   ကျောင်းသားလူငယ်များသို့   အောက်ပါ အတိုင်း  တိုက်တွန်းရေးသားထားသည်ကို  ဖတ်ရှုရမည် ဖြစ်ပါသည် -
 “ကောလိပ်ကျောင်းနေဖူးခြင်းအားဖြင့် ကျွန်ုပ်အဖို့ မည်သို့သော  အကျိုးကျေးဇူးများ ထူးထူးခြားခြား ဖြစ်ပေါ် နိုင်ဖွယ်ရာ  ရှိသနည်း။  ရှိသည်၊  အများကြီး ရှိသည်ဟု ကျွန်ုပ်သဘောပေါက်လာသည်။  ကျွန်ုပ်၏ လက်ရှိ     ချို့ငဲ့ချက်မှာ    ကောလိပ်ကျောင်း၏                     လေ (Atmosphere) ကို လေးနှစ်လောက် မရှူခဲ့ရ ခြင်းဖြစ်သည်။ - - - -  ကောလိပ်၌ မနေခဲ့ရ၍ညံ့သည် ဟု ကိုယ့်ဟာကိုယ် သတိရနေသောကြောင့် မဟုတ်။ ကောလိပ်လေ (ပတ်ဝန်းကျင်) နှင့် မထိတွေ့ခဲ့ရသည့် အတွက်ကြောင့် ပြေပြေပြစ်ပြစ်ဟန်ပန်မျိုး (Easy Manner) မရှိဘဲ ခပ်ထောင့်ထောင့် ဖြစ်နေရခြင်းကို ဆိုလိုသည်။ ကောလိပ်ကျောင်း၌ လေးနှစ်နေဖူးသော လူတိုင်းသည် ပြေပြေပြစ်ပြစ် ဖြစ်လာတော့သည်ဟု ဆိုလိုခြင်းကား မဟုတ်။ သို့သော် မနေမီကထက် တိုးတက်ခြင်း ရှိလာသည်ကို ကျွန်ုပ်ကြိမ်ဖန်များစွာ လေ့လာတွေ့ရှိရသည်။ - - - - - - - [Charles Dickens ၏ မျှော်တလင့်လင့် (Great Expectation) ဝတ္ထုကို  သာဓကပြလျက်]  ငယ်ရွယ်နုနယ်စဉ်က သွန်သင်ပေးခြင်း ဖြစ်လျက်နှင့်လည်း တက္ကသိုလ် ကျောင်းထွက်တစ်ယောက်ကို   မမီနိုင်ကြောင်း တွေ့ရသည်။    တက္ကသိုလ်ကျောင်းကြီးများသည် လူငယ်များ၏ အမူအရာနှင့် စိတ်နေသဘောထားကို ပြုပြင်ခွင့် အများဆုံးရသော ဌာနကြီးများ ဖြစ်ကြ သည့် အလျောက် (Good Breeding) ၏ တန်ဖိုးကို နားလည်အောင်   လုပ်ကြပြီးလျှင်   ကျောင်းသူ ကျောင်းသားတို့အား ကိုယ်စီကိုယ်င အများဆုံးခံယူ ရရှိကြဖို့ တိုက်တွန်းလိုက်ရသည်”

ကိုယ်တွေ့ဖြတ်သန်းမှုများ

စာရေးသူသည်  ၁၉၈၂  ခုနှစ်တွင် အခြေခံပညာ အဆင့်မြင့်တန်း(ထိုခေတ်ကာလအခေါ်) အောင်မြင်၍ ရန်ကုန်စီးပွားရေးတက္ကသိုလ်သို့ ဝင်ရောက်ခွင့်ရရှိခဲ့ပြီး စီးပွားရေးတက္ကသိုလ်   (လှိုင်နယ်မြေ)   တွင်   စတင် တက်ရောက်ခဲ့ရပါသည်။ ၁၉၈၂ ခုနှစ်တွင် ထိုခေတ်က ဒေသကောလိပ်စနစ်ကို  ဖျက်သိမ်း၍ တက္ကသိုလ်များသို့ တိုက်ရိုက်ဝင်ခွင့်စနစ်  စတင်ခဲ့ချိန်နှင့် ကြုံကြိုက်ခဲ့ရခြင်း ဖြစ်သည်။ 

၁၉၂၄    ခုနှစ်၌   ရန်ကုန်တက္ကသိုလ်တွင်  စတင် ထူထောင်ခဲ့သော ဘောဂဗေဒဌာနသည် နှစ် ၄၀ အကြာ ၁၉၆၄ ခုနှစ်တွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်အဖြစ် ထူထောင်ခဲ့ခြင်း၊ တက္ကသိုလ်တည်ရှိရာနေရာသည်လည်း ရန်ကုန်တက္ကသိုလ်နယ်မြေအတွင်း၌ပင်     ဆက်စပ်              တည်ရှိနေသောကြောင့်  စီးပွားရေးတက္ကသိုလ်ကိုလည်း ရန်ကုန်တက္ကသိုလ်၏ ကိုယ်ပွားတက္ကသိုလ်တစ်ခုအဖြစ် ခံစားမိပါသည်။ စင်စစ် မြန်မာနိုင်ငံတွင် ဖွင့်လှစ်လျက် ရှိသော သက်မွေးဝမ်းကျောင်းတက္ကသိုလ်များ၊ ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်အများစုသည်လည်း  ရန်ကုန်တက္ကသိုလ်ရှိ ယခင်မဟာဌာနများမှ စတင်သန္ဓေတည် ပေါက်ဖွားလာခဲ့ခြင်းဖြစ်သည့်အတွက်     အမိရန်ကုန်တက္ကသိုလ်၏ သားသမီးတက္ကသိုလ်များသာ ဖြစ်သည်ဟု တင်ပြလို ပါသည်။

“တက္ကသိုလ်ကျောင်းကြီးများသည် လူငယ်များ၏ အမူအရာနှင့်   စိတ်နေသဘောထားကို   ပြုပြင်ခွင့် အများဆုံးရသော ဌာနကြီးများ ဖြစ်ကြသည်”ဟူသော ဆရာကြီး ရွှေဥဒေါင်း၏ ရေးသားခဲ့မှုနှင့်အညီ လူငယ် တစ်ဦးအနေဖြင့် တက္ကသိုလ် တက်ရောက်ချိန်ကာလတွင် သက်ဆိုင်ရာဘာသာရပ်အလိုက်သင်ကြားပို့ချမှု  ဗဟု သုတများအပြင် နိုင်ငံတစ်ဝန်းလုံးရှိ  တောင်ပေါ်မြေပြန့် ကမ်းရိုးတန်းဒေသ  အသီးသီးမှ   ရောက်ရှိလာသော တိုင်းရင်းသား   ကျောင်းသူ  ကျောင်းသားများစွာနှင့် ဆုံတွေ့လျက်  ရင်းနှီးခင်မင်ခွင့်ရခြင်း၊   ထိုသို့   ရင်းနှီး ခင်မင်ရာမှ သိမြင်ဖလှယ်ခွင့်ရရှိလာသော အတွေးအမြင် အတွေ့အကြုံများဖြင့်  ရင့်ကျက်လာစေခြင်းများသည် အနာဂတ်တွင် ဘဝလောကဓံအမျိုးမျိုးကို ရင်ဆိုင်နိုင်ရေး၊ နိုင်ငံသားတစ်ဦးအနေဖြင့် ကျရောက်ရာ နိုင်ငံ့တာဝန်များ ထမ်းဆောင်နိုင်ရေးတို့အတွက် ကြီးမားသော အထောက် အပံ့      အခွင့်အလမ်းကောင်းများအဖြစ်   ရရှိစေနိုင်ခဲ့ ပါသည်။ 

ရန်ကုန်စီးပွားရေးတက္ကသိုလ်သို့ တက်ရောက်ခဲ့ချိန် တွင် ကျောင်းဝင်ကြေး ပေးသွင်းခြင်း၊ စာကြည့်တိုက်မှ စာအုပ်ငှားရမ်းခြင်း စသည့်ကျောင်းသားရေးရာ ကိစ္စရပ် များကို ကမာရွတ်မြို့နယ် ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း ရှိ  စီးပွားရေးတက္ကသိုလ်  (ပင်မ)  တွင်  သွားရောက် ဆောင်ရွက်ကြရပါသည်။  ထိုစဉ်ကာလက  နိုင်ငံတွင် တစ်ခုတည်းသာ  ရှိသေးသော  စီးပွားရေးတက္ကသိုလ်သို့ နိုင်ငံတစ်ဝန်းလုံးမှ ဝင်ရောက်ခွင့်ရရှိခဲ့သည့် ကျောင်းသား ကျောင်းသူ ၁၂၀၀ ကျော်တွင် ပြည်နယ်နှင့်တိုင်းအသီးသီးမှ အဆောင်နေခွင့်ရရှိသော    ပထမနှစ်နှင့်    ဒုတိယနှစ် ကျောင်းသား ကျောင်းသူများသည် သမိုင်းဝင်းအတွင်းရှိ ကျောင်းဆောင်များ (အုန်းတော၊ ကံ့ကော်၊ မေခ၊ သရဖီ၊ ဇွဲကပင်၊ ဂန္ဓမာ၊ ဟန်လင်း၊ နှင်းဆီအဆောင်များ) တွင် လည်းကောင်း၊  ကမာရွတ်နယ်မြေအတွင်းရှိ (ပြည်၊ ပုဂံ၊ တကောင်း)  အဆောင်များတွင် လည်းကောင်း၊  တတိယ နှစ်၊  စတုတ္ထနှစ်သို့  တက်ရောက်သည့်အခါ  ရန်ကုန် တက္ကသိုလ်ဝင်းအတွင်းရှိ (ရွှေဘို၊ မာလာ) အဆောင်များ တွင်လည်းကောင်း အသီးသီး နေထိုင်ခွင့်ရရှိကြပါသည်။ ရန်ကုန်တိုင်း(ထိုစဉ်ကအခေါ်) အတွင်း မြို့နယ်များမှ           စီးပွားရေးတက္ကသိုလ်ဝင်ခွင့်ရသည့်       စာရေးသူတို့ ကျောင်းသားကျောင်းသူများသည် နေ့ကျောင်းသားများ အဖြစ် တက်ရောက်ကြရပါသည်။
ထိုစဉ်က  စီးပွားရေးတက္ကသိုလ်တွင်  ဝါဏိဇ္ဇဘွဲ့၊ စီးပွားရေးပညာ (စာရင်းအင်း)၊ စီးပွားရေးပညာ (စာရင်း အင်း)  ဘွဲ့သုံးမျိုးကို ပေးအပ်ခဲ့ပြီး ဒုတိယနှစ်အပြီးတွင် သက်ဆိုင်ရာ ဘာသာရပ်အလိုက် ခွဲခြားတက်ရောက်ကြ ရပါသည်။  တက္ကသိုလ်အတန်းနှစ်အလိုက်၊ အဆောင် အလိုက်၊ ဘာသာရပ်အလိုက် အားကစား၊ အနုပညာနှင့် ကြက်ခြေနီလှုပ်ရှားမှုများ၊ တက္ကသိုလ်အရန်တပ်ရင်း၏ စစ်ပညာလေ့ကျင့်သင်ကြားပေးမှုများ၊   ဆိုရှယ်လစ် ခေတ်ဖြစ်သည့်အားလျော်စွာ လမ်းစဉ်လူငယ်လှုပ်ရှား မှုများရှိခဲ့ရာ   မိမိတို့ပါဝင်သည့်  လှုပ်ရှားမှုအလိုက်               ပြည်ထောင်စုတစ်ဝန်းလုံးမှ          လူငယ်မိတ်ဆွေ             သူငယ်ချင်းများနှင့်      ဆုံစည်းခင်မင်ခွင့်များ       ရရှိစေ ခဲ့ပါသည်။ 

ထိုစဉ်က ဆေး/ စက်မှု/ သွားဘက်ဆိုင်ရာ/ တိမွေး ကု/ စီးပွားရေးတက္ကသိုလ် စသည့်သက်မွေးဝမ်းကျောင်း တက္ကသိုလ်များရှိ ကျောင်းသားများကို တက္ကသိုလ် ပထမ နှစ်မှစ၍ တက္ကသိုလ်အရန်တပ်ရင်းတွင် ဝင်ရောက်ခွင့်ပြု၍ စစ်ပညာ နှစ် နှစ်သင်တန်း တက်ရောက်ခွင့်ပြုခဲ့သည့် အတွက် စာရေးသူသည် စီးပွားရေးတက္ကသိုလ် ပထမနှစ်၌ အမှတ် (၁) တက္ကသိုလ်လေ့ကျင့်ရေးတပ် (University Training Corp – UTC 1) သို့ ဝင်ရောက်ခဲ့ရာ အခြေခံ စစ်ပညာသင်တန်းများကို    ကျောင်းပိတ်ရက်များ၌ လှိုင်နယ်မြေအတွင်းရှိ ထီးကိုးလက်တွင် တက်ရောက် ခဲ့ရပါသည်။  ပထမနှစ်  နှစ်ဝက်ကျောင်းပိတ်ချိန်တွင် မိုးရာသီ    စခန်းသွင်းလေ့ကျင့်မှုကို   လှည်းကူးမြို့နယ် ဂျိုးဖြူတွင် စခန်းချလေ့ကျင့်ခဲ့ရာ သက်မွေးဝမ်းကျောင်း တက္ကသိုလ်အသီးသီးရှိ  ကျောင်းသားများ၊  ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်များမှ ကျောင်းသား မိတ်ဆွေများနှင့် ဆုံတွေ့ ရင်းနှီးခွင့်ကိုပါ ရရှိစေခဲ့ပါသည်။ 

ထိုခေတ်ကာလ လမ်းစဉ်ပါတီအစိုးရသည် နွေရာသီ ကျောင်းပိတ်ရက်များတွင် နိုင်ငံတစ်ဝန်းရှိ လူရည်ချွန်၊ စံပြကြက်ခြေနီ၊ လမ်းစဉ်လူငယ်၊ လေကြောင်းလူငယ်၊ ရေကြောင်းလူငယ်၊     လုပ်အားပေးလူငယ်များကို စုစည်း၍  စီမံကိန်းဝင်လူငယ်တွေ့ဆုံပွဲအဖြစ်  ရန်ကုန် မြို့တွင်    နှစ်စဉ်ကျင်းပခဲ့ပါသည်။   စာရေးသူသည် စီးပွားရေးတက္ကသိုလ်   ဒုတိယနှစ်   တက်ရောက်ဆဲ           ၁၉၈၄   ခုနှစ်  ဧပြီလတွင်  တက္ကသိုလ်လမ်းစဉ်လူငယ် ခေါင်းဆောင်သင်တန်း အမှတ်စဉ် (၂၄) သို့ တက်ရောက် ခွင့်ရရှိခဲ့ရာ ရန်ကုန်တက္ကသိုလ်နယ်မြေတွင် ဖွင့်လှစ်သော အဆိုပါသင်တန်းတွင်  ဒဂုံဆောင်တွင်  နေထိုင်ခဲ့ရပြီး နံနက်ပိုင်းတွင် သစ်ပုပ်ပင်အောက်နှင့်  ဝိဇ္ဇာခန်းမရှေ့ မြက်ခင်းပြင်များတွင် အခြေခံစစ်ပညာကိုလည်းကောင်း၊ နေ့လယ်ပိုင်းများတွင်   ဝိဇ္ဇာ/သိပ္ပံ  စာသင်ခန်းများ၌ ထိုစဉ်က လမ်းစဉ်ပါတီသဘောတရားနှင့် နိုင်ငံရေးသိပ္ပံ ဘာသာရပ်များကိုလည်းကောင်း   တက်ရောက်ခဲ့ကြ  ရပါသည်။   
  
သင်တန်းများတွင်   နိုင်ငံတစ်ဝန်းလုံးရှိ   တက္ကသိုလ်၊ ကောလိပ်အသီးသီးမှ   ကျောင်းသား ကျောင်းသူများ နှင့်သာမက    မြို့နယ်လမ်းစဉ်    လူငယ်ခေါင်းဆောင် သင်တန်း အမှတ်စဉ် (၂၃) သို့ တက်ရောက်လာသည့် နိုင်ငံတစ်ဝန်းရှိ     မြို့နယ်အသီးသီးမှ    ကျောင်းသား ကျောင်းသူများနှင့်လည်း   ဆုံစည်းခွင့်  ခင်မင်ရင်းနှီး ခွင့်များ  ရရှိခဲ့ပါသည်။  ရန်ကုန်မြို့ ကျိုက္ကဆံကွင်းနှင့် အင်းလျားလေးစခန်းတွင်   ပြုလုပ်သော   စီမံကိန်းဝင် လူငယ်တွေ့ဆုံပွဲနှင့်        တက္ကသိုလ်ရိပ်သာလမ်းရှိ တက္ကသိုလ်များ   ဓမ္မာရုံရှေ့   လူငယ်ဗဟိုမဏ္ဍပ်တွင် ကျင်းပသည့် သင်္ကြန်ပွဲတော်တွင် လည်းကောင်း  ပါဝင် ဆင်နွှဲကြရသဖြင့်  ထိုစဉ်က တွေ့ဆုံရင်းနှီးခဲ့သော လူငယ် မိတ်ဆွေများသည် နောင်တွင် တပ်ဘက်၊ နယ်ဘက်ဌာန ဆိုင်ရာများတွင်လည်းကောင်း၊ ယခုခေတ် လူမှုကွန်ရက် များ ပေါ်တွင်လည်းကောင်း ပြန်လည်ဆုံစည်းကြရပြီး တစ်သက်တာမိတ်ဆွေများအဖြစ်  ရင်းနှီးခွင့်  ရရှိစေခဲ့ ပါသည်။

စာရေးသူသည် တပ်မတော်သို့ ဝင်ရောက်ခဲ့သည့် အတွက်    ဒုတိယနှစ်   ကျောင်းတက်ဆဲကာလတွင် အမိစီးပွားရေးတက္ကသိုလ်ကို နှုတ်ဆက်ခွဲခွာခဲ့ရပြီး ၁၉၉၃ ခုနှစ်တွင် ရန်ကုန်အဝေးသင်တက္ကသိုလ်သို့ တက်ရောက် ခဲ့ရာ ၁၉၉၅ ခုနှစ်တွင် ပထဝီဝင်အဓိကဖြင့် ဝိဇ္ဇာဘွဲ့ ရရှိခဲ့ သဖြင့်    တက္ကသိုလ်နယ်မြေ   ဘွဲ့နှင်းသဘင်ခန်းမသို့ ပြန်လည်ခြေချခွင့်ရရှိခဲ့ပါသည်။

၁၉၉၉ ခုနှစ်တွင် ရန်ကုန်မြို့၌ တာဝန်ထမ်းဆောင်ခွင့် ရရှိချိန်တွင် ရန်ကုန်စီးပွားရေး တက္ကသိုလ် (လှိုင်နယ်မြေ) ရှိ စီမံခန့်ခွဲမှုပညာဌာနတွင် ဖွင့်လှစ်သော စီမံအုပ်ချုပ်မှု ပညာ ဒီပလိုမာ (Diploma in Management and Administration - D.M.A)    သင်တန်းဝင်ခွင့်စာမေးပွဲ ဖြေဆိုအောင်မြင်ခဲ့သဖြင့်   ဌာနဆိုင်ရာအကြီးအကဲ၏ ခွင့်ပြုချက်ဖြင့်  ၂၀၀၀  ပြည့်နှစ်မှ  ၂၀၀၂  ခုနှစ်အထိ အချိန်ပိုင်း နှစ်နှစ်သင်တန်းတက်ရောက်ခဲ့ရာ စီးပွားရေး တက္ကသိုလ်ကျောင်းတက်ဖက် သူငယ်ချင်းဟောင်းများ သာမက တပ်ဘက်၊  နယ်ဘက်ဝန်ထမ်းများ၊  ကုမ္ပဏီ/ အစိုးရမဟုတ်သော အဖွဲ့အစည်း (NGOs) ဝန်ထမ်းများ၊ လုပ်ငန်းရှင်များကိုပါ ခင်မင်ရင်းနှီးခွင့်ရရှိခဲ့ပါသည်။

တစ်ဆက်တည်းမှာပင် ၂၀၀၃ ခုနှစ်မှ ၂၀၀၄ ခုနှစ် အတွင်း ရန်ကုန်တက္ကသိုလ်တွင် လူ့စွမ်းအားရင်းမြစ်ဖွံ့ဖြိုး မှုအစီအစဉ်များအရ  စတင်ဖွင့်လှစ်သော  ကွန်ပျူတာ ဘွဲ့လွန်ဒီပလိုမာ     (Post-Graduate Diploma  in Computer  Science - P.D.C.S)     နှစ်နှစ်သင်တန်းကို  ရန်ကုန်တက္ကသိုလ်  ကွန်ပျူတာဌာနတွင်လည်းကောင်း၊ အင်္ဂလိပ်စာဌာနတွင်  ဖွင့်လှစ်သော  Global English Diploma သင်တန်း (Diploma in English) များကို လည်းကောင်း ပြီးဆုံးအောင်မြင်သည်အထိ တက်ရောက် ခွင့် ရရှိခဲ့ပါသည်။
နေပြည်တော်သို့ ပြောင်းရွှေ့ပြီးနောက် ၂၀၁၂ ခုနှစ် တွင် ရန်ကုန်အဝေးသင်တက္ကသိုလ်က Online စနစ်ဖြင့် ပထမဆုံး စတင်ဖွင့်လှစ်သည့် ဘွဲ့လွန်ဒီပလိုမာ (Post Graduate Diploma in Law - P.G.D.L) သင်တန်းသို့လည်း တက်ရောက်ခဲ့ပြီး အလုပ်သင်ရှေ့နေသင်ယူမှု ပြီးဆုံးသည့် ၂၀၁၈ ခုနှစ်တွင် အထက်တန်းရှေ့နေလက်မှတ် ရရှိခဲ့ပါ သည်။ လက်ရှိ၌လည်း ၂၀၁၉ ခုနှစ်တွင် နေပြည်တော်၌ ရန်ကုန်စီးပွားရေးတက္ကသိုလ်က ပထမဆုံး စတင်ဖွင့်လှစ် ခဲ့သော အမှုဆောင်များအဆင့် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု မဟာဘွဲ့ (EMPA) သင်တန်းသို့ တက်ရောက်နေဆဲဖြစ်ရာ တစ်သက်တာပညာရေး သင်ယူဆည်းပူးလျက် ရှိနေကြ သည့် အစိုးရ/ပုဂ္ဂလိက အလွှာအသီးသီးရှိ မျိုးဆက်သစ် မျိုးဆက်ဟောင်းများစွာနှင့်  ဆုံစည်းခွင့်ကိုလည်း  ရရှိ နေဆဲဖြစ်ပါသည်။

သမိုင်းအစဉ်အလာကောင်း ဘူမိနက်သန်နေရာ

ရန်ကုန်တက္ကသိုလ်၏သမိုင်းကို လေ့လာပါက မြန်မာ နိုင်ငံတွင်  ဖွင့်လှစ်လျက်ရှိသော  သက်မွေးဝမ်းကျောင်းတက္ကသိုလ်များ၊   ဝိဇ္ဇာသိပ္ပံတက္ကသိုလ်အများစုသည် ရန်ကုန်တက္ကသိုလ်ရှိ ယခင်မဟာဌာနများမှ စတင်သန္ဓေ တည်ပေါက်ဖွားလာခဲ့ခြင်းဖြစ်သကဲ့သို့ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ တက္ကသိုလ်အသီးသီးရှိ တက္ကသိုလ်၊ ကောလိပ်များကိုလည်း       ရန်ကုန်တက္ကသိုလ်ဆင်း ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီး၊ ပါမောက္ခဌာနမှူးများ စသည့် ဆရာကြီး ဆရာမကြီးများဖြင့် စတင်ထူထောင် ခဲ့ကြသည်ကို တွေ့ရှိရမည် ဖြစ်ပါသည်။ 

တက္ကသိုလ်နှစ်တစ်ရာပြည့် အထိမ်းအမှတ်အဖြစ် ယခု ၂၀၂၀ ပြည့်နှစ် တစ်နှစ်ပတ်လုံး သတင်းစာများတွင် အမိရန်ကုန်တက္ကသိုလ်က ခေတ်အဆက်ဆက် မွေးထုတ် ပေးခဲ့သည့် ကမ္ဘာသိ  မြန်မာသိနိုင်ငံခေါင်းဆောင်များ၊ ပညာရှင်များ၊ အနုပညာရှင်များ၊ အားကစားမောင်မယ် များ၏ ဂုဏ်ယူဖွယ်ရာ အတ္ထုပ္ပတ္တိများကို ဆောင်းပါးရှင် အသီးသီး၏   ရေးသားတင်ပြမှုများကြောင့်   နိုင်ငံ့                 သားကောင်း သမီးကောင်း ထူးချွန်ပုဂ္ဂိုလ်များ၏ အစဉ် အလာကောင်းများ၊ စံနမူနာကောင်းများကို မျိုးဆက်သစ် များအနေဖြင့် ဂုဏ်ယူစွာ ဆက်လက်ကြိုးပမ်း လက်ဆင့် ကမ်းနိုင်ရေးအတွက် အင်အားသစ်များကို ဖြစ်ပေါ်စေခဲ့ ပါသည်။

သို့ဖြစ်ရာ   ရန်ကုန်တက္ကသိုလ်ကြီးသည်   နိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှုကာလတွင်   လည်းကောင်း၊ လွတ်လပ်ရေးရပြီးကာလ    ခေတ်ကာလအခြေအနေ အမျိုးမျိုးတွင် လည်းကောင်း နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ အားကစား၊ ရုပ်ရှင်၊ ဂီတနယ်ပယ် ကဏ္ဍအသီးသီးအတွက် မျိုးဆက်သစ်များကို ပုံသဏ္ဌာန် မျိုးစုံဖြင့်   မွေးထုတ်ပေးခဲ့သည့်   ဘူမိနက်သန်အဖြစ် ရပ်တည်လာခဲ့မှုသည် ထင်ရှားလျက်ရှိပါသည်။

လေပြည်ထဲတွင် ငယ်ရုပ်ဆင်ပါစေ

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့ ညနေ ၅ နာရီ တွင် ရန်ကုန်တက္ကသိုလ် ရာပြည့်သဘင် အထိမ်းအမှတ် အခမ်းအနားကို Virtual စနစ်ဖြင့် ကျင်းပခဲ့ရာ အခမ်း အနားသို့ နိုင်ငံ့အကြီးအကဲများနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဝမ်းမြောက်စကားများ၊ ဆန္ဒပြုဆုတောင်းစကား များကို  Video  Message  များဖြင့်  ပေးပို့ခဲ့ကြပါသည်။ 

ထို့ပြင် တက္ကသိုလ်နှစ်တစ်ရာပြည့် အထိမ်းအမှတ် အဖြစ် မီဒီယာအသီးသီးတွင် တစ်နှစ်တာလုံး ဖော်ပြခဲ့ကြ သည့်ဆောင်းပါးများ၊   တာဝန်ရှိသူများနှင့်  တွေ့ဆုံ မေးမြန်းမှုများအရ ရန်ကုန်တက္ကသိုလ်ကို အရှေ့တောင် အာရှဂုဏ်ဆောင်    နိုင်ငံတကာအဆင့်မီတက္ကသိုလ် အဆင့်သို့ ပြန်လည်တက်လှမ်းနိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်နေမှုများ၊ လွတ်လပ်စွာ ကိုယ်ပိုင်စီမံခန့်ခွဲခွင့် ရှိသည့်တက္ကသိုလ်အဖြစ်   ဦးတည်လျက်  တက္ကသိုလ် အဆင့်မြှင့်တင်မှု    လုပ်ငန်းများကို   မဟာဗျူဟာဖြင့်             ရေးဆွဲကြိုးပမ်းအကောင်အထည်ဖော်နေမှု အခြေအနေ များကိုပါ အားတက်ဖွယ် သိရှိခွင့်ရရှိခဲ့ကြပါသည်။

ကြုံတောင့်ကြုံခဲ  နှစ်တစ်ရာပြည့်အခါသမယကို ဆုံတွေ့ခွင့်ရရှိသည့်ကာလ၌  ၂၀၁၉  ခုနှစ်တွင်  ကမ္ဘာ တစ်ဝန်း  စတင်ပေါ်ပေါက်ခဲ့ပြီး တစ်ကျော့ပြန် ထပ်မံ ခြိမ်းခြောက်လျက်ရှိနေသော ကိုဗစ် ၁၉ ရောဂါ အပေါ် တားဆီးကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် နိုင်ငံတော် အစိုးရနှင့် ပြည်သူများသည် ကျန်းမာရေးဆိုင်ရာ စိန်ခေါ် မှုများနှင့် အခက်အခဲများကို ရင်ဆိုင်ကျော်လွှားနေရချိန် လည်း ဖြစ်ပါသည်။ ဤအခြေအနေတွင်  လွတ်လပ်ရေး ရပြီးကာလ ၁၀-၁-၁၉၄၉ ရက်နေ့ တာရာမဂ္ဂဇင်းတွင် ဖော်ပြခဲ့သည့်  ဆရာကြီးမင်းသုဝဏ်၏  ပျဉ်းမငုတ်တို ကဗျာကို သတိရလျက် အမိမြန်မာနိုင်ငံတော်နှင့် အမိ ရန်ကုန်တက္ကသိုလ်ကြီး၏  နိမိတ်ပုံကို  ထင်ဟပ်ခံစား            မြင်ယောင်လာမိပါသည်။   

“ဖုထစ်ရွတ်တွ ငှက်ဠင်းတသို့
ပျဉ်းမငုတ်တို သက်ကြားအိုသည်
ကုန်းမိုထက်တွင် တပင်တည်း။
ခွဆုံအကွေး၊ သစ်ခေါင်းဆွေးလည်း
အဖေးတက်လှာ အိုင်းအမာသို့
ကျယ်စွာဟက်ပက် ခြအိမ်ပျက်။
ကုန်းမိုကမ်းပါး မြေပက်ကြားတွင်
စစ်သားခမောက်ပိန်ခြောက်ခြောက်လည်း
စစ်ရောက်စခန်း လက်ပြညွှန်း။
ထိုပင်ငုတ်တို ပျဉ်းမအိုသည်
စစ်ကိုလည်းကြုံ ခြအုံလည်းဖြစ်
ဓားထစ်လည်းခံ နေလျှံလည်းတိုက်
လေပြင်းခိုက်လဲ မငိုက်ဦးခေါင်း
နွေသစ်လောင်းသော်
ရွက်ဟောင်းညှာကြွေ ရွက်သစ်ဝေ၍
လေပြေထဲတွင် ငယ်ရုပ်ဆင်သည်
အသင်ယောက်ျားကောင်းတကား။” (မင်းသုဝဏ်)

အနာဂတ် ပြည်ထောင်စုကြီးအတွက် အားတက် ဖွယ် နှစ်တစ်ရာပြည့်   အမျိုးသားအောင်ပွဲနေ့  ဦးတည် ချက်၊ မျှော်မှန်းချက်ဆောင်ပုဒ်များနှင့်အတူ ထိုအချက် များ အောင်မြင်စေရေးအတွက် နိုင်ငံတော်အစိုးရ၊  ဌာန ဆိုင်ရာများ၊ ကျောင်းသား ကျောင်းသူများ၊  မိဘပြည်သူ များ၊ အသိပညာရှင်/အတတ်ပညာရှင်များ၊ နိုင်ငံ့ဝန်ထမ်း များ၊  ပုဂ္ဂလိကလုပ်ငန်းရှင်များ၊   ပြည်ထောင်စုဖွား တိုင်းရင်းသား  ပြည်သူအားလုံး၏   စုစည်းညီညွတ်မှု၊ ဝိုင်းဝန်းပူးပေါင်း   အကောင်အထည်ဖော်မှုများဖြင့် ရွက်ဟောင်းညှာကြွေ ရွက်သစ်ဝေမည့် ကိုဗစ် ၁၉ အလွန် ကာလ    လေပြည်ထဲတွင်    ထူးချွန်ထက်မြက်သော ယောက်ျားကောင်း    မိန်းမမြတ်    နိုင်ငံ့သားကောင်း သမီးကောင်းများဖြင့်   အမိရန်ကုန်တက္ကသိုလ်ကြီးနှင့် အမိမြန်မာနိုင်ငံတော်ကြီးကို  ငယ်ရုပ်ဆင်နိုင်ကြစေ ကြောင်း ဆန္ဒပြုတင်ပြလိုက်ရပါသည်။

ရည်ညွှန်း
 - မြန်မာနိုင်ငံပညာရေးစီမံခန့်ခွဲမှု    ပြောင်းလဲ ဖြစ်ပေါ်လာပုံ  (၁၈၂၄-၁၉၅၈) -  ဦးသာကျော်။ ပထမအကြိမ် (သြဂုတ်လ ၂၀၁၅) ထုတ်ဝေသူ
 -  Hub Myanmar ။ 
 - ၂၁-၁၁-၂၀၁၉ ကြေးမုံသတင်းစာခေါင်းကြီး - အမျိုးသားအောင်ပွဲ။ 
 - အမျိုးသားနေ့ ရွှေရတုအထိမ်းအမှတ်စာစောင်။ 
 - List of colonial governors of Burma; https://en.wikipedia.org / wiki/ List  of   colonial-  governors   of    Burma    အင်တာနက် စာမျက်နှာ။
 - ရန်ကုန်စီးပွားရေးတက္ကသိုလ်  နှစ်  ၅၀   ပြည့် ရွှေရတုနှစ်ပတ်လည်မဂ္ဂဇင်း။ 
 - တစ်သက်တာမှတ်တမ်းနှင့်     အတွေးအခေါ်               များ - ရွှေဥဒေါင်း။ 
 - ကျွန်တော်ဗြူရိုကရက် - လူထုဦးလှ။ 

“ဆောင်းပါးရှင်၏ 
ကိုယ်ရေးအကျဉ်း”
----------------------
 - အမည်ရင်း - ဦးလင်းအောင် 
 - ငယ်နာမည် - ဝင့်သူဝင်း
 - ၁၉၈၂ ခုနှစ်တွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်သို့ စတင် တက်ရောက်ခဲ့ပါသည်။
 - ၁၉၈၄ ခုနှစ်တွင် တပ်မတော်သို့ ဝင်ရောက်ခဲ့သည်။ 
 - ၁၉၉၅ ခုနှစ်တွင် ရန်ကုန်အဝေးသင်တက္ကသိုလ်မှ ပထဝီဝင်အဓိကဖြင့် ဝိဇ္ဇာဘွဲ့ရရှိခဲ့သည်။
 - ၂၀၀၂ ခုနှစ်တွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ စီမံအုပ်ချုပ်မှုဒီပလိုမာ၊ ၂၀၀၆ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်မှ   ဘွဲ့လွန်ကွန်ပျူတာဒီပလိုမာနှင့်           အင်္ဂလိပ်စာဒီပလိုမာများ ရရှိခဲ့သည်။
 - လက်ရှိတွင်    ရန်ကုန်စီးပွားရေးတက္ကသိုလ်က ၂၀၁၉ ခုနှစ်၌ နေပြည်တော်တွင်  စတင်ဖွင့်လှစ် သော အမှုဆောင်များအဆင့် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုမဟာဘွဲ့သင်တန်းသို့ တက်ရောက်နေဆဲ ဖြစ်သည်။